ထိပ်သီးအသင်းတစ်သင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ဆိုတာက ဖိအားအရမ်းများလွန်းပါတယ်။ ပွဲတိုင်းလိုလို ခြေစွမ်းပြဖို့လိုအပ်သလို၊ ခြေစွမ်းပြရင်တောင်မှ နည်းပြက ယုံကြည်မှုမရှိလို့ အရန်ခုံပို့ခံရဖြစ်ရပ်တွေလည်း မနည်းမနောပါပဲ။ တချို့ကစားသမားတွေကတော့ အသင်းပြောင်းရွှေ့ခဲ့ကြပေမယ့် တချို့ကတော့ စိတ်ဓာတ်ပြင်းပြင်းနဲ့ ပွဲထွက်ခွင့်တစ်နေရာ ပြန်ရအောင် ကြိုးစားခဲ့သူတွေလည်းရှိခဲ့ဖူးတယ်။ ဒါကြောင့် နည်းပြရဲ့ ခေါက်ထားခံခဲ့ရပြီးမှ ပွဲထွက်တစ်နေရာပြန်ရအောင် ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေကို ဖော်ပြလိုက်ရပါတယ် . . .

Sergio Aguero & Pep Guardiola

ဂွါဒီယိုလာ Pep Guardiola မန်စီးတီးအသင်းကို စတင်ကိုင်တွယ်ခဲ့ချိန်မှာ အဓိက တိုက်စစ်မှူး အဂွဲရိုး Sergio Aguero အသင်းက ထွက်ခွာဖို့ နီးစပ်ခဲ့တယ်ဆိုရင် ဘယ်သူမှ ယုံနိုင်မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဂွဲရိုးရဲ့ ကစားန်ဟာ ဂွါဒီယိုလာ ကြိုက်နှစ်သက်တဲ့ပုံ မဟုတ်တာကြောင့် အစပိုင်းမှာ ဘရာဇီးလ်လူငယ်တိုက်စစ်မှူး ဂျေးဆူ Gabriel Jesus ကို နေရာပေးခဲ့တယ်။ ဒါပေမဲ့လည်း ပရီးမီးယားလိဂ် ကစားဟန်နဲ့ အသားအကျတာကြောင့် အဂွဲရိုးဟာ နေရာပြန်ရခဲ့ပြီး ဂိုးတွေတဒိုင်းဒိုင်း သွင်းပြခဲ့တော့ ဂွါဒီယိုလာလည်း အဂွဲရိုးကို နောက်ထပ် မထိရဲတော့ပါဘူး။

David Beckham & Fabio Capello

ဒီနှစ်ယောက်ရဲ့ ဖြစ်ရပ်ကတော့ တကယ့်ကို လူသိထင်ရှားဖြစ်ခဲ့ပါတယ်။ နှစ်ယောက်စလုံးကလည်း ဘောလုံးလောကမှာ အထင်ကရတွေဖြစ်ကြတာကြောင့် သူတို့နှစ်ယောက်ရဲ့ Clash က ဘယ်လိုအဆုံးသတ်မလဲဆိုတာ စိတ်ဝင်စားစရာဖြစ်ခဲ့ရတယ်။ ၂၀၀၆-၀၇ ရာသီတုန်းက ရီးယဲလ်အသင်းမှာ သူတို့နှစ်ယောက် ဆုံတွေ့ခဲ့ပြီး ကာပယ်လို Fabio Capello က ဘက်ခမ် David Beckham ရဲ့ အကျင့်စရိုက်ကို သဘောမကျလို့ လူစာရင်းကနေ အသားလွတ် ချန်လှပ်ခဲ့တယ်။ ဒါပေမဲ့ ဘက်ခမ်ဆိုတာက စိတ်ဓာတ်ပြင်းထန်တဲ့သူ၊ ဘယ်တော့မှ အရှုံးမပေးတတ်တဲ့သူဖြစ်လို့ ပွဲထွက်ခွင့်ရအောင် အသည်းအသန်ပြန်ရုန်းပြခဲ့ပြီး ရာသီကုန်မှာ အသင်းနဲ့အတူ လာလီဂါချန်ပီယံဆုကိုပါ ယူပြခဲ့ပါတယ်။

Anthony Martial & Mourinho

မာစီယဲလ် Anthony Martial ရဲ့ ဇာတ်လမ်းကတော့ သိပ်မကြာသေးပါဘူး။ မာစီယဲလ်ဟာ အရည်အသွေးရှိတဲ့ ကစားသမားတစ်ယောက်ဆိုတာ အားလုံးအသိပါပဲ။ ဒါပေမဲ့ အဲဒီတုန်းက နည်းပြ မော်ရင်ဟို Mourinho ဟာ ဘယ်ခြမ်းမှာ ရပ်ရှ်ဖို့ဒ် Rashford ၊ အလက်ဆစ်ဆန်းချက်ဇ် Alexis Sanchez တို့ကို ပွဲထုတ်ခဲ့တာကြောင့် မာစီယဲလ်ကို Line Up Out ခဲ့တယ်။ မာစီယဲလ်ဟာ အခုရာသီအစတုန်းက မန်ယူနဲ့ လမ်းခွဲတော့မယ်လို့ သတင်းတွေတောင် ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာ မာစီယဲလ်က ပွဲထွက်ခွင့်ရတဲ့အချိန်ဆိုရင် ဂိုးတွေသွင်း ခြေစွမ်းပြခဲ့လို့ ပွဲထွက်ခွင့်ပြန်ရခဲ့တယ်။ ဆိုးလ်ရှား Ole Gunnar Solskjaer လက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ပြန်ရခဲ့ပေမယ့် ဒဏ်ရာပြဿနာတွေကြောင့် ထိုးနှက်ချက်ဖြစ်ခဲ့ရတယ်။

REF:sportskeeda
Photo:The Busby Babe,witters,101 Great Goals,
Naing Linn(Akhayar)
www.akhayar.com