မန်စီးတီး၊ မန်ယူ၊ လီဗာပူးလ်အပါအ၀င် ပရီးမီးယားလိဂ်ကြီး (၆)ကြီးဟာ ငွေကြေးအင်အားနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်ဆီးနေတယ်လို့ စစ်တမ်းတစ်ခုက ဖော်ပြခဲ့ပါတယ်။ Vysyble လို့ အမည်ရတဲ့ ဘဏ္ဍာရေးစစ်တမ်းကောက်ခံတဲ့အဖွဲ့က ပရီးမီးယားလိဂ်ပြိုင်ပွဲက ရတဲ့ဝင်ငွေတွေထဲက (၅)ပုံ (၃)ပုံနီးပါးဟာ ကြီး(၆)ကြီးအသင်းတွေပဲ ရရှိနေကြပြီး ကျန်တဲ့အသင်းတွေနဲ့ ၀င်ငွေရရှိမှု ကွာဟချက်က များပြားလွန်းတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ထိပ်သီး(၆)သင်းဟာ ၀င်ငွေပေါင်(၂.၇၇)ဘီလီယံကို ခွဲဝေယူကြတာဖြစ်ပြီး ဒါဟာ ၂၀၁၇-၁၈ ရာသီထက် ပေါင်(၂၄၇)သန်း ပိုများပါတယ်။ ကျန်တဲ့ (၁၄)သင်းကတော့ ပေါင်(၂.၀၅)ဘီလီယံကို ခွဲဝေယူကြပြီး ကြီး(၆)ကြီး ရရှိတဲ့ ပမာဏထက် (၀.၇၂)ဘီလီယံ ပိုနည်းသလို ၂၀၁၇-၁၈ ရာသီက ရရှိတဲ့ဝင်ငွေထက် ပေါင်(၁၀)သန်း ပိုနည်းသွားပါတယ်။

ပိုဆိုးတာက ထိပ်ဆုံး(၆)သင်းနဲ့ အဆင့်(၇)နေရာကအသင်းကြားမှာ ၀င်ငွေရရှိမှု ကွာဟချက်ကို ပိုမြင့်တက်လာတာဖြစ်ပြီး ဥပမာပြောရရင် စပါးအသင်းနဲ့ အဲဗာတန်အသင်းတို့ကြားက ၀င်ငွေကွာဟချက်က စံချိန်တင်အဖြစ် ပေါင်(၁၉၁)သန်းအထိရှိခဲ့ပါတယ်။ ၂၀၀၈-၀၉ ရာသီတုန်းကတောင် အဆင့်(၆)နဲ့ အဆင့်(၇)အသင်းကြားမှာ ၀င်ငွေကွာဟမှုက ပေါင်(၁.၈)သန်းသာရှိခဲ့တာကြောင့် (၁၀)စုနှစ်တစ်ခုအတွင်းမှာ အဆ(၁၀၀)ကျော် မြင့်တက်ခဲ့တာပါ။ ဒါ့အပြင် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်လို ဥရောပပြိုင်ပွဲတွေမှာ ဆုကြေးငွေ ပေးတာတွေကလည်း (၁)နှစ်ထက် (၁)နှစ် ပိုမြင့်တက်လာတာကြောင့် ပရီးမီးယားလိဂ်ထိပ်သီး(၆)သင်းရဲ့ ၀င်ငွေရရှိမှုကို တခြားအသင်းတွေ ဘယ်လိုမှ မယှဉ်နိုင်အောင်ဖြစ်နေပါပြီ။ Vysyble အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်သူ Roger Bell က “ပရီးမီးယားလိဂ်ကြီး(၆)ကြီးရဲ့ ၀င်ငွေတွေ မြင့်တက်နေချိန်မှာ ကျန်တဲ့(၁၄)သင်းကတော့ ၀င်ငွေရရှိမှုရော၊ ကွင်းတွင်းစွမ်းဆောင်ရည်မှာပါ ဘယ်လိုမှ မယှဉ်သာအောင်ဖြစ်နေပါပြီ။ ထိပ်သီး(၆)သင်းဟာ ၀င်ငွေသာမက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျန်တဲ့အသင်းတွေထက် အပြတ်အသတ်ဖြစ်နေတာကိုလည်း တွေ့ရမှာပါ။ ပရီးမီးယားလိဂ်ကြီး(၆)ကြီးဟာ ငွေကြေးအင်အားနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဖျက်ဆီးနေပါပြီ”လို့ ဝေဖန်ခဲ့ပါတယ်။

REF:talksport
Photo:Manchester City Facebook
Naing Linn(Akhayar)
www.akhayar.com