ပလတ်စတစ်ပစ္စည်းတွေဟာ အသုံးပြုရတာလွယ်ပေမယ့် ဘေးထွက်ဆိုးကျိုးတွေက များလွန်းပါတယ်။ မြေပြင်မှာ စွန့်ပစ်လိုက်မယ်ဆိုရင်တောင် နှစ်ပေါင်းများစွာကြာတဲ့အထိ မဆွေးမြေ့သွားဘဲ မြေဆီလွှာတွေကို ပျက်စီးစေပါတယ်။ ၂ဝ၁၈ ခုနှစ်အတွင်းမှာတင် ကမ္ဘာတစ်လွှားမှာ ပလတ်စတစ်တန်ချိန် သန်းပေါင်း (၃၈ဝ) အထိ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ ထုတ်လုပ်ခဲ့တဲ့ ပလတ်စတစ်ပမာဏထဲက (၉) ရာခိုင်နှုန်းသာ ပြန်လည်သုံးစွဲနိုင်ခဲ့ပြီး (၁၂) ရာခိုင်နှုန်းသာ မီးရှို့ ပြီး လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။

ကျန်တဲ့ (၇၉) ရာခိုင်နှုန်းနီးပါးက မြေထု၊ ရေထုထဲကို ရောက်ရှိကုန်ပြီး သက်ရှိသတ္တဝါတွေကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေဟာ ပလတ်စတစ်သုံးစွဲမှုကို အတက်နိုင်ဆုံးနည်းပါးလာအောင် ကြံဆောင်လာကြပါတယ်။ ပလတ်စတစ်သုံးစွဲမှုလျော့ချရေးကို ဦးဆောင်ခဲ့ကြတဲ့ ကုမ္ပဏီကြီး (၅) ခုအကြောင်းကို ဖော်ပြလိုက်ပါတယ်။

(၁) ASDA Supermarket

ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ ASDA Supermarket ဟာ Plastic Breakdown Program ကို ဦးဆောင်ခဲ့ရုံမက ၂ဝ၁၈ခုနှစ်အတွင်းမှာ ပလတ်စတစ်သုံးစွဲမှု (၁ဝ) ရာခိုင်နှုန်းအထိ လျော့ချမယ်လို့ ကတိပြုခဲ့ပါတယ်။ ဒီပမာဏဟာ ဆိုင်ခွဲပေါင်း (၆၄၂) အထိဖွင့်ထားတဲ့ ASDA Supermarket အတွက် အအေးပိုက်ပေါင်း (၂.၄) သန်းအထိ ကာမိစေပါတယ်။ နောက်ပြီးတော့ ၂ဝ၁၉ခုနှစ်မှာ စတိုးဆိုင်တိုင်းမှာလည်း တစ်ခါသုံးပလတ်စတစ်ခွက်နဲ့ ဇွန်းခက်ရင်းတွေကို အသုံးမပြုတော့ပါဘူးလို့တောင် ဆိုခဲ့ပါတယ်။

၂ဝ၂၅ခုနှစ်ပိုင်းကိုရောက်ရင် အထုတ်အပိုးတွေကို ပလတ်စတစ်တွေအစား ကတ်ထူပုံးတွေကိုပဲ သုံးတော့မယ်လို့ ကတိပေးခဲ့ပါတယ်။ တစ်ပတ်အတွင်းမှာ ဖောက်သည် (၁၈) သန်းအထိရှိနေတဲ့ ASDA Supermarket အတွက် Plastic Breakdown Program ဟာ အလုပ်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

(၂) McDonald’s

အမေရိကန်နိုင်ငံ ချီကာဂိုမြို့ မှာ အခြေစိုက်တဲ့ McDonald’s ဟာ ကမ္ဘာတစ်လွှားမှာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းပြဿနာအတွက် တာဝန်ရှိတယ်လို့ ခံယူထားပြီး နောင် (၈) နှစ်အတွင်း အထုတ်အပိုးတိုင်းမှာလည်း ပြန်လည်အသုံးပြုလို့ရတဲ့ ကတ်ထူပုံးလို့ပစ္စည်းမျိုးကို ရာနှုန်းပြည့်အစားထိုးသွားမယ်လို့ ဆိုထားပါတယ်။

ကမ္ဘာတစ်လွှားမှာ ဆိုင်ခွဲပေါင်း (၃၆,၉ဝဝ) အထိရှိတဲ့ McDonald’s အတွက် ဒီလှုပ်ရှားမှုဟာ အလုပ်ဖြစ်တယ်လို့ဆိုနိုင်ပြီး ပလတ်စတစ်စွန့်ပစ်ပစ္စည်းပမာဏ အတော်အတန်လျော့သွားမယ်လို့ ဆိုနိုင်ပါတယ်။

(၃) Costa Coffee

ဗြိတိန်နိုင်ငံမှာ အခြေစိုက်တဲ့ Costa Coffee ဆိုင်ကြီးဟာ ဆိုင်ခွဲပေါင်း (၃၄ဝ၁) အထိရှိပြီး အရင်တုန်းက တစ်ခါသုံးပလတ်စတစ်ခွက်တွေကိုသာ အသုံးပြုခဲ့ပါတယ်။

