ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက ကစားခဲ့တဲ့ လိဂ်ဖလားဗိုလ်လုပွဲမှာ ချယ်လ်ဆီးနည်းပြဆာရီ Maurizio Sarri နဲ့ ဂိုးသမား ကီပါ Kepa Arrizabalaga တို့ရဲ့ဖြစ်ရပ်က တော်တော်ရုပ်ဆိုးတဲ့ အဖြစ်အပျက်လို့ ပြောရမယ်။ လူစားလဲခံရလို့ ကစားသမားတစ်ဦး အရန်ခုံပေါ်မှာ ပေါက်ကွဲခဲ့တဲ့အဖြစ်အပျက်တွေက ဘောလုံးလောကမှာ သိပ်မဆန်းပေမယ့် နည်းပြက လူစားလဲဖို့ ခေါ်တာတောင် လက်မခံဘဲ ကွင်းထဲမှာ ဆက်ကစားတဲ့ လုပ်ရပ်ကတော့ တကယ့်ရှားရှားပါးပါးပါပဲ။ ဒါပေမဲ့ အဲဒီလိုမျိုးက ရှိတော့ရှိခဲ့ဖူးတယ်။ ပိုအံ့အားသင့်ဖို့ကောင်းတာက အဲဒီလို ပရော်ဖက်ရှင်နယ်မဆန်တဲ့ လုပ်ရပ်မျိုးကို တကယ့်ထိတ်ထိတ်ကြဲ ကစားသမားတွေက ပြုမူခဲ့တာဖြစ်ပါတယ်။

ပထမဆုံး ဖော်ပြချင်တာက ပရိသတ်တွေ ဘယ်လိုမှ မထင်မှတ်ထားတဲ့ ဘာစီလိုနာ နာမည်ကျော် တိုက်စစ်မှူး မက်ဆီ Lionel Messi ဖြစ်နေပါတယ်။ ၂၀၁၄၊ အောက်တိုဘာလတုန်းက အီဘာကို (၃)ဂိုးပြတ်နဲ့ အနိုင်ရနေချိန်မှာ နည်းပြအင်းနရစ် Luis Enrique က မက်ဆီကို အနားပေးဖို့အတွက် လူစားလဲဖို့ ပြင်ဆင်ခဲ့ပေမယ့် မက်ဆီက ပွဲဆက်ကစားချင်တဲ့အတွက် ငြင်းဆန်ခဲ့တာကြောင့် အင်းနရစ်ဟာ သူ့အစား နေမာ Neymar ကို လူစားလဲခဲ့ရတယ်။

နောက်တစ်ဦးက ဆွီဒင် ၀ါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ် Zlatan Ibrahimovic ဖြစ်ပါတယ်။ အီဘရာဟီမိုဗစ်ဟာ အရင်တုန်းကတည်းက ခပ်ကြမ်းကြမ်း အကျင့်စရိုက်ရှိသူဖြစ်ပြီး မထင်ရင်မထင်သလို လုပ်တတ်သူဆိုတာ ပရိသတ်တွေလည်း အသိပါပဲ။ အေစီမီလန် ကစားသမားဘ၀ ၂၀၁၀ ခုနှစ်တုန်းက ဂိုးသွင်းအပြီး သူ့ပုံစံအတိုင်း ခြေထောက်နဲ့ မြှောက်ကန်အောင်ပွဲခံခဲ့ချိန်မှာ ဒဏ်ရာရခဲ့တာကြောင့် နည်းပြအယ်လီဂရီ Max Allegri က လူစားလဲဖို့ လုပ်ခဲ့ပေမယ့် သူကတော့ ခပ်တည်တည်ပဲ ပွဲကို ဆက်ကစားခဲ့ပါတယ်။

နောက်ဆုံးကတော့ ပေါ်တူဂီနာမည်ကျော် ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ပါပဲ။ ၂၀၁၇ ခုနှစ်တုန်းက ဘိုင်ယန်မြူးနစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ နည်းပြဇီဒန်း Zinedine Zidane က စီရော်နယ်လ်ဒိုကို အနားပေးပြီး လူစားလဲဖို့ ပြင်ဆင်ခဲ့ပေမယ့် စီရော်နယ်လ်ဒိုကတော့ ပွဲပြီးတဲ့အထိ ဆက်ကစားခဲ့ပါတယ်။ ဒီကစားသမားတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရပ်က မန်စီးတီးတိုက်စစ်မှူးဟောင်း တီဗက်ဇ် Carlos Tevez ရဲ့အဖြစ်အပျက်ပါ။ သူကတော့ လူစားဝင်ကစားဖို့ ငြင်းဆန်ခဲ့လို့ ဒဏ်ငွေချမှတ်ခံခဲ့ရပါတယ်။ ဘောလုံးလောကမှာ နည်းပြဆိုတာက အသင်းတစ်သင်းအတွက် အာဏာအရှိဆုံးပုဂ္ဂိုလ်လို့ သတ်မှတ်ရမှာဖြစ်ပေမယ့် မော်ဒန်ဘောလုံးလောကမှာတော့ ကစားသမားက နည်းပြထက် ပိုအာဏာရှိလာတဲ့ အနေအထားတွေကိုလည်း တွေ့နေရပါပြီ။ ကစားသမားတွေ ပေါင်းသတ်လို့ ရာထူးက ထွက်ခဲ့ရတဲ့ ထိပ်သီးနည်းပြတွေလည်း ရှိနေပါတယ်။ ဖာဂူဆန် Alex Ferguson ၊ အာစင်ဝင်းဂါး Arsene Wenger တို့ ခေတ်တုန်းကလို တာဝန်ရှိသူတွေသာ နည်းပြတွေဘက်ကို အာဏာအပြည့်အ၀ မပေးထားရင်တော့ ကီပါနဲ့ ဆာရီလိုဖြစ်ရပ်တွေက နောက်ထပ် မြင်တွေ့ရဦးမှာပဲဖြစ်ပါတော့တယ် . . .

REF:Daily Mail
Photo:The SportsRush,Goal,The Times
Naing Linn(Akhayar)
www.akhayar.com