၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကတော့ အဆုံးသတ်သွားပါပြီ။ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် မန်စီးတီးအသင်းက (၂)နှစ်ဆက်ဗိုလ်စွဲခဲ့သလို သွင်းဂိုးအများဆုံး ရွှေဖိနပ်ဆုကိုတော့ ထူးထူးခြားခြားပဲ အာဖရိက ကစားသမားတွေဖြစ်တဲ့ ဆာလာ Mohamed Salah ၊ အူဘာမီယန်း Aubameyang ၊ မာနေး Mané တို့က (၂၂)ဂိုးစီနဲ့ ပူးတွဲရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ ဂိုးတွေတဒိုင်းဒိုင်းသွင်းပြီး ခြေစွမ်းပြခဲ့တဲ့သူတွေရှိသလို ဂိုးပေါက်ကန်သွင်းမှု အများဆုံးဖြစ်ခဲ့ပေမယ့် တစ်ဂိုးမှ မရခဲ့တဲ့ ကံဆိုးသူမောင်ရှင်တွေလည်း ရှိခဲ့ပါတယ်။ အဲဒီကစားသမားတွေက ဘယ်သူတွေလဲဆိုတော့ . . .

10 – Andre-Frank Zambo Anguissa – 21 shots

ဖူလ်ဟမ်အသင်းဟာ အသင်းရဲ့ကွင်းလယ်ခံစစ်အတွက် Defensive Midfielder ဖြစ်သူ အန်ဂွစ်ဆာ Anguissa ကို မျှော်လင့်တကြီးနဲ့ ခေါ်ယူခဲ့ပေမယ့် သူဟာ အသင်းအတွက် အကျိုးမပြုနိုင်ခဲ့ပါဘူး။ ဒီရာသီမှာ ဖူလ်ဟမ်အသင်း ခံစစ်က ပေးဂိုး(၈၁)ဂိုးအထိပေးခဲ့ရသလို အန်ဂွစ်ဆာဟာ ကွင်းလယ်ခံစစ်မှာရော၊ တိုက်စစ်အတွက်ပါ အားကိုးလို့ မရတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ ဒီကင်မရွန်းသားဟာ ဖူလ်ဟမ်အသင်းအတွက် (၂၂)ပွဲကစားခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှု (၂၁)ကြိမ်အထိရှိခဲ့ပေမယ့် သွင်းဂိုးမရှိ၊ ဂိုးဖန်တီးမှု မရှိဆိုတဲ့ မှတ်တမ်းဆိုးနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

9 – Ben Mee – 21 shots

ဘန်လေအသင်း နောက်ခံလူ ဘန်းမီး Ben Mee ဟာ ခံစစ်ကစားသမားဖြစ်လို့ ဂိုးမသွင်းနိုင်တာတော့ သိပ်မထူးဆန်းပါဘူး။ ဘန်လေအသင်း ခံစစ်ပိုင်းအတွက် Solid ဖြစ်အောင် စွမ်းဆောင်ခဲ့ပေမယ့် တိုက်စစ်ကို လိုက်ပါတဲ့နေရာမှာတော့ အားနည်းခဲ့ပါတယ်။ ဘန်းမီးရဲ့ ဂိုးပေါက်ကန်သွင်းချက်က (၂၁)ကြိမ်ရှိခဲ့ပေမယ့် ဂိုးပေါက်ရှာမတွေ့ခဲ့ဘဲ အခုဆိုရင် ဘန်းမီးဂိုးပေါက်ပျောက်နေတာက (၈၁)ပွဲအထိရှိလာပါပြီ။

