ဥရောပထိပ်သီးအသင်းနှစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့မန်ယူတို့ဟာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် နူးကမ့်ကွင်းကြီမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ပထမအကျော့ အိုးလ်ထရက်ဖို့ဒ်မှာတုန်းက မန်ယူအသင်းဟာ လုခ်ရှော Luke Shaw ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှုကြောင့် ရှုံးနိမ့်ခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့ ခက်ခဲတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါပြီ။ ဒီနှစ်သင်းဟာ ချန်ပီယံလိဂ်သမိုင်းတစ်လျှောက်မှာ မကြာခဏ ဆုံတွေ့ခဲ့ဖူးတာကြောင့် အမှတ်ရစရာဖြစ်ရပ်တွေလည်း အများကြီးရှိခဲ့ဖူးတယ်။ အဲဒီထဲကမှ ဖြစ်ရပ်တချို့ကို ပရိသတ်တွေ ပြန်လည်သတိရနိုင်အောင် ဖော်ပြပေးလိုက်ရပါတယ် . . .

David Beckham ရဲ့ ဖရီးကစ်

မန်ယူအသင်း ဖလား(၃)လုံးချန်ပီယံဖြစ်ခဲ့တဲ့ ၁၉၉၈-၉၉ ရာသီ ချန်ပီယံလိဂ်အုပ်စုအဆင့်တုန်းက မန်ယူနဲ့ ဘာစီလိုနာတို့ တစ်အုပ်စုတည်းကျရောက်ခဲ့တယ်။ မန်ယူဟာ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာတို့နဲ့အတူ အုပ်စုကျပ်တည်းမှာ ကျရောက်ခဲ့တာဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ဘာစီလိုနာနဲ့(၃)ဂိုးစီသရေကျခဲ့တဲ့ပွဲကို မန်ယူပရိသတ်တချို့ မှတ်မိကြဦးမှာပါ။ အဲဒီပွဲကို မီလိုက်တဲ့ပရိသတ်တွေလည်း ဒေးဗစ်ဘက်ခမ် David Beckham ရဲ့ တိကျသေချာတဲ့ ဖရီးကစ်သွင်းဂိုးကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်လောက်ပါဘူး။ ၁၉၉၈ ကမ္ဘာ့ဖလားပွဲတုန်းက အနီကတ်နဲ့အထုတ်ခံရလို့ အင်္ဂလန်မီဒီယာတွေ၊ ပရိသတ်တွေရဲ့ ပစ်မှတ်ထားခံခဲ့ရတဲ့ ဒေးဗစ်ဘက်ခမ်ဟာ ၁၉၉၈-၉၉ ရာသီမှာတော့ အင်္ဂလန်ဘောလုံးလောကအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။

ဂိုးသွင်းရင်း ဖိနပ်ကျွတ်ခဲ့ရတဲ့ Lionel Messi

၂၀၀၈-၀၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆိုရင် မန်ယူပရိသတ်တွေ အားလုံးအသည်းကွဲခဲ့ရတဲ့ပွဲလို့ ပြောရမယ်။ Tiki Taka ကစားဟန်ကို အစပျိုးနေတဲ့ ဘာစီလိုနာအသင်းဟာ မန်ယူကို (၂)ဂိုးပြတ်အနိုင်ယူပြီး ချန်ပီယလိဂ်ဆုဖလားကို ဆွတ်ခူးခဲ့တယ်။ ပိုဆိုးတာက အရပ်(၅)ပေ (၉)လက်မသာရှိတဲ့ မက်ဆီက ပြိုင်ဘက်နောက်ခံလူ ဖာဒီနန် Ferdinand ကို ကျော်ပြီး ခေါင်းတိုက်သွင်းယူခဲ့တာပါပဲ။ အဲဒီဂိုးသွင်းခဲ့ပြီးချိန်မှာ မက်ဆီရဲ့ညာဘက်ဖိနပ်ကျွတ်သွားတာကြောင့် ဖိနပ်ကျွတ်ကြီးနဲ့ အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

Xavi ကို တောင်းပန်ခဲ့ရတဲ့ Wayne Rooney

၂၀၀၈-၀၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီး တစ်ရာသီအကြာ ၂၀၁၀-၁၁ ရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ မန်ယူနဲ့ဘာစီလိုနာ ထပ်တွေ့ခဲ့ကြပြန်တယ်။ ဒီပွဲမှာတော့ ဘာစီလိုနာဟာ အကောင်းဆုံးအချိန်ကို ရောက်ရှိနေပြီဖြစ်တာကြောင့် မန်ယူအသင်းက ဘယ်လိုမှ မယှဉ်နိုင်ခဲ့ဘူး။ ဘာစီလိုနာက အဖွင့်ဂိုးသွင်းပြီး မန်ယူတိုက်စစ်မှူး ရွန်နီ Wayne Rooney က ချေပဂိုးပြန်သွင်းခဲ့ပေမယ့် ဘာစီလိုနာရဲ့ အောင်ပွဲကို မတားဆီးနိုင်ခဲ့ဘဲ (၃-၁)ဂိုးနဲ့ အရှုံးပေးခဲ့ရတယ်။ ဒီပွဲမှာ ဇာဗီ Xavi နဲ့ အင်နီယေစတာ Iniesta တို့နှစ်ဦးပေါင်း ဘောလုံးပေးပို့မှုက (၂၆၃)ကြိမ်အထိရှိခဲ့ပြီး ဘာစီလိုနာရဲ့ ဘောလုံးပေးပို့မှုတွေကို မန်ယူကစားသမားတွေ ဘယ်လိုမှ မတားဆီးနိုင်ခဲ့ဘဲ နောက်ဆုံးရွန်နီကိုယ်တိုင်က ဇာဗီကို တောင်းပန်ရတဲ့အထိဖြစ်သွားခဲ့တယ်။ အဲဒီအကြောင်းကို ဘူးစကွက်စ် Sergio Busquets က Guardian သတင်းစာကို အခုလိုဖောက်သည်ချခဲ့ဖူးတယ်။ “ပွဲပြီးခါနီး (၁၅)မိနစ်လောက်အလိုမှာ ရွန်နီက ဇာဗီအနားကပ်ပြီး မင်းတို့လည်း နိုင်နေပြီပဲကွာ တော်လောက်ပြီပေါ့။ ဘောလုံးကို အဲဒီလိုပတ်ပေးနေတာ ရပ်လိုက်ပါတော့”လို့ ဘူးစကွက်စ်က ပြောခဲ့ပါတယ်။

ပရိသတ်ကြီးရေ .. ဒါတွေကတော့ မန်ယူ-ဘာစီလိုနာတို့ တွေ့ခဲ့ဖူးတဲ့ပွဲတွေထဲက ထူးထူးခြားခြားဖြစ်ရပ်တွေကို ရွေးထုတ်ထားတာဖြစ်ပါတယ်။ ဒီနေ့ညပွဲမှာလည်း ဘယ်လိုထူးခြားတဲ့ဖြစ်ရပ်တွေ ဖြစ်လာဦးမလဲဆိုတာ စောင့်ကြည့်လိုက်ရအောင်လား . .

REF:dreamteamfc
Photo:You Tube,PA,90Min
Naing Linn(Akhayar)
www.akhayar.com