ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ရာသီမှာ ပရီးမီးယားလိဂ်ကလပ်တွေဟာ စံချိန်တင်ဝင်ငွေရရှိခဲ့သလို ကစားသမားတွေကို ပေးချေနေရတဲ့ လစာငွေပမာဏကလည်း မြင့်တက်လာခဲ့ပါတယ်။ နာမည်ကျော်စီးပွားရေးကုမ္ပဏီ Deloitte နဲ့ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ဘဏ္ဍာရေးအခြေအနေကို စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Vysyble တို့က ထုတ်ပြန်ချက်အရ ၂၀၁၇-၁၈ ရာသီမှာ ပရီးမီးယားလိဂ်ကလပ်တွေဟာ စုစုပေါင်းဝင်ငွေအဖြစ် ပေါင်(၄.၈)ဘီလီယံအထိ ရရှိခဲ့ပြီး၂၀၁၆-၁၇ ရာသီကထက် ပေါင်သန်း(၂၀၀) ပိုမြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကလပ်တွေရဲ့ လစာငွေပေးချေမှု အသုံးစရိတ်ကလည်း မြင့်တက်လာခဲ့ပြီး ပေါင်(၂.၉)ဘီလီယံအထိ ရှိခဲ့တာကြောင့် ၂၀၁၆-၁၇ ရာသီကထက် ပေါင်သန်း(၄၀၀) ပိုများလာခဲ့တာပါ။

ဝင်ငွေတိုးလာတာနဲ့အတူ ကျန်တဲ့ကုန်ကျစရိတ်တွေ များပြားလာတဲ့အတွက် ပရီးမီးယားလိဂ်ကလပ်တွေရဲ့ အမြတ်ငွေက (၁၆)ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး (၀.၉)ဘီလီယံသာရှိခဲ့ပါတယ်။ ၂၀၁၆-၁၇ ရာသီမှာ ပရီးမီးယားလိဂ်ကလပ်အားလုံးရဲ့ အခွန်မနုတ်ခင် စုစုပေါင်းအမြတ်ငွေပမာဏက စံချိန်တင်အဖြစ် ပေါင်(၀.၅)ဘီလီယံအထိရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ရာသီက (၀.၄)ဘီလီယံကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်ကြီး(၆)ကြီးထဲက (၅)သင်းအထိ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်ရရှိခဲ့ပြီး အာဆင်နယ်အသင်းက ယူရိုပါလိဂ်ဝင်ခွင့်ရရှိခဲ့တယ်။ ချန်ပီယံလိဂ်မှာ ပရီးမီးယားလိဂ်(၅)သင်းဝင်ခွင့် ရရှိခဲ့တာကြောင့် ရုပ်သံဝင်ငွေ၊ ကွင်းဝင်ကြေးအပါအ၀င် ကဏ္ဍအသီးသီးမှာ ၀င်ငွေရရှိမှုတိုးတက်ခဲ့တာက ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ကလပ်တွေ ၀င်ငွေမြင့်တက်လာခြင်းရဲ့ အဓိကအကြောင်းရင်းပါပဲ။ Vysyble ရဲ့ ထုတ်ပြန်ချက်အရ ပရီးမီးယားလိဂ်ကလပ်တွေရဲ့ ပြီးခဲ့တဲ့ရာသီ အခွန်မနုတ်ခင် အမြတ်ငွေ(၀.၄)ဘီလီယံထဲက (၈၉)ရာခိုင်နှုန်းဖြစ်တဲ့ ပေါင်(၄၀၁)သန်းက ပရီးမီးယားလိဂ်ကြီး(၆)ကြီးရဲ့ ၀င်ငွေဖြစ်ပြီး ၂၀၁၆-၁၇ ရာသီက ပေါင်(၁၇၉)သန်းသာရှိခဲ့တာကြောင့် (၃၆)ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုးရွားတဲ့အချက်တစ်ခုက ပရီးမီးယားလိဂ်ကြီး(၆)ကြီးနဲ့ ကျန်တဲ့အသင်းတွေရဲ့ ၀င်ငွေကွဟချက်က တဖြည်းဖြည်းကြီးမားလာတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်ကဆိုရင် အဆင့်(၂)နေရာက မန်ယူနဲ့ အဆင့်(၂၀)က ၀က်စ်ဘရွန်းအသင်းတို့ရဲ့ ၀င်ငွေကွာဟချက်က ပေါင်(၄၆၅)သန်းအထိရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကြီးမားဆုံးကွာဟချက်ဖြစ်ခဲ့ရပါတယ်။

REF:Sky Sports
Photo:DNA India,Irish Examiner
Naing Linn(Akhayar)
www.akhayar.com