အခုနောက်ပိုင်းမှာတော့ တစ်ခါသုံးခွက်တွေကို ဖယ်ရှားပစ်ခဲ့ပြီး စက္ကူခွက်နဲ့ ထုတ်ပိုးထားတဲ့ကော်ဖီတစ်ခွက် ဝယ်ယူတိုင်း ဈေးလျော့ခဲ့ပါတယ်။ ၂ဝ၂ဝခုနှစ်ရောက်ရင် ဆိုင်ခွဲတိုင်းမှာ ပြန်လည်အသုံးပြုနိုင်တဲ့ ခွက်ပေါင်း သန်း (၅ဝဝ) အထိ အသုံးပြုသွားမယ်လို့ ဆိုထားပါတယ်။

(၄) Starbucks Coffee

အမေရိကန်နိုင်ငံရဲ့ ကော်ဖီကုမ္ပဏီကြီး Starbucks ကတော့ ပလတ်စတစ်ပစ္စည်းကြောင့် ကမ္ဘာကြီးညစ်ညမ်းလာမှုဟာ သူတို့လည်း ပတ်သက်တယ်လို့ ဝန်ခံထားပြီး ၂ဝဝ၈ခုနှစ်မှာ တစ်ခါသုံးပလတ်စတစ်ခွက်တွေအစား စက္ကူခွက်တွေနဲ့ ရာနှုန်းပြည့်အစားထိုးသွားမယ်လို့ ဆိုခဲ့ပါတယ်။

ပြီးတော့ ၂ဝ၁၅ခုနှစ်မှာ ကော်ဖီခွက်တွေရဲ့  (၂၅) ရာခိုင်နှုန်းကို ပြန်လည်သုံးစွဲနိုင်တဲ့ ခွက်တွေနဲ့သာ ဖန်တီးသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

(၅) Evian

ပြင်သစ်နိုင်ငံရဲ့  ရေသန့်ကုမ္ပဏီ Evian ဟာ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေဟာ အနာဂတ်ကို ခြိမ်းခြောက်လာနိုင်တဲ့ ပြဿနာတစ်ခုလို့ ခံယူထားပြီး ပလတ်စတစ်ရေဘူးတွေအစား ပြန်လည်သုံးစွဲလို့ရတဲ့ ရေဘူးတွေနဲ့ အစားထိုးသွားမယ်လို့ ဆိုခဲ့ပါတယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ကလပ် စပါးအသင်းဟာလည်း Plastic Breakdown Program မှာ အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ပါသေးတယ်။ လက်ရှိတည်ဆောက်နေတဲ့ ပရိသတ် (၆၂,ဝဝ၀) ကျော်ဆန့် ကွင်းသစ်ကြီးမှာ ဧည့်သည်တော်အားလုံးကို ပလတ်စတစ်အိတ်ကို အသုံးပြုခွင့်ပေးမှာ မဟုတ်ဘဲ စက္ကူဘူး၊ အိတ်တွေကိုသာ အသုံးပြုစေမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ Plastic Breakdown Program ကို City Mart Holdings (CMHL) က စတင်တယ်လို့ ဆိုနိုင်ပြီး ၂ဝ၁၃ခုနှစ်မှာ ‘No Plastic Bag Day’ ကို marketplace by City Mart မှာ စတင်ခဲ့ပါတယ်။ ၂ဝ၁၄ခုနှစ်မှာတော့ ရန်ကုန်မြို့ မှာရှိတဲ့ City Mart Supermarket တိုင်းမှာ ‘No Plastic Bag Day’ ကို ဆက်လက်ကျင်းပခဲ့ပါတယ်။ ၂ဝ၁၈ခုနှစ်အထိ လတစ်လရဲ့ (၅)ရက်မြောက်နေ့ကို City Mart Supermarkets တိုင်းမှာ ‘No Plastic Bag Day’ အဖြစ် သတ်မှတ်ကြပြီး Marketplace မှာတော့ လတစ်လရဲ့နောက်ဆုံး တနင်္လာနေ့နဲ့ အင်္ဂါနေ့ကို သတ်မှတ်ခဲ့ပါတယ်။ ရန်ကုန်မြို့ မှာ အခုလို လုပ်ဆောင်ခဲ့တဲ့အတွက် ပလတ်စတစ်စွန့်ပစ္စည်းနဲ့ ပတ်သက်လို့ ပြည်သူလူထုကြားမှာ အသိပညာတိုးတက်လာခဲ့ပြီး City Mart Supermarket နဲ့ marketplace by City Mart တိုင်းမှာ တစ်ရက်တိုးပြီး ကျင်းပခဲ့တဲ့အထိ အောင်မြင်ခဲ့ပါတယ်။ ဒ့ါကြောင့် CMHL အနေနဲ့ မန္တလေးမြို့မှာရှိတဲ့ ဆိုင်ခွဲတိုင်းမှာလည်း ‘No Plastic Bag Day’ ကို ဆက်လက်သတ်မှတ်သွားမှာဖြစ်ပြီး ပြည်သူလူထုတွေအနေနဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းပြဿနာကို မပေါ့ဆဘဲ ပူးပေါင်းဆင်နွှဲကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အခရာ

www.akhayar.com