ဓာတ်ပုံတွေဟာ သမိုင်းကြောင်းကို အထင်သားပြောပြနိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဒီထဲက တော်တော်များများဟာ သတင်းဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ တချို့ဓာတ်ပုံတွေက သင့်ကိုအတော်လေးတုန်လှုပ်သွားစေနိုင်တဲ့အထိ ကိုင်လှုပ်နိုင်ပါတယ်။ သင်မှ မဟုတ်ပါဘူး။ ကမ္ဘာတဝန်းက လူတွေပါ တုန်လှုပ်သွားစေခဲ့တာပါ။ ဒီလိုမျိုးတွေအထိ ကိုင်လှုပ်နိုင်ခဲ့တဲ့ ဓာတ်ပုံတချို့နဲ့ သူတို့ရဲ့ နောက်ကွယ်က အကြောင်းအရာတွေကို