ပရိသတ်တွေတစ်ဦးချင်းစီမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ ကစားသမားတွေ ရှိကြမှာပေါ့။ ကိုယ့် Favourite ကစားသမားတွေရဲ့ အောင်မြင်မှု၊ ကျရှုံးမှုတွေမှာ စီးမြောရင်း အချိန်တွေ ကုန်မှန်းမသိ ကုန်လာလိုက်တာ ဘောလုံးသမားဘ၀ အဆုံးသတ်ချိန်ရောက်လာချိန်မှာ ကျွန်တော်တို့တွေ ၀မ်းနည်းပက်လက်ဖြစ်ခဲ့ရတာကလည်း အကြိမ်ကြိမ်ပါပဲ။ ဒီရာသီမှာလည်း ကျွန်တော်တို့ ကြိုက်နှစ်သက်တဲ့ ကစားသမားတွေ မြက်ခင်းစိမ်းကို ကျောခိုင်းသွားကြပြန်ပြီ။ အဲဒါကြောင့် ဒီကစားသမားတွေရဲ့ ရှေးဟောင်းနှောင်းဖြစ်တွေကို အမှတ်တရ ပြန်ကြည့်လိုက်ရအောင် . .

Robin Van Persie

၂၀၀၄ ခုနှစ်မှာ အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မြေကို စတင်ခြေချခဲ့တဲ့ ဗန်ပါစီကို သတိထားမိပေမယ့် ကျွန်တော်က မန်ယူပရိသတ်ဆိုတော့ ဒီလောက်အထိ မကြိုက်ခဲ့ဘူး။ ဒါပေမဲ့ (၁)နှစ်ထက်(၁)နှစ် ဗန်ပါစီရဲ့ခြေစွမ်းက ပိုပိုကောင်းလာပြီး မန်ယူနဲ့တွေ့တဲ့ပွဲတွေမှာဆိုရင် အမြင်ကပ်လောက်အောင် ဒုက္ခပေးခဲ့တယ်။ ၂၀၁၂ မှာ မန်ယူကို ပြောင်းလာတော့ ကိုယ်တွေ ပျော်ကြတာပေါ့။ အကြိမ်(၂၀)မြောက် ပရီးမီးယားလိဂ်ချန်ပီယံဆု ရယူဖို့အတွက် ကျောနံပါတ်(၂၀)ကို ရွေးချယ်ခဲ့တယ်လို့ ပြောခဲ့တဲ့အတိုင်း ဗန်ပါစီဟာ သူ့ကတိတည်အောင် လုပ်ပြခဲ့တယ်။ မန်ယူနဲ့ ကတ္တီပါလမ်းခွဲပြီးတော့ ဖီနာဘာချီကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီနောက်မှာ ကစားသမားဘစတင်ရာ ဖီယင်နုအသင်းနဲ့အတူ ဘောလုံးသမားဘ၀ ကုန်ဆုံးခဲ့တယ်။ အခုတော့ ဗန်ပါစီရဲ့ ပဉ္စလက်ဆန်တဲ့ ဘယ်ခြေကန်ချက်တွေကို နောက်ထပ် မမြင်တွေ့ရတော့ဘူး။ ဘယ်အသင်းပရိသတ်မဆို ဗန်ပါစီကို လွမ်းဆွတ်နေမှာပါပဲ။

Xavi

သူ့ခေတ်သူ့အရွယ်မှာ အကောင်းဆုံး ကွင်းလယ်လူလို့တောင် ပြောရမယ်။ ဘောလုံး Skill က လက်ဖျားခါလောက်စရာ။ အလိမ်အလှည့် ဘာမှမရှိဘဲ တိကျသေချာတဲ့ Passing ၊ Vision ၊ Technique အပိုင်းမှာတော့ ဇာဗီက ရှာမှရှားပဲ။ ဘာစီလိုနာ၊ စပိန်အသင်းတွေနဲ့အတူ ဆုဖလားတွေ အများကြီး ရယူနိုင်ခဲ့တဲ့ ဇာဗီ အခုအချိန်မှာတော့ ကာတာနိုင်ငံက အယ်လ်ဆက်ဒ်အသင်းနဲ့အတူ ကစားသမားဘ၀ ဖြတ်သန်းနေတုန်းပဲ။ ဒါပေမဲ့ အခုကြာသပတေးနေ့ကျရင် Al Duhail နဲ့ ကစားမယ့် Amir Cup ဗိုလ်လုပွဲက ဇာဗီရဲ့ ဘောလုံးသမားဘ၀ နောက်ဆုံးပွဲဖြစ်ပါတယ်။ အသက်(၃၉)နှစ်အရွယ်အထိ ဘောလုံးကို ရူးရူးမူးမူး ကစားခဲ့တဲ့ ဇာဗီလို ကစားသမားမျိုးကတော့ နောက်ထပ်ပေါ်လာဖို့ ခက်သွားပါပြီ။

