ပရီးမီးယားလိဂ်ပြိုင်ပွဲဆိုတာက ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးပြိုင်ပွဲဖြစ်ပြီး ဒီလိုလိဂ်မျိုးမှာ နည်းပြအဖြစ် ဆောင်ရွက်ခွင့် ရတာက ကံကောင်းတယ်လို့ ပြောရမှာပါ။ လက်ရှိပရီးမီးယားလိဂ် ကလပ်အသင်း(၂၀)ရဲ့ နည်းပြတွေအနေနဲ့ ကိုယ့်အသင်း ရလဒ်ကောင်းအောင် ကြိုးစားနေရပြီး ဖိအားတွေအောက်မှာ ရုန်းကန်နေရတာဖြစ်ပါတယ်။ နည်းပြအများစုက ဘောလုံးသမားဘ၀ကို ဖြတ်သန်းပြီးမှ နည်းပြအဖြစ် ပြောင်းလဲသူတွေဖြစ်တာကြောင့် ကိုယ်ပိုင် Idea တွေ အသီးသီးရှိကြပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ်အသင်းတချို့က နည်းပြတွေ ကစားသမားဘ၀မှာ ဘယ်လိုဖြတ်သန်းခဲ့လဲ၊ ဘယ်လောက်အထိ အောင်မြင်ခဲ့ကြလဲဆိုတာ ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ် . .

Pep Guardiola (Manchester City)

ဒီစာရင်းရဲ့ နံပါတ်(၁)အဖြစ် သတ်မှတ်ရမှာက မန်စီးတီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ကို စိုးမိုးထားတဲ့ ဂွါဒီယိုလာ Pep Guardiola ပါပဲ။ ဒီနည်းပြဟာ အောင်မြင်မှုတွေ ရယူဖို့အတွက် ဖြစ်လာသလားလို့တောင် မေးခွန်းထုတ်ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကစားသမားဘ၀မှာရော၊ နည်းပြဘ၀မှာပါ အဓိက ဆုဖလားတွေ ရယူနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ ကစားဘ၀မှာ အောင်မြင်မှုအများဆုံးက ဘာစီလိုနာအသင်းနဲ့ဖြစ်ပြီး လာလီဂါ(၅)ကြိမ်၊ စပိန်ဘုရင့်ဖလား (၂)ကြိမ်နဲ့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပဖလား(ချန်ပီယံလိဂ်)ကို ၁၉၉၂ မှာ ရရှိခဲ့ပါတယ်။ နည်းပြဘ၀မှာလည်း ဘာစီလိုနာနဲ့အတူ မယုံနိုင်လောက်အောင် အောင်မြင်ခဲ့သလို သူကိုင်တွယ်ခဲ့တဲ့အသင်းတိုင်းမှာ ဖလားမရဖူးတာ မရှိပါဘူး။

Ole Gunnar Solskjaer (Manchester United)

မန်ယူ ကစားသမားဘ၀တုန်းက “Baby-faced Assassin” ဆိုတဲ့ အမည်ပြောင်နဲ့ ပြိုင်ဘက်ခံစစ်တိုင်းရဲ့ အိပ်မက်ဆိုးဖြစ်ခဲ့သူက ဆိုးလ်ရှား Ole Gunnar Solskjaer ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်(၆)ကြိမ်၊ FA ဖလား (၂)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်ဆိုတဲ့ မှတ်တမ်းက မန်ယူကစားသမားတွေသာ စွမ်းဆောင်နိုင်တဲ့ မှတ်တမ်းဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုးလ်ရှားရဲ့ နည်းပြဘ၀ကတော့ မလှပသေးဘဲ မန်ယူကစားသမားဘ၀တုန်းက အောင်မြင်မှုတစ်ဝက်လောက်သာ မန်ယူနည်းပြဘ၀မှာ ရရှိခဲ့ရင်ပဲ ပရိသတ်တွေအတွက် ကျေနပ်စရာဖြစ်လာမှာပါ။

Frank Lampard (Chelsea)

