လူဘဝမှာ ရှင်သန်ရပ်တည်တဲ့အခါမျိုးမှာ ကိုယ်စိတ်အားထက်သန်ပြီး ကိုယ်လုပ်ချင်တဲ့နောက်ကို လိုက်ရတာထက် ဝမ်းရေးနဲ့ နေရေးထိုင်ရေးကို ဦးစားပေးစဉ်းစားရတဲ့အခါ ငွေကြေးနောက်ကို လိုက်ပြီး ရှင်သန်ကြရပါတယ်။ အဲဒီလိုရှင်သန်ကြရတဲ့အခါ ကိုယ်ဝါသနာပါတဲ့ အလုပ်မဟုတ်တဲ့အတွက် ဘဝကြီးမှာ ဘာအတွက် ရပ်တည်ရှင်သန်နေတာလဲဆိုပြီး မေးခွန်းတွေပြန်မေးကာ မွန်းကျပ်လာကြပါတယ်။ အဲဒီလိုမပျော်ရွှင် စိတ်ဖိစီးမှုတွေကနေ ရုန်းထွက်ပြီး ကိုယ်ပျော်ရာနောက်ကိုပဲ လိုက်လုပ်ရမလားဆိုပြီး တွေးလိုက်တဲ့အခါကြတော့လည်း နောက်ဆက်တွဲ ငွေရေးကြေးရေးကိစ္စတွေ၊နေရေးထိုင်ရေးကိစ္စတွေကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ မေးခွန်းတွေ တသီတတန်းကြီးနဲ့ ကြောက်စိတ်တွေ ဖြစ်ပေါ်လာစေပါတယ်။ ဒါပေမယ့်လည်း စိတ်ထောင်းလို့ကိုယ်ကြေဆိုပြီး ဆိုရိုးစကားလည်း ရှိတဲ့အတွက် စိတ်ချမ်းသာဖို့အတွက် Passion နောက်ကို လိုက်မယ်ဆိုရင်တော့ ဒီအချက်လေးတွေကို ကြိုတင်ပြင်ဆင်ထားရင် အရမ်းကြီး အခက်မတွေ့နိုင်တော့ပါဘူး။

အချိန်ယူပါ

အောင်မြင်နေတဲ့ အသက်မွေးဝမ်းကျောင်းကနေထွက်ပြီး Passion နောက်ကိုလိုက်မယ်ဆိုရင်တော့ အသစ်တစ်ခုကို ပြန်တည်ဆောက်ရတာမို့ သေချာပေါက် အချိန်ယူဖို့ လိုအပ်ပါတယ်။ ဘာမှမပြင်ဆင်ထားဘဲနဲ့ ဒီတိုင်းကြီး အလုပ်ထွက်ပြီး Passion နောက်ကို လိုက်မယ်ဆိုရင်တော့ ပြောင်းလဲမှုတွေ ရုတ်တရက်ဖြစ်လို့ ဒုက္ခတွေ သေချာပေါက် တွေ့နိုင်ပါတယ်။ အဲဒီလို ဒုက္ခတွေ မကြုံဖို့အတွက်ဆို သေချာပေါက် အချိန်ယူ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ပြီး အချိန်ယူစဉ်စားပြီးမှ ပြောင်းလဲပါ။

စိတ်ကိုကြိုတင်ပြင်ဆင်ထားပါ

အလုပ်ကိုထွက်ပြီး Passion နောက်ကို လိုက်ပြီဆိုရင်တော့ စိတ်ပင်ပန်းမှုတွေ တသီကြီး ကြုံတွေ့ရနိုင်ခြေရှိလို့ စိတ်ကို ကြိုတင်ပြင်ဆင်ထားဖို့လည်း လိုအပ်ပါတယ်။ ဒီလိုအချိန်မျိုးမှာဆိုရင် ကိုယ်နဲ့ရင်နှီးပြီး ရင်ဖွင့်လို့ရတဲ့သူတွေနဲ့ များများတွေ့ပေးတာမျိုး၊ ကိုယ်အပေါင်းအသင်းထဲမှာ ကိုယ်လို Passion နောက်လိုက်တဲ့သူတွေရှိရင် သူတို့နဲ့ စကားပြောကြည့်ခြင်းကနေ စိတ်သက်သာရာရစေသလို အကြံဥာဏ်ကောင်းတွေ၊ အကူအညီတွေလည်း အများကြီး ရစေမှာပါ။

ထွက်ပြီးနောက်ဘာလုပ်မယ်ဆိုတာကိုကြိုတင်ပြင်ဆင်ပါ

Passinon နောက်လိုက်မယ်ဆိုပြီး အလုပ်ကနေ ထွက်ပြီးသွားပြီးရင် နောက်ဘာဆက်လုပ်မယ်ဆိုတဲ့ အစီအစဉ်တော့ ရှင်းရှင်းလင်းလင်းလေး ရှိနေဖို့ လိုအပ်ပါတယ်။ ကိုယ် Passion နောက် လိုက်ဖို့ဆိုရင် Passion ကို အထောက်အပံ့ဖြစ်စေတဲ့ ဝင်ငွေကတော့ ရှိနေဖို့လိုအပ်တဲ့အတွက် ဘာဆက်လုပ်မယ်ဆိုတာကို ကြိုတင်စီစဉ် တွေးတောထားရင် အလုပ်ထွက်ပြီး Passion နောက်လိုက်ရင်တောင်မှ ငွေအတွက်နဲ့ စိတ်ဆင်းရဲနေရတော့မှာ မဟုတ်ပါဘူး။

