ပရော်ဖက်ရှင်နယ် ဘောလုံးသမားတစ်ဦးရဲ့ အနာဂတ်ဆိုတာက ဘာဖြစ်မလဲဆိုတာ ကြိုတွေးလို့ မရပါဘူး။ ငယ်ဘ၀မှာ တစ်ဟုန်ထိုး နာမည်ကျော်ခဲ့ပေမယ့် နောက်ပိုင်းကျမှ မထင်မှတ်လောက်အောင် ခြေစွမ်းကျဆင်းပြီး လူမသိသူမသိနဲ့ ကစားသမားဘ၀ဖြတ်သန်းခဲ့ရသူတွေ အများကြီးပါပဲ။ ဒဏ်ရာပြဿနာ၊ ပုံမှန်ခြေစွမ်းမရှိတာ၊ ပြင်ပနေထိုင်မှုဘ၀ အရှုပ်အထွေးတွေကြောင့် ကွင်းတွင်းခြေစွမ်းကျဆင်းပြီး ထိုက်သင့်သလောက် အောင်မြင်မှု မရခဲ့တာလည်းဖြစ်ပါတယ်။ အဲဒါကြောင့် လူငယ်ကစားသမားဘ၀မှာ ထင်ရှားခဲ့ပေမယ့် နောက်ပိုင်းမှာ ထင်သလောက်ဖြစ်မလာခဲ့တဲ့ ကစားသမားတွေကို ရွေးချယ်ဖော်ပြလိုက်ပါတယ် . .

Marko Marin

ချယ်လ်ဆီးအသင်းရဲ့ ကြယ်ပွင့်ဖြစ်လာမယ်လို့ သတ်မှတ်ခံခဲ့ရသူ မာကိုမာရင် Marko Marin ဟာ လက်ရှိအချိန်မှာတော့ ဆားဘီးယားကလပ် ရက်ဒ်စတားဘဲလ်ဂရိတ်အသင်းမှာ ကစားသမားဘ၀ ဖြတ်သန်းနေရပါပြီ။ ၂၀၁၂ ခုနှစ်တုန်းက ချယ်လ်ဆီးအသင်းဟာ ၀ါဒါဘရီမင်အသင်းကနေ မာကိုမာရင်ကို ပေါင်(၇.၅)သန်းနဲ့ ခေါ်ယူခဲ့ပြီး ပရိသတ်တွေက မာကိုမာရင်ဟာ အသင်းရဲ့အနာဂတ်ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ မာကိုမာရင်ရဲ့ ချယ်လ်ဆီးကစားသမားဘ၀က မလှပခဲ့ဘဲ ဆီဗီလာ၊ ဖီအိုရင်တီးနား၊ အန်ဒါလက်ခ်ျ၊ ထရက်ဇ်ဇွန်စပေါ် စတဲ့အသင်းတွေမှာ အငှားနဲ့ ကစားခဲ့ရသလို နောက်ဆုံးမှာတော့ အိုလံပီယာကော့စ်အသင်းဆီ ပေါင်(၂.၅)သန်းနဲ့ ရောင်းထုတ်ခံခဲ့ရပြီး ရာသီအနည်းငယ်အကြာမှာပဲ ရက်ဒ်စတားဘဲလ်ဂရိတ်အသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။ အသက်(၃၀)အရွယ်ရှိပြီဖြစ်တဲ့ မာကိုမာရင်တစ်ယောက် ထိပ်တန်းအဆင့်ကို ပြန်လာဖို့ဆိုတာကတော့ . .

Ryan Babel

၂၀၀၁ ခုနှစ်တုန်းက အေဂျက်စ်အကယ်ဒမီကနေ ထွက်ပေါ်ခဲ့တဲ့ ရိုင်ယန်ဘာဘဲလ် Ryan Babel ရဲ့ ကစားသမားဘ၀အစပိုင်းက ပန်းခင်းတဲ့လမ်းဖြစ်ခဲ့တယ်။ စီနီယာအသင်းမှာ (၃)ရာသီကြာဖြတ်သန်းခဲ့ပြီး လီဗာပူးလ်အသင်းကို ပေါင်(၁၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့တော့လည်း ဘာဘဲလ်ဟာ ပန်းပန်နေဆဲပါပဲ။ ဒါပေမဲ့ အသက်(၂၀)ကျော်အရွယ်မှာပဲ ဘာဘဲလ်ဟာ သူ့ရဲ့ အရည်အသွေးတွေ အားလုံးအဆုံးသတ်သွားသလိုဖြစ်ခဲ့ပြီး တဖြည်းဖြည်းနဲ့ အကျဘက်ရောက်လာခဲ့ပါတော့တယ်။ နောက်ပိုင်းကာလတွေက ဘာဘဲလ်အတွက် မြားအောက်စိုက်သွားတဲ့အချိန်တွေဖြစ်ပြီး ပရိသတ်မြင်ကွင်းထဲကနေ ကွယ်ပျောက်ခဲ့ရသလို သာမန်အသင်းတွေမှာသာ ကစားသမားဘ၀ ကုန်ဆုံးခဲ့ရပါတယ်။ ဒီရာသီဝက်မှာ ဖူလ်ဟမ်အသင်းကို ရောက်ခဲ့ပေမယ့်လည်း သူ့အသင်းက ရာသီမကုန်ခင်မှာပဲ တန်းဆင်းခဲ့ရတာကြောင့် ဘာဘဲလ်အတွက် ကျရှုံးမှုတွေက အဆုံးမသတ်သေးဘူးလို့ ပြောရမှာပါ။

