မန်ယူအသင်းအတွက်ကတော့ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ဖြစ်နေပါပြီ။ ပရီးမီးယားလိဂ်ပွဲစဉ်(၄)အပြီး နိုင်ပွဲ(၁)ပွဲ ၊ သရေ(၂)ပွဲ ၊ ရှုံးပွဲ(၁)ပွဲ ရမှတ်(၅)မှတ်နဲ့ ရုန်းကန်နေတဲ့ မန်ယူအသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်(၅) လက်စတာနဲ့ ပွဲမှာလည်း ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့ အဓိကကစားသမားတွေကို ဆုံးရှုံးတော့မှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားတာကြောင့် လက်စတာနဲ့ ပွဲမှာ မဖြစ်မနေ နိုင်ပွဲပြန်ရှာဖို့ မန်ယူအသင်းဟာလိုအပ်နေခဲ့ပေမယ့် အသင်းရဲ့ နည်းပြဆိုးလ်ရှား Solskajer ကတော့ ဒီပွဲကို ကွင်းလယ်လူ ပေါ့ဘာ နဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့တဲ့ တိုက်စစ်မှူး မာစီယဲလ် Martial တို့ လွဲချော်လိမ့်မယ်လို့ အတည်ပြုခဲ့တာပါ။

ပေါ့ဘာ ဟာ ဒဏ်ရာပြဿနာကြောင့် ပြင်သစ်အသင်းရဲ့ လူစာရင်းကနေ နုတ်ထွက်ခဲ့သူဖြစ်ပြီး ပေါ့ဘာလိုမျိုး နိုင်ငံအသင်းဖြစ်တဲ့ အင်္ဂလန်အသင်းကနေ နောက်ကျောဒဏ်ရာကြောင့် နုတ်ထွက်ခဲ့တဲ့ ညာနောက်ခံလူ ဘစ်ဆာကာ Bissaka နဲ့ အဖျားဝေဒနာ ခံစားနေရတဲ့ ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ် Lingard တို့ကလည်း လက်စတာနဲ့ ပွဲမှာပါဝင်ဖို့ မသေချာဘူးလို့ သိရပါတယ်။ လက်ရှိ မန်ယူအသင်းရဲ့ ဒဏ်ရာရကစားသမားစာရင်းမှာတော့ မာစီယဲလ် Martial ၊ လုပ်ခ်ရှော Shaw ၊ ပေါ့ဘာ ၊ ဘစ်ဆာကာ ၊ ဖိုဆူမန်ဆာ Fosu-Mensah ၊ ဒါလော့ Dalot နဲ့ ဘာယီ Bailly တို့ရှိနေကြပါတယ်။ ဒီအထဲမှာ အသင်းအတွက် အဓိကအားထားနေရတဲ့ ကစားသမားတွေပါဝင်နေတာကြောင့် ဖိအားတွေအောက်ကိုရောက်နေတဲ့ မန်ယူအသင်း လက်စတာနဲ့ပွဲအပြီးမှာ ဖိအားတွေပိုများသွားမလား ၊ ရှိနေတဲ့ဖိအားတွေကို လျော့ချနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါပဲ။ မန်ယူနဲ့ လက်စတာတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး(၅)ကြိမ်မှာတော့ မန်ယူအသင်းက အသာရထားပြီး (၄)ပွဲနိုင် ၊ (၁)ပွဲသရေရလဒ်ရရှိထားပါတယ်။

Ref: Onefootball
Photo: Bleacher Report , East Lothian Courier
Ko Kyue(Akhayar)
www.akhayar.com