ကစားသမားတစ်ဦးရဲ့ အပြောင်းအရွှေ့ဆိုတာက စာချုပ်ပေါ်မှာ လက်မှတ်မထိုးမချင်း ဘာကိုမှ ကံသေကံမ ပြောလို့မရပါဘူး။ ၂၀၀၅ ခုနှစ်တုန်းက မန်ယူအသင်းဟာ နိုက်ဂျီးရီးယားကွင်းလယ်လူ မီခေးလ် John Obi Mikel ကို ခေါ်ယူစာချုပ်ခဲ့ပြီးတော့မှ ချယ်လ်ဆီးအသင်းက ကြားဖြတ်ခေါ်ခဲ့တာမျိုး၊ ၂၀၀၈ ခုနှစ်တုန်းက မန်စီးတီးအသင်းဆီ ရောက်ဖို့ နီးစပ်ပြီးမှ မန်ယူအသင်းကို ရောက်ရှိခဲ့တဲ့ ဘာဘာတော့ဗ် Dimitar Berbatov စသဖြင့် အများကြီးပါပဲ။ အဲဒါကြောင့် အသင်းတစ်သင်းကို ပြောင်းဖို့ အရမ်းနီးစပ်ပြီးမှ အဲဒီအသင်းရဲ့ ပြိုင်ဘက်အသင်းဆီ ရောက်ရှိခဲ့တဲ့ ကစားသမားတွေကို ဗဟုသုတအနေနဲ့ ဖော်ပြလိုက်ပါတယ် . .

Willian (Chelsea)

၂၀၁၃ ခုနှစ်တုန်းက ရုရှားကလပ် အန်ဇီအသင်းနဲ့ စပါးအသင်းတို့ဟာ ၀ီလီယံရဲ့အပြောင်းအရွှေ့အတွက် ပေါင်သန်း(၃၀)နဲ့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒါပေမဲ့ အပြောင်းအရွှေ့အပြီးသတ်ဖို့ နောက်ဆုံးအချိန်ရောက်မှ လန်ဒန်မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းက ရုတ်တရက် ကြားဝင်လာပြီး ၀ီလီယံကို ခေါ်ယူခဲ့တာကြောင့် စပါးတာဝန်ရှိသူတွေ မကျေမနပ်ဖြစ်ခဲ့ကြတဲ့အပြင် ချယ်လ်ဆီးအသင်းဟာ သူတို့ကို သက်သက်ညစ်ပတ်တာလို့ စွပ်စွဲခဲ့ကြတယ်။ ဒီအပြောင်းအရွှေ့က ၀ီလီယံအတွက်တော့ အကျိုးရှိစေခဲ့ပြီး ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်(၂)ကြိမ်၊ FA ဖလား၊ လိဂ်ဖလားတွေ ရယူနိုင်ခဲ့တယ်။

Alexis Sanchez (Manchester United)

မန်စီးတီးအသင်းရဲ့ ပါးနပ်မှုကြောင့် မန်ယူအသင်း ဂျင်းမိသွားတဲ့အပြောင်းအရွှေ့က အလက်ဆစ်ဆန်းချက်ဇ် Alexis Sanchez လို့ပဲပြောရမယ်။ ၂၀၁၇ နွေရာသီအပြောင်းအရွှေ့တုန်းက မန်စီးတီးအသင်းဟာ ဆန်းချက်ဇ်ကို ပေါင်သန်း(၆၀)အထိပေးပြီး ကမ်းလှမ်းခဲ့ပေမယ့် အာဆင်နယ်အသင်းက ပယ်ချခဲ့တယ်။ ဒါပေမဲ့ မန်စီးတီးအသင်းက လက်မလျှော့ဘဲ ဇန်န၀ါရီကာလမှာ ထပ်ကြိုးစားခဲ့ချိန်မှာ မန်ယူအသင်းဟာ မစ်ခီတာရီယန် Henrikh Mkhitaryan နဲ့ ဆန်းချက်ဇ်ကို အလဲအထပ်လုပ်ခဲ့ပြီး တစ်ပတ်လုပ်ခပေါင်(၅)သိန်းနဲ့ ခေါ်ယူစာချုပ်ခဲ့တယ်။ မန်စီးတီးအသင်းဟာ ဆန်းချက်ဇ်ကို ဈေးကြီးလို့ လက်လျှော့ခဲ့တာဖြစ်ပြီး အဲဒီလုပ်ရပ်က မှန်ကန်တယ်ဆိုတာ အခု ဆန်းချက်ဇ်ရဲ့ အနေအထားက သက်သေခံနေပါပြီ။

Dele Alli (Tottenham)

လီဗာပူးလ်အသင်းကို ဘရန်ဒန်ရော်ဂျာ Brendan Rodgers ကိုင်တွယ်ခဲ့စဉ်တုန်းက MK ဒွန်းအသင်းမှာ ခြေစွမ်းပြနေတဲ့ အင်္ဂလန်လူငယ်ကစားသမား အယ်လီ Dele Alli ကို ခေါ်ယူဖို့ မျက်စိကျခဲ့တာကြောင့် ခေါ်ယူဖို့ ကြိုးပမ်းခဲ့သလို သူတို့နှစ်ဦးဟာ ဟိုတယ်တစ်ခုမှာ တွေ့ဆုံပြီး အပြောင်းအရွှေ့ကိစ္စ စကားပြောခဲ့ကြပါသေးတယ်။ ဘရန်ဒန်ရော်ဂျာဟာ အယ်လီကို ခေါ်နိုင်ပြီလို့ တစ်ထစ်ချ ယူဆခဲ့ပေမယ့် နောက်ဆုံးမှာတော့ စပါးအသင်းက လက်မြန်ခြေမြန်နဲ့ ခေါ်ယူခဲ့ပါတယ်။

Romelu Lukaku (Manchester United)

အဲဗာတန်ကစားသမားဘ၀ (၄)နှစ်တာကာလအတွင်းမှာ (၈၇)ဂိုးအထိ သွင်းယူခဲ့တဲ့ လူကာကူ Romelu Lukaku ကို ၂၀၁၇ ခုနှစ်တုန်းက အသင်းဟောင်း ချယ်လ်ဆီးက ခေါ်ယူဖို့ ဆက်သွယ်ခဲ့ဖူးတယ်။ အဲဒီအချိန်မှာ မန်ယူအသင်းက လူကာကူအတွက် ပေါင်(၇၅)သန်းအပြင် တိုက်စစ်မှူးရွန်နီ Wayne Rooney ကိုပါ အလိုက်ပေးကမ်းလှမ်းခဲ့လို့ အဲဗာတန်အသင်းက လက်ခံခဲ့တာကြောင့် လူကာကူဟာ မန်ချက်စတာမြေကို ခြေချခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ပရိသတ်တွေက “ဂျင်းမဲ” လို့ လှောင်ပြောင်ခံရတဲ့အထိ လူကာကူရဲ့ ခြေစွမ်းက စိတ်ပျက်စရာကောင်းနေတာဖြစ်ပါတယ်။

အခုက အသင်းတစ်သင်းရဲ့ ပြိုင်ဘက်ဆီ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမား အပိုင်း(၁)ကို ဖော်ပြခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့သူတွေကိုလည်း ဆက်လက်ဖော်ပြသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး . .

REF:talksport
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com