ဘောလုံးလောကမှာ ကစားသမားတစ်ဦးအတွက် ရေကြည်ရာမြက်နုရာဆိုသလို ကိုယ့်ဘ၀တိုးတက်ရေးအတွက် ကလပ်အသင်းတစ်သင်းဆီကနေ နောက်ထပ်တစ်သင်းကို ပြောင်းရွှေ့လေ့ရှိတာက သိပ်မထူးဆန်းပါဘူး။ တချို့က မြင့်မားတဲ့ပြောင်းရွှေ့ကြေးတွေနဲ့ ထိပ်သီးအသင်းတွေဆီ ရောက်ရှိခဲ့ပြီး အဲဒီကစားသမားတွေရဲ့ စုစုပေါင်းပြောင်းရွှေ့ကြေးတန်ဖိုးကို တွက်ချက်ရင် မနည်းမနောပါပဲ။ ဒါကြောင့် ကစားသမားဘတစ်လျှောက်မှာ စုစုပေါင်းပြောင်းရွှေ့ကြေးအများဆုံး ကစားသမားတွေက ဘယ်သူများလဲဆိုတာ ပရိသတ်တွေ သိရှိနိုင်အောင် ဖော်ပြလိုက်ချင်ပါတယ် . . .

11. Kylian Mbappé (Paris Saint-Germain)

PSG အသင်းရဲ့ ပြင်သစ်လူငယ်ကြယ်ပွင့် ဘာပေ Kylian Mbappé ကတော့ ဆယ်ကျော်သက်အရွယ်မှာပဲ စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင်ဖြစ်ခဲ့သူပါ။ ဆယ်ကျော်သက်ကစားသမားထဲမှာ ပြောင်းရွှေ့ကြေးအများဆုံး ကစားသမား၊ ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံး စာရင်းမှာ ဒုတိယနေရာမှာ ရပ်တည်နေသူ ဘာပေရဲ့ ကစားသမားဘ၀တစ်လျှောက် စုစုပေါင်းပြောင်းရွှေ့ကြေးက ပေါင်(၁၂၁.၅)သန်းအထိရှိပါတယ်။

12. Nicolas Anelka (retired)

ခြေစွမ်းကောင်းပေမယ့် အကျင့်စရိုက်ဆိုးတွေကြောင့် အသင်းတစ်သင်းမှာ ကြာကြာမကစားခဲ့ဖူးတဲ့ ဘောလုံးလူဆိုး အနယ်လ်ကာ Nicolas Anelka ဟာ ကစားသမားဘ၀တစ်လျှောက် အသင်း(၁၂)သင်းမှာ ကစားခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်ဂန္ထ၀င်နည်းပြ အာစင်ဝင်းဂါး Arsene Wenger ရဲ့ စင်တင်ပေးမှုနဲ့အတူ ဆယ်ကျော်သက်အရွယ်မှာပဲ နာမည်ကျော်ကြားခဲ့ပြီး ၁၉၉၉ ခုနှစ်မှာ ရီးယဲလ်အသင်းကို ရောက်ခဲ့ပါတယ်။ ကစားသမားဘ၀တစ်လျှောက်မှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်လို အဓိကဆုဖလားတွေ ရယူခဲ့တဲ့ အနယ်လ်ကာရဲ့ စုစုပေါင်းပြောင်းရွှေ့ကြေးတန်ဖိုးက ပေါင်(၁၁၄.၆၂)သန်းရှိပါတယ်။

13. Paulinho (Guangzhou Evergrande)

တရုတ်စူပါလိဂ်ကလပ် ကွမ်ကျိုးအဲဗားဂရန်းအသင်းမှာ လက်ရှိကစားနေတဲ့ ပေါ်လင်ဟို Paulinho ဟာ မထင်မှတ်တဲ့အပြောင်းအရွှေ့တွေ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ စပါးအသင်းကနေ ကွမ်ကျိုးအဲဗားဂရန်းအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အဲဒီကနေ ဘာစီလိုနာကို ရောက်ရှိခဲ့ပါတယ်။ ဘာစီလိုနာမှာ တစ်ရာသီသာကြာပြီး ကွမ်ကျိုးအဲဗားဂရန်းကို မထင်မှတ်ဘဲ ပြန်ပြောင်းခဲ့ပြီး အခုလောလေဆယ်တော့ ခြေငြိမ်နေတုန်းပါပဲ။ ပေါ်လင်ဟိုရဲ့ ကစားသမားဘ၀တစ်လျှောက် စုစုပေါင်း ပြောင်းရွှေ့ကြေးတန်ဖိုးက ပေါင်(၁၁၄.၇)သန်းဖြစ်ပါတယ်။

14. Álvaro Morata (Chelsea)

ဂျူဗင်တပ်စ်၊ ရီးယဲလ်တို့မှာ ခြေစွမ်းပြပြီး ပရီးမီးယားလိဂ်ကို ရောက်ခဲ့ချိန်မှာတော့ မိုရာတာ Álvaro Morata ရဲ့ ကစားသမားဘ၀က ဇောက်ထိုးမိုးမျှော်ဖြစ်သွားတာပါပဲ။ ၂၀၁၇-၁၈ ရာသီတုန်းက ချယ်လ်ဆီးအသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း(၆၀)နဲ့ရောက်ခဲ့သူ မိုရာတာဟာ အင်္ဂလန်မြေမှာ ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ မိုရာတာရဲ့ ကစားသမားဘ၀ စုစုပေါင်း ပြောင်းရွှေ့ကြေးတန်ဖိုးက ပေါင်(၁၁၀.၇)သန်း ရှိပြီး အခုအချိန်မှာတော့ ချယ်လ်ဆီးကိုပဲ ပြန်မလား၊ အက်သလက်တီကိုမှာပဲ အငှားနဲ့ ဆက်ကစားမလားဆိုတာ စောင့်ကြည့်ရမှာပါ။

15. Hernán Crespo (retired)

တစ်ချိန်က ဘောလုံးလောကရဲ့ နာမည်ကျော်တိုက်စစ်မှူးတစ်ဦးဖြစ်ခဲ့သူ ခရက်စပို Hernán Crespo ဟာ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး အများဆုံးကစားသမားဖြစ်ခဲ့ဖူးပါတယ်။ ၂၀၀၀ ခုနှစ်မှာ လာဇီယိုအသင်းဟာ ခရက်စပိုကို ပေါင်(၃၅)သန်းနဲ့ ပါးမားအသင်းဆီကနေ ခေါ်ယူခဲ့တာဖြစ်ပြီး ဒီပမာဏဟာ အဲဒီအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ပါတယ်။ ခရက်စပိုရဲ့ စုစုပေါင်းပြောင်းရွှေ့ကြေးကတော့ ပေါင်(၁၁၀.၆၅)သန်းရှိခဲ့ပြီး သူ့ရဲ့ကစားသမားဘ၀ကို အောင်မြင်မှုတွေနဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။

ကစားသမားဘ၀တစ်လျှောက် စုစုပေါင်းပြောင်းရွှေ့ကြေးအများဆုံး ကစားသမားများ (၁)

ကစားသမားဘ၀တစ်လျှောက် စုစုပေါင်းပြောင်းရွှေ့ကြေးအများဆုံး ကစားသမားများ (၂)

REF:talksport
Photo:Getty Images, Kylian Mbappé Facebook
Naing Linn(Akhayar)
www.akhayar.com