8 – Alireza Jahanbakhsh – 21 shots

ဒတ်ခ်ျနာမည်ကျော်ကလပ် AZ အယ်လ်ခမာအသင်းမှာ (၈၅)ပွဲကစား (၃၄)ဂိုးအထိ သွင်းယူခဲ့ပြီး ခြေစွမ်းပြခဲ့တဲ့ အီရန်တောင်ပံကစားသမား ဂျာဟန်ဘတ်ရှ် Alireza Jahanbakhsh ဟာ ပရီးမီးယားလိဂ်မှာတော့ မှန်းချက်နဲ့နှမ်းထွက် မကိုက်ခဲ့ပါဘူး။ နယ်သာလန်မြေက ခြေစွမ်းကောင်းကို အင်္ဂလန်မြေဆီ မယူဆောင်နိုင်ခဲ့တဲ့ ဂျာဟန်ဘတ်ရှ်ဟာလည်း ဂိုးပေါက်ကန်သွင်းမှု (၂၁)ကြိမ်ရှိခဲ့ပေမယ့် သူ့ရဲ့ကန်ချက်တွေက ဂိုးပိုက်နဲ့ မိတ်ဆက်ခွင့် မရခဲ့ပါဘူး။ ဒါပေမဲ့ ဘရိုက်တန်အသင်း ကံကောင်းခဲ့ပြီး တန်းဆင်းအန္တရာယ်နဲ့ ရှောင်လွှဲနိုင်ခဲ့လို့သာ ဂျာဟန်ဘတ်ရှ်က ဓားစာခံ မဖြစ်ခဲ့တာပါ။

7 – Joe Bryan – 21 shots

ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ ဖူလ်ဟမ်အသင်းရဲ့ တစ်ကျော့ပြန်ပရီးမီးယားလိဂ် ခရီးက စိတ်ပျက်စရာတွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဘယ်ခြမ်းတစ်လျှောက်မှာ နေရာစုံကစားနိုင်တဲ့ ဂျိုးဘရိုင်ယန် Joe Bryan အတွက်လည်း ပရီးမီးယားလိဂ်ရဲ့ စိန်ခေါ်မှုက ခက်ခဲကြမ်းတမ်းလွန်းပါတယ်။ အသင်းဖော် အန်ဂွစ်ဆာ Anguissa လိုပဲ ဂိုးပေါက်ကန်သွင်းချက် (၂၁)ကြိမ်ရှိခဲ့ပေမယ့် ဂိုးမသွင်းနိုင်ခဲ့ဘဲ သူတို့နှစ်ဦးပေါင်း ဂိုးပေါက်ကန်သွင်းမှု (၄၂)ကြိမ်မှာ တစ်ဂိုးမှ မသွင်းနိုင်ခဲ့တာက ဖူလ်ဟမ်အသင်းရဲ့ ကံကြမ္မာဆိုးကို လက်တွေ့ဖြစ်လာစေခဲ့တာတယ်လို့ ပြောရမှာပါ။

6 – Ben Chilwell – 22 shots

ပြီးခဲတဲ့နှစ်၊ အောက်တိုဘာလတုန်းက အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရခဲ့တဲ့ လက်စတာ ဘယ်နောက်ခံလူ ချီဝဲလ် Ben Chilwell အတွက် ဒီရာသီက စိတ်ပျက်စရာဖြစ်ခဲ့ရတယ်။ အသက်(၂၂)နှစ်သာရှိသေးတဲ့ ချီဝဲလ်ဟာ ပရီးမီးယားလိဂ်(၃၆)ပွဲကစားခဲ့ပေမယ့် တစ်ဂိုးမှ မသွင်းနိုင်ခဲ့ပါဘူး။ ဂိုးပေါက်ကန်သွင်းမှု (၂၂)ကြိမ်မှာ တစ်ဂိုးမှ မသွင်းနိုင်တဲ့ ကစားသမားတစ်ဦးအတွက် အောင်မြင်တဲ့ရာသီလို့ မသတ်မှတ်နိုင်ပါဘူး။

ပရိသတ်ကြီးရေ . .ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ကန်သွင်းမှု အများဆုံးဖြစ်ခဲ့ပေမယ့် ဂိုးပေါက်ပျောက်ခဲ့တဲ့သူတွေထဲက (၅)ဦးကို အရင်ဆုံးဖော်ပြခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ကစားသမား (၅)ဦးကို ဆက်လက်ဖော်ပြသွားမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး . . .

REF:dreamteamfc
Photo:Reuters,Getty Images,AFP
Naing Linn(Akhayar)
www.akhayar.com