ချယ်လ်ဆီးအသင်းရဲ့ ဂန္ထ၀င်ကစားသမားတွေထဲက တစ်ဦးဖြစ်သူ လမ်းပတ် Frank Lampard ကတော့ ဂန္ထ၀င်နည်းပြထဲမှာ စာရင်းပေါက်အောင် ကြိုးစားရဦးမှာပါ။ ကစားသမားဘ၀တုန်းက ပရီးမီးယားလိဂ်၊ FA ၊ ယူရိုပါလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေ ရယူခဲ့ပြီး ချယ်လ်ဆီးအသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားသူဖြစ်ပါတယ်။ လမ်းပတ်လည်း ဆိုးလ်ရှားလို ကစားသမားဘ၀က အောင်မြင်ခဲ့တဲ့အတိုင်း နည်းပြဘ၀မှာလည်း အောင်မြင်မှုရယူဖို့ လိုအပ်နေပါပြီ။

Mauricio Pochettino (Tottenham)

အင်္ဂလန်အသင်းရဲ့ အမာခံပရိသတ်တွေကတော့ ပိုချက်တီနို Mauricio Pochettino ကို ကစားသမားဘ၀မှာ ကောင်းကောင်း မှတ်မိကြပါလိမ့်မယ်။ ၂၀၀၂ ကမ္ဘာ့ဖလား အုပ်စုပွဲအဖြစ် အာဂျင်တီးနားနဲ့ အင်္ဂလန်ကစားခဲ့တုန်းက အင်္ဂလန်အသင်း ပယ်နယ်တီရအောင် အစွမ်းပြခဲ့လို့ဖြစ်ပါတယ်။ ပိုချက်တီနိုရဲ့ ကစားသမားဘ၀က အရမ်းကြီးအောင်မြင်ခဲ့တာတော့ မဟုတ်ပါဘူး။ အက်စ်ပန်ညိုအသင်းမှာ (၁၀)နှစ်ကစားခဲ့ပြီး စပိန်ဘုရင့်ဖလား (၂)ကြိမ်ရယူခဲ့သလို နယူးဝဲလ်အိုးဘွိုင်းစ်၊ PSG အသင်းတို့နဲ့လည်း ဆုဖလားတွေ ရယူခဲ့ပါတယ်။ ကစားသမားဘ၀တုန်းက ကြီးကြီးမားမား အောင်မြင်မှု မရခဲ့တဲ့ ပိုချက်တီနိုဟာ နည်းပြဘ၀မှာလည်း ထူးထူးခြားခြား ဆုဖလားအောင်မြင်မှု မရသေးပါဘူး။

Jurgen Klopp (Liverpool)

လီဗာပူးလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူခဲ့တဲ့ ယာဂန်ကလော့ပ် Jurgen Klopp ကတော့ ဘောလုံးသမားဘ၀မှာ Talented Player မဖြစ်ခဲ့ပါဘူး။ ဂျာမန်ကလပ်အသင်းတွေမှာ ကစားသမားဘ၀ ဖြတ်သန်းခဲ့ပြီး မိန့်ဇ်အသင်းမှာ လူသိများခဲ့သလို အသင်းရဲ့ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ထူးခြားတာက ကလော့ပ်ဟာ ကစားသမားဘ၀အစပိုင်းတုန်းက နောက်ခံလူဖြစ်ပေမယ့် နောက်ပိုင်းမှာတော့ တိုက်စစ်မှူးအဖြစ် ပြောင်းလဲကစားခဲ့တာပါ။ မိန့်ဇ်အသင်းမှာ ကစားသမားဘ၀ ကုန်ဆုံးပြီးတဲ့နောက် ၂၀၀၁ ခုနှစ်အရောက်မှာ နည်းပြလောကထဲ ၀င်ခဲ့ပြီး အဲဒီအချိန်ကစလို့ ကလော့ပ်ရဲ့ နည်းပြဘ၀က ရပ်တန့်လို့ မရတဲ့အောင်မြင်မှုတွေ ဆက်တိုက်ရယူခဲ့ပါတယ်။

ပရီးမီးယားလိဂ် အသင်းတချို့က နည်းပြတွေရဲ့ ကစားသမားဘ၀ ဖြတ်သန်းမှုများ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည် . .

REF:talksport
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com