ကစားသမားတစ်ဦးရဲ့ အပြောင်းအရွှေ့ဆိုတာက စာချုပ်ပေါ်မှာ လက်မှတ်မထိုးမချင်း ဘာကိုမှ ကံသေကံမ ပြောလို့မရပါဘူး။ ၂၀၀၅ ခုနှစ်တုန်းက မန်ယူအသင်းဟာ နိုက်ဂျီးရီးယားကွင်းလယ်လူ မီခေးလ် John Obi Mikel ကို ခေါ်ယူစာချုပ်ခဲ့ပြီးတော့မှ ချယ်လ်ဆီးအသင်းက ကြားဖြတ်ခေါ်ခဲ့တာမျိုး၊ ၂၀၀၈ ခုနှစ်တုန်းက မန်စီးတီးအသင်းဆီ ရောက်ဖို့ နီးစပ်ပြီးမှ မန်ယူအသင်းကို ရောက်ရှိခဲ့တဲ့ ဘာဘာတော့ဗ် Dimitar Berbatov စသဖြင့် အများကြီးပါပဲ။ အဲဒါကြောင့် အသင်းတစ်သင်းကို ပြောင်းဖို့ အရမ်းနီးစပ်ပြီးမှ အဲဒီအသင်းရဲ့ ပြိုင်ဘက်အသင်းဆီ ရောက်ရှိခဲ့တဲ့ ကစားသမားတွေကို အပိုင်း(၂)အဖြစ် ဆက်လက် ဖော်ပြလိုက်ပါတယ် . .

Jorginho (Chelsea)

ပြီးခဲ့တဲ့နွေရာသီတုန်း မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာ Pep Guardiola ဟာ အသက်အရွယ်ရလာတဲ့ ကွင်းလယ်လူ ဖာနန်ဒင်ဟို Fernandinho နေရာမှာ အစားထိုးဖို့အတွက် Holding Midfielder တစ်ဦး ခေါ်ယူလိုခဲ့ပြီး နာပိုလီကစားသမား ယော်ဂျင်ဟို Jorginho ကို ကာလရှည်ကြိုးပမ်းခဲ့ဖူးတယ်။ ဒါပေမဲ့ နာပိုလီနည်းပြဟောင်း ဆာရီ Maurizio Sarri ချယ်လ်ဆီးနည်းပြသစ်ဖြစ်လာချိန်မှာ သူ့တပည့်ဟောင်း ယော်ဂင်ဟိုကို ပေါင်သန်း(၅၀)နဲ့ အရခေါ်ယူခဲ့တယ်။ အမှန်တကယ်တော့ ယော်ဂင်ဟိုဟာ ဂွါဒီယိုလာ လက်အောက်မှာ ကစားဖို့ ဆန္ဒရှိခဲ့တာပါ။ အဲဒါနဲ့ပတ်သက်ပြီး ယော်ဂင်ဟိုရဲ့ မိခင်ဖြစ်သူ in Chelsea. Maria Tereza Freitas က “ယော်ဂင်ဟိုဟာ ဂွါဒီယိုလာနဲ့ လက်တွဲခွင့်ရဖို့ ဆန္ဒရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒါက သူ့သဘောတစ်ခုတည်း မဟုတ်ဘဲ နှစ်ဖက်အသင်းပေါ်မှာလည်း မူတည်ပါတယ်။ သူက ‘အမေသာဆိုရင် မန်စီးတီးကို ရွေးမလား၊ ချယ်လ်ဆီးကို ရွေးမလား’ဆိုပြီး မေးခဲ့တော့ ကျွန်မက ‘အသင်းရဲ့ ဂုဏ်သိက္ခာ၊ သမိုင်းကြောင်းအရ ချယ်လ်ဆီးကို ရွေးချယ်သင့်တယ်’လို့ တိုက်တွန်းခဲ့ပါတယ်” ဆိုပြီး ဖွင့်ဟပြောကြားခဲ့ပါတယ်။

Luke Shaw (Manchester United)

