၂၀၁၉-၂၀ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲက စတင်နေပြီဖြစ်ပြီး ပွဲစဉ်(၁)မှာကတည်းက အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတွေကို ပရိသတ်တွေ ကြည့်ရှုခဲ့ပြီးဖြစ်မှာပါ။ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စည်းမျဉ်းသစ်တချို့ စတင်ကျင့်သုံးနေပြီး ရုပ်သံအကူဒိုင်စနစ် (VAR)ကို အသုံးပြုနေပြီဖြစ်သလို ဂိုးလွန်ဘောဆိုရင် ဂိုးဧရိယာထဲမှာ ကိုယ့်အသင်းက ကစားသမား(၂)ဦး နေရာယူထားတာ စသဖြင့်ပါပဲ။ ဒါ့တင်မကသေးဘဲ တခြားစည်းမျဉ်းသစ်တွေကိုလည်း ကျင့်သုံးသွားမှာဖြစ်ပြီး အဲဒါတွေက ဘာများလဲဆိုတာ ပရိသတ်တွေသိရှိနိုင်အောင် ဖော်ပြလိုက်ပါတယ် . .

Celebrations

ဒီရာသီ ပရီးမီးယားလိဂ်မှာ ထူးထူးခြားခြားအဖြစ် အောင်ပွဲခံတဲ့အပြုအမူတွေကို VAR ကြည့်ပြီး အရေးယူသွားမယ့် စည်းမျဉ်းပါဝင်နေတယ်။ ကစားသမားတစ်ဦးဟာ ဂိုးသွင်းပြီးရင် ပြိုင်ဘက်အသင်းကို လှောင်ပြောင်တဲ့ ပုံစံမျိုး၊ ပရိသတ်တွေထဲ ပြေးဝင်အောင်ပွဲခံတာ ဒါမှမဟုတ် အင်္ကျီချွတ်အောင်ပွဲခံရင် အ၀ါကတ်ပြသခံရမှာပါ။ အခုစည်းမျဉ်းအရ ဂိုးသွင်းပြီး အဲဒီလိုအပြုအမူနဲ့ အောင်ပွဲခံပြီးမှာ ဂိုးမ၀င်ဘူးလို့ VAR က ဆုံးဖြတ်ခဲ့ရင် အဲဒီကစားသမားက အ၀ါကတ်ပြခံရမှာဖြစ်ပါတယ်။ အောင်ပွဲခံမှုနဲ့ပတ်သက်တဲ့ စည်းမျဉ်းတွေက ကစားသမားတင်မဟုတ်ဘဲ နည်းပြတွေအတွက်ပါ အကျုံးဝင်ပြီး မနှစ်က အဲဗာတန်နဲ့ပွဲမှာ အကြီးအကျယ်အောင်ပွဲခံခဲ့တဲ့ လီဗာပူးလ်နည်းပြယာဂန်ကလော့ပ် Jurgen Klopp ကို FA က ဒဏ်ငွေပေါင်(၈၀၀၀) ချမှတ်ခဲ့ပါတယ်။

Cards for coaches

နောက်ထပ် ထူးခြားတဲ့ စည်းမျဉ်းကတော့ နည်းပြတွေကကို အ၀ါကတ်၊ အနီကတ်တွေ ပြသမယ့် စည်းမျဉ်းပါပဲ။ မနှစ်က ဘန်လေနဲ့ကစားခဲ့တဲ့ပွဲအပြီးမှာ စပါးအသင်းနည်းပြ ပိုချက်တီနို Mauricio Pochettino ဟာ ကွင်းလယ်ဒိုင် မိုက်ဒင်း Mike Dean နဲ့ လက်ထောက်ဒိုင်ကို အပြင်းအထန်စောဒကတက်တဲ့ အပြုအမူမျိုး ဒီရာသီမှာဖြစ်ရင် နည်းပြတွေ အရေးယူခံရမှာဖြစ်ပါတယ်။ ဒီရာသီအစတုန်းက ကွန်မြူနတီဒိုင်းမှာ မန်စီးတီးနည်းပြဂွါဒီယိုလာ Pep Guardiola ဟာ အ၀ါကတ်ကို ဈေးဦးပေါက်ရယူခဲ့ပါတယ်။ ဒီစည်းမျဉ်းအရ နည်းပြတစ်ဦးဟာ အ၀ါကတ် (၄)ကြိမ်ပြသခံရရင် တစ်ပွဲပယ်၊ (၈)ကြိမ်အထိပြခံရမယ်ဆိုရင်တော့ (၂)ပွဲပယ်ပြစ်ဒဏ်ကျခံရမှာပါ။

Handballs

ပြိုင်ဘက်အသင်းဟာ ဂိုးရဖို့ တိုက်စစ်ဆင်လာတဲ့အခါ ဂိုးကန်သွင်းတဲ့ ကစားသမား ဒါမှမဟုတ် ဂိုးဖန်တီးပေးမယ့်သူရဲ့ လက်မောင်းကို မတော်တဆပဲဖြစ်ဖြစ်၊ ရည်ရွယ်ချက်ရှိရှိနဲ့ပဲဖြစ်ဖြစ် ဘောလုံးနဲ့ ထိမိခဲ့ရင် လက်ထိဘောအဖြစ် သတ်မှတ်ပေးသွားမှာဖြစ်ပါတယ်။

Free kicks

ဖရီးကစ်ကန်ခွင့်ရတဲ့အခါ ခံစစ်လူတံတိုင်းထဲကို ပြိုင်ဘက်ကစားသမားတွေ ၀င်ပြီးနေရာယူတာမျိုး လုပ်လို့ မရတော့ပါဘူး။ ပြိုင်ဘက်ကစားသမားတွေဟာ လူတံတိုင်းနဲ့ အနည်းဆုံး တစ်မီတာအကွာမှာ ရှိနေရမှာဖြစ်ပါတယ်။

Penalty kicks

ပယ်နယ်တီကန်သွင်းတဲ့အချိန်မှာ ဂိုးသမားက ဂိုးစည်းပေါ်ကို ခြေတစ်ဖက်ရပ်ရမှာဖြစ်ပါတယ်။ နောက်ပြီး ဂိုးသမားတွေဟာ ပယ်နယ်တီမကန်ခင် ဂိုးတိုင်ကို လက်နဲ့ပုတ်တာမျိုး လုပ်ခွင့်မရှိတော့ပါဘူး။

ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကျင့်သုံးမယ့်စည်းမျဉ်းသစ်များ အပိုင်း(၂)ကို ဆက်လက်ဖော်ပြပါမည်

REF:talksport
Photo:Getty Images,The Independent,The Sun
Naing Linn(Akhayar)
www.akhayar.com