Ganso

၂၀၀၈ ခုနှစ် ဆန်းတို့စ်အသင်းမှာ နေမာ Neymar နဲ့အတူ ထင်ရှားခဲ့တဲ့သူက ဂန်ဆို Ganso ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဥရောပထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရပေမယ့် ဂန်ဆိုဟာ အသင်းရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ ဆော်ပေါ်လိုဆီ ပြောင်းရွှေ့ခဲ့ပြီး ၂၀၁၆ ခုနှစ်မှာတော့ ဆီဗီလာအသင်းနဲ့အတူ လာလီဂါမြေကို ခြေချခဲ့တယ်။ ဒါပေမဲ့ ဂန်ဆိုရဲ့ ဆီဗီလာကစားသမားဘ၀က စိတ်ပျက်စရာအတိပါပဲ။ ဒဏ်ရာပြဿနာ၊ ပုံမှန်ခြေစွမ်းမရတာတွေကြောင့် Amiens အသင်းကို အငှားချခံခဲ့ရသလို ဒီနှစ်အစောပိုင်းမှာတော့ ဖလူမင်နိစ်အသင်းက သူ့ကို (၅)နှစ်စာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။ ဂန်ဆိုအနေနဲ့ ဘရာဇီးလ်မြေမှာ ကစားသမားဘ၀ အသစ်တဖန် ပြန်လည်စတင်နိုင်မလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Federico Macheda

အသက်(၁၇)နှစ်အရွယ်မှာကတည်းက မန်ယူပရိသတ်တွေ အချစ်တော်ဖြစ်ခဲ့တဲ့ မာချီဒါ Federico Macheda ဟာ အခုအချိန်မှာ ဘယ်အသင်းမှာ ကစားနေလဲဆိုတာတောင် ပရိသတ်တော်တော်များများ မသိလောက်တော့ပါဘူး။ ၂၀၀၉၊ ဧပြီလ(၅)ရက်တုန်းက မန်ယူအသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရတဲ့ပွဲမှာပဲ ဗီလာအသင်းဘက်ကို လှလှပပအနိုင်ဂိုးသွင်းယူခဲ့တဲ့ ချာတိတ်လေးဟာ မန်ယူအသင်းရဲ့ အနာဂတ်လို့ သတ်မှတ်ခံခဲ့ရပေမယ့်လည်း သူ့ရဲ့ ကျဆင်းမှုက မယုံနိုင်လောက်အောင်ပါပဲ။ ပရိသတ်တွေရဲ့ ကြီးမားတဲ့မျှော်လင့်ချက်က မာချီဒါအတွက် ဖိအားဖြစ်ခဲ့ရပြီး အဲဒီဖိအားတွေကြောင့်ပဲ မာချီဒါဟာ ရုန်းကန်ခဲ့ရတယ်လို့ ပြောရမယ်။ ဒါကြောင့်ပဲ နောက်ပိုင်းမှာ မာချီဒါဟာ မန်ယူပရိသတ်တွေရဲ့ မြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပြီး ကစားသမားဘ၀ အကောင်းဆုံးအချိန်လို့ ဆိုရမယ့် (၂၇)နှစ်အရွယ်မှာ ဂရိကလပ် ပါနာသီနိုင်ကော့စ်အသင်းနဲ့အတူ မထင်မရှားဖြတ်သန်းနေရပါပြီ။

လူငယ်ကစားသမားဘ၀မှာ ကျော်ကြားခဲ့ပေမယ့် ထင်သလောက် အောင်မြင်မှုမရခဲ့တဲ့ ကစားသမားတွေထဲက (၄)ဦးကို ဖော်ပြခဲ့ပြီးပါပြီ။ ကျန်တဲ့ကစားသမားတွေကို ဆက်လက်ဖော်ပြသွားမှာဖြစ်လို့ စောင့်မျှော်အားပေးကြပါဦး . . .

REF:sportskeeda
Photo:Ad,The Sun,Goal,theworldnews
Naing Linn(Akhayar)
www.akhayar.com