အရေးပေါ်သုံးဖို့ငွေကိုကြိုစုထားပါ

အလုပ်ကနေထွက်ပြီး Passion နောက်ကိုလိုက်မယ်ဆိုရင် သေချာပေါက် ကြိုတင်ပြင်ဆင်ထားရမှာက အရေးပေါ်သုံးဖို့ ငွေတွေဘာတွေ ကြိုစုထားဖို့ပါ။ ဒါကြောင့်မို့ Passion နောက်ကို လိုက်မယ်လို့ အသေအချာဆုံးဖြတ်ပြီးရင် ငွေအလုံအလောက်စုထားပြီးမှ အလုပ်ကနေထွက်ပါ။

Passion ကနေ ငွေဘယ်လိုရှာရမလဲဆိုတာ ကြိုစဉ်းစားထားကြည့်ပါ

ကိုယ်နှစ်သက်တဲ့ Passion ကိုလုပ်ရရင် ပျော်ရွှင်ရတော့မှာမို့ အပျော်တွေပဲ လွန်နေမယ်အစား Passion ကနေ ဘယ်လိုငွေရှာလို့ရမလဲဆိုတာကို ကြိုတင်တွေးတော စဉ်းစားကြည့်ပါ။ အလုပ်မထွက်ခင် အရင်ဆုံး ကိုယ် Passion နဲ့ လုပ်လို့ရမယ့် အလုပ်တွေကို စာရင်းပြုစုပြီး ကြိုတင်အစီိအစဉ်တွေ ဆွဲထားကြည့်ပါ။ ဥပမာပြောပြရမယ်ဆိုရင် ခရီးသွားရတာကို အရူးအမူးဖြစ်တဲ့သူဆိုရင် ခရီးတွေထွက်ပြီး Travel Blog တွေလုပ်ကာ ဝင်ငွေတွေရှာကြည့်ပါ။ ဟင်းချက်ဝါသနာပါသူဆိုရင်လည်း အိမ်မှာ ဟင်းတွေချက်ပြီး  အိမ်တွင်းစီးပွားရေးအသေးစားလေးလုပ်ကြည့်ပါ။

မျှော်လင့်ချက်တွေကိုမစွန့်လွှတ်ပါနဲ့

Passion ကို လုပ်ဆောင်တဲ့အခါမှာ အခက်အခဲပေါင်းသောင်းခြောက်ထောင်ကို ကြုံတွေ့နိုင်တာမို့ မျှော်လင့်ချက်ကင်းမဲ့တာမျိုး မဖြစ်မိအောင် စိတ်ကိုကြိုတင်ပြင်ဆင်ထားပါ။ Passion ကို အောင်အောင်မြင်မြင်လုပ်နိုင်ဖို့အတွက်ဆို ဇွဲလုံလဆိုတဲ့ အကောင်းဆုံးလက်နက်ကိုသာ ကောင်းကောင်း အသုံးချပါ။ အသစ်တစ်ခုခုကိုစလုပ်ရင် ချက်ချင်းမအောင်မြင်နိုင်သလိုမျိုး Passion ကို လုပ်တဲ့အခါမှာလည်း မအောင်မြင်နိုင်တာမျိုးတွေ ဖြစ်နိုင်လို့ ထပ်ခါထပ်ခါကြိုးစားနိုင်ဖို့ စိတ်ကို ကြိုပြင်ဆင်ထားပါ။ ဘာတွေပဲ ကြုံလာ ကြုံလာ ဖြေရှင်းမယ်ဆိုပြီး ကြိုတင်စိတ်ဆုံးဖြတ်ထားနိုင်ကာမှ Passion ကို အောင်အောင်မြင်မြင်လုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ထပ်လိုအပ်တာ တစ်ခုကတော့ စိတ်ရှည်သည်းခံဖို့ပါပဲ။ အောင်မြင်မှုကလည်း လွယ်လွယ်နဲ့ မရသလို Passion ကလည်း လွယ်လွယ်နဲ့ မအောင်မြင်နိုင်လို့ စိတ်ရှည်သည်းခံပြီး မဆုတ်မနစ်နဲ့ ကြိုးစားကျော်ဖြတ်နိုင်ဖို့ပဲ လိုအပ်ပါတယ်။

ဒီအချက်တွေကိုသာ ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ကိုယ်ရဲ့ Passion နောက်ကို လိုက်တဲ့အခါ ဒီအတိုင်းကြီးအလုပ်ထွက်ပြီးလိုက်တာထက် အခက်အခဲပိုနည်းသွားစေမှာပါ။ လူတိုင်းလည်း ကိုယ်ရဲ့ Passion နဲ့ ကိုက်ညီတဲ့ အလုပ်အကိုင်တွေ လုပ်ကိုင်ခွင့်ရကြပြီး ပျော်ရွှင်တက်ကြွတဲ့ ဘဝတွေကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

H.H(Akhayar)

www.akhayar.com