Andrea Barzagli

ပြီးခဲ့တဲ့နှစ်အနည်းငယ်လောက်တုန်းက ရီးယဲလ်အသင်းမှာ BBC တိုက်စစ်အတွဲက ထင်ပေါ်ခဲ့သလို ဂျူဗင်တပ်စ်အသင်းမှာလည်း BBC ခံစစ်အတွဲက ထိတ်ထိတ်ကြဲဖြစ်ခဲ့တယ်။ ဘိုနူချီ Leonardo Bonucci ၊ ဘာဇာဂလီ Andrea Barzagli ၊ ချီလီနီ Giorgio Chiellini တို့ရဲ့ ခံစစ်အတွဲအဖက်က ပြိုင်ဘက်တိုက်စစ်မှူးတွေအတွက် တံတိုင်းကြီးတစ်ခုလိုပါပဲ။ အခုတော့ BBC အတွဲအဖက်ထဲက B တစ်လုံးဖြစ်တဲ့ ဘာဇာဂလီ ရာသီကုန်ကျရင် ဘောလုံးသမားဘ၀ကနေ အနားယူတော့မယ်။ စီးရီးအေက ရာသီကုန်ဖို့ (၂)ပွဲပဲလိုတာကြောင့် ဘာဇာဂလီကို ကျွန်တော်တို့ တစ်ဝကြီး အားပေးလိုက်ကြရအောင်လား။

John O’Shea

မန်ယူကစားသမားဘ၀တုန်းက အိုရှေး John O’Shea ဟာ လူသိများပေမယ့် ဒီလောက်ကြီး ထင်ရှားတဲ့ ကစားသမားစာရင်းထဲမှာ မပါခဲ့ဘူး။ ဒါပေမဲ့ သူ့လို စွယ်စုံရကစားသမားကတော့ တော်တော်ရှားလိမ့်မယ်။ နောက်တန်းအစွန်၊ ဗဟိုနောက်ခံလူ၊ ကွင်းလယ်အဖျက်၊ ရှေ့တန်းအပြင် ဂိုးပါဖမ်းလိုက်သေးတယ်။ ၂၀၀၂-၀၁၃ ရာသီတုန်းက ရီးယဲလ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ဖီဂို Luis Figo ပေါင်ကြားထဲကနေ ဘောလုံးကို ဖြတ်ယူပြီး အရူးလုပ်ခဲ့တဲ့ အိုင်းရစ်သားကြီးဟာ အခုဆိုရင် သူမြတ်နိုးတဲ့ မြက်ခင်းစိမ်းတွေကို ကျောခိုင်းခဲ့ပါပြီ။

Yossi Benayoun

ပရီးမီးယားလိဂ်မှာ ကစားဖူးတဲ့ ရှားရှားပါးပါး အစ္စရေးသား ဘီနာယောင် Yossi Benayoun ကို ကျွန်တော်တို့တွေ ခပ်မေ့မေ့ဖြစ်နေပြီ။ လီဗာပူးလ်၊ ချယ်လ်ဆီး၊ အာဆင်နယ်အသင်းတွေမှာ ကစားခဲ့ဖူးပြီး ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ FA ဖလားပြိုင်ပွဲ(၃)ခုမှာ ဟက်ထရစ်သွင်းယူခဲ့တဲ့ ကစားသမား(၃)ဦးထဲမှာ အပါအ၀င်ဖြစ်ခဲ့သူပါ။ ဘောလုံးလောကမှာ နှစ်ပေါင်း(၂၀)ကျော် ကျင်လည်ခဲ့ပြီးတဲ့နောက် ဘီနာယောင်ဟာ ဘောလုံးသမားဘ၀ကို တစ်စခန်းရပ်ခဲ့ပါပြီ။ ဘီနာယောင်ရဲ့ စွမ်းဆောင်ရည်တွေကိုတော့ ကျွန်တော်တို့ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်တော့ပါဘူး။

Petr Cech

ချယ်လ်ဆီးအသင်းရဲ့ ခေတ်တစ်ခေတ်မှာ ဂိုးပေါက်ကို အကောင်းဆုံးကာကွယ်ခဲ့တဲ့ ဂိုးသမားကြီး ပီတာချက် Petr Cech ကလည်း ယူရိုပါလိဂ်ဗိုလ်လုပွဲပြီးရင် ဘောလုံးသမားဘ၀ကနေ အနားယူပါပြီ။ အရပ်ကလန်ကလားနဲ့ ဂိုးသွင်းရခက်တဲ့ ပီတာချက်ဟာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ ယူရိုပါလိဂ်စတဲ့ ဖလားမျိုးစုံ ရရှိခဲ့ပြီးဖြစ်တာကြောင့် ဘောလုံးလောကကို အောင်မြင်မှုနဲ့ နှုတ်ဆက်ခဲ့တယ်လို့ ပြောရမယ်။ ဒါပေမဲ့ သူကတော့ အနားမယူခင်လေးမှာ ယူရိုပါလိဂ်ကို ကိုင်မြှောက်ခွင့်ရချင်နေပါသေးတယ်။ ပီတာချက်ရဲ့ မျှော်လင့်ချက်တွေ ဖြစ်လာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ဗျ . .

ပရိသတ်ကြီးရေ .. ဒီကစားသမားတွေကတော့ ကျွန်တော်တို့ရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားတော့မှာပါ။ နောက်ထပ်လည်း ကိုယ့်အကြိုက် ကစားသမားတွေထဲက ဘယ်သူများ မြက်ခင်းစိမ်းကို လက်ပြနှုတ်ဆက်သွားဦးမလဲဆိုတာကတော့ . . .

REF:dreamteamfc
Photo:The Times,newsamed,ESPN,Calcio Fanpage,The Sun,Irish Mirror
Naing Linn(Akhayar)
www.akhayar.com