ဥရောပထိပ်သီးလိဂ်ပြိုင်ပွဲတွေမှာ ပရီးမီးယားလိဂ်ဟာ ပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနဲ့ ပရိသတ်စိတ်ဝင်စားမှု အများဆုံးပြိုင်ပွဲလို့ သတ်မှတ်ရမယ်။ ဒီလိုပြိုင်ပွဲမျိုးမှာ စံချိန်တစ်ခုတင်ရှိနိုင်ဖို့ဆိုတာက မလွယ်ကူတဲ့ကိစ္စပါပဲ။ ဒါပေမဲ့လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စံချိန်တွေရေးထိုးခဲ့ကြတဲ့ ဂန္ထ၀င်ကစားသမားတွေ ရှိကြပြီး သူတို့ဟာ တစ်ခေတ်တစ်ခါတုန်းက အကောင်းတကာ့အကောင်းဆုံးလို့ သတ်မှတ်ရမယ့်သူတွေဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စံချိန်သစ်တွေတင်ရှိခဲ့တဲ့သူတွေထဲက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံး သွင်းဂိုးပိုင်ရှင် ထိပ်ဆုံး(၅)ဦးကို ဖော်ပြအပြီး အခု ကျန်တဲ့(၅)ဦးကို အပိုင်း(၂)အဖြစ် ဖော်ပြလိုက်ပါတယ် . . .

Dwight Yorke (Coventry v Aston Villa 1995/96)

ဒွိုက်ယော့ခ် Dwight Yorke ဆိုရင် ဘောလုံးပရိသတ်တွေ မသိသူမရှိပါဘူး။ မန်ယူအသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည်ကစားသမားတစ်ဦးဖြစ်ခဲ့သူပါ။ အမြဲတမ်း ပြုံးနေတတ်ပေမယ့် ကိုယ့်အသင်း အနိုင်ရဖို့လိုလာပြီဆိုရင်တော့ အသည်းပေါက်မတတ်ကစားလေ့ရှိသူလည်းဖြစ်ပါတယ်။ ဒွိုက်ယော့ခ်ဟာ အက်စတွန်ဗီလာအသင်းမှာ ကစားခဲ့စဉ်အချိန်က ၁၉၉၅-၉၆ ရာသီကိုဗင်ထရီအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် အဖွင့်ဂိုးကို (၁၂.၁၆)စက္ကန့်နဲ့ သွင်းယူခဲ့ပြီး ဒါဟာ တစ်ချိန်တုန်းက ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးသွင်းဂိုးဖြစ်ခဲ့တယ်။

Chris Sutton (Everton v Blackburn 1994/95)

အင်္ဂလန်နာမည်ကျော် တိုက်စစ်မှူးဟောင်း ခရစ္စဆပ်တန် Chris Sutton ကို အခုနောက်ပိုင်း ပရိသတ်တွေ သိပ်ပြီးရင်းနှီးမှာ မဟုတ်လောက်ပါဘူး။ ဒါပေမဲ့ ဘလက်ဘန်းအသင်းမှာ အလန်ရှီးယား Alan Shearer နဲ့တွဲဖက်ပြီး ပရီးမီးယားလိဂ်ချန်ပီယံ ရယူခဲ့သူ၊ SAS (Shearer And Sutton)တိုက်စစ်အတွဲဆိုတဲ့ အမည်နဲ့ ပရီးမီးယားလိဂ်ခေတ်ဦးမှာ စိုးမိုးခဲ့သူဖြစ်ပါတယ်။ ဆပ်တန်ဟာ ဘလက်ဘန်းအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၉၄-၉၅ ရာသီတုန်းက အဲဗာတန်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ပွဲအစ(၁၂.၉၄)စက္ကန့်မှာပဲ ဂိုးသွင်းခဲ့ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးသွင်းဂိုးစာရင်းမှာ အဆင့်(၇)နေရာ ချိတ်ခဲ့ပါတယ်။

Kevin Nolan (Blackburn v Bolton 2003/04)

၂၀၀၀ ကျော်ကာလတွေမှာ အသင်းကြီးတွေကို ဒုက္ခပေးခဲ့တဲ့ ဘော်လ်တန်အသင်းရဲ့ ကွင်းလယ်ကို အကောင်းဆုံးဦးဆောင်ခဲ့သူက ကီဗင်နိုလန် Kevin Nolan ဖြစ်ပါတယ်။ သူဟာ ၂၀၀၃-၀၄ ရာသီတုန်းက ဘလက်ဘန်းအသင်းနဲ့ ကစားခဲ့တဲ့ပွဲမှာ အဖွင့်ဂိုးကို (၁၃.၄၈)စက္ကန့်မှာ သွင်းယူခဲ့တာပါ။ အခုတော့ ကီဗင်နိုလန်ဟာ ဘောလုံးသမားဘ၀ကနေ အနားယူပြီး နည်းပြလောကထဲကို လျှောက်လှမ်းနေပါပြီ။

James Beattie (Chelsea v Southampton 2004/05)

ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့တဲ့ ဘီတီ James Beattie ကို ပရိသတ်တချို့ကတော့ မှတ်မိကြပါဦးမယ်။ ဆောက်သမ်တန်အသင်းနဲ့အတူ အမြင့်ပျံခဲ့တဲ့ ဘီတီဟာ ၂၀၀၄-၀၅ ရာသီတုန်းက ချယ်လ်ဆီးအသင်းဘက်ကို (၁၃.၅၂)စက္ကန့်နဲ့ ဂိုးသွင်းခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးသွင်းဂိုးစာရင်းမှာ တစ်ဦးအပါအ၀င်အဖြစ် မှတ်တမ်းဝင်ခဲ့တယ်။

Asmir Begovic (Stoke v Southampton 2013/14)

ဒီစာရင်းမှာ ထူးထူးခြားခြားပါဝင်နေတာကတော့ လက်ရှိဘုန်းမောက်အသင်းရဲ့ ဂိုးသမား ဘီဂိုဗစ် Asmir Begovic ပါပဲ။ ပို့စ်မောက်၊ စတုတ်စီးတီး၊ ချယ်လ်ဆီးအသင်းတို့မှာ ကစားခဲ့သူ ဘီဂိုဗစ်ဟာ ၂၀၁၃-၁၄ ရာသီတုန်းက ဆောက်သမ်တန်နဲ့ ရင်ဆိုင်ခဲ့ရတဲ့ပွဲမှာ (၁၃.၆၄)စက္ကန့်နဲ့ ဂိုးသွင်းခဲ့တာဖြစ်ပြီး ကိုယ့်ပယ်နယ်တီဧရိယာအတွင်းကနေ ကန်တင်လိုက်တဲ့ ဘောလုံးက ဂိုးဝင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီဂိုးအကွာအဝေးက (၉၇.၅)ကိုက်အထိရှိတာကြောင့် ဂင်းနစ်ကမ္ဘာ့စံချိန်ပါ တင်နိုင်ခဲ့တာဖြစ်ပါတယ်။

ပရိသတ်ကြီးရေ . . ဒါကတော့ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံးသွင်းဂိုးပိုင်ရှင် ကစားသမားတွေဖြစ်ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို ဆက်လက်ဖော်ပြသွားမှာဖြစ်လို့ ပရိသတ်တွေ အားပေးကြပါဦး . . .

ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံးသွင်းဂိုးတွေကို ကြည့်ရန် ရုပ်သံလင့်ခ်

REF:Premier League
Photo:Stoke City FC
Naing Linn(Akhayar)
www.akhayar.com