ဆောက်သမ်တန်အသင်းနဲ့အတူ (၂)ရာသီအတွင်းမှာ ခြေစွမ်းပြကစားခဲ့တဲ့ လုခ်ရှော Luke Shaw ကို ၂၀၁၄ ခုနှစ်တုန်းက ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေက ပစ်မှတ်ထားခဲ့ကြတယ်။ ငယ်ငယ်တုန်းက ချယ်လ်ဆီးအသင်း ပရိသတ်ဖြစ်ခဲ့သူ လုခ်ရှောဟာ ခြင်္သေ့ပြာတပ်ဖွဲ့ဝင်ဖြစ်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း သူက ချယ်လ်ဆီးအသင်းအစား မန်ယူအသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းထက် မန်ယူကို ရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး လုခ်ရှောက “ပုံမှန်ပွဲထွက်ခွင့် ပိုရချင်တာကြောင့် မန်ချက်စတာကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက အီဗရာ Patrice Evra ဟာ ဂျူဗင်တပ်စ်အသင်းဆီ ပြောင်းရွှေ့ခဲ့ပြီဖြစ်သလို ချယ်လ်ဆီးအသင်းကို ကိုင်တွယ်နေတဲ့ မော်ရင်ဟို Mourinho ဟာ နောက်တန်းမှာ သူ့စိတ်ကြိုက်ကစားသမား(၄)ဦး ပိုင်ဆိုင်ပြီးသားပါ။ အဲဒါကြောင့် ချယ်လ်ဆီးဟာ ကျွန်တော့် အိမ်နဲ့နီးပေမယ့်လည်း မန်ယူအသင်းက ပိုကောင်းတဲ့ရွေးချယ်မှုဖြစ်တယ်ဆိုပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်”လို့ ၀န်ခံခဲ့ပါတယ်။

Michy Batshuayi (Chelsea)

မာဆေးလ်အသင်းမှာ ခြေစွမ်းပြနေတဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘက်ရှူအာယီ Michy Batshuayi ကို ၂၀၁၆၊ ဇွန်လမှာ ပဲလေ့စ်အသင်းဟာ ပေါင်သန်း(၃၀)နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကစားသမားကတော့ အသင်းကြီးတစ်သင်းကို ပြောင်ွးှေရ့ဖို့ ဆန္ဒရှိနေတာကြောင့် ဒီအပြောင်းအရွှေ့ကို လက်မခံခဲ့ပါဘူး။ အဲဒီမှာပဲ ချယ်လ်ဆီးအသင်းက ပဲလေ့စ်အသင်း ကမ်းလှမ်းတဲ့ ပမာဏအတိုင်း ဘက်ရှူအာယီကို ခေါ်ယူခဲ့တာကြောင့် ဘက်ရှူအာယီရဲ့ ဆန္ဒပြည့်ခဲ့ပေမယ့် ချယ်လ်ဆီးအသင်းမှာ ရုန်းကန်ခဲ့ရပါတယ်။ ဒေါ့မွန်၊ ဗလင်စီယာအသင်းတွေမှာ အငှားနဲ့ သွားကစားခဲ့ရသလို အခုနှစ်ဇန်န၀ါရီလတုန်းက သူ ငြင်းပယ်ခဲ့တဲ့ ပဲလေ့စ်အသင်းဆီမှာ အငှား ကစားခဲ့ရပြီး (၁၃)ပွဲကစား (၆)ဂိုး သွင်းယူနိုင်ခဲ့တယ်။

အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးမှ အဲဒီအသင်း ပြိုင်ဘက်ဆီ ရောက်ရှိခဲ့တဲ့ ကစားသမားတွေရဲ့ ဖြစ်ရပ်ကတော့ အကြောင်းရင်းမျိုးစုံပါပဲ။ ပရိသတ်ကြီးလည်း ဒါကို ဖတ်ပြီး ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ်လည်း ဗဟုသုတဖြစ်စရာ အကြောင်းအရာတွေကို ဆက်လက်တင်ဆက်သွားမှာဖြစ်လို့ အားပေးကြပါဦး . .

REF:talksport
Photo:Getty Images,The Independent
Naing Linn(Akhayar)
www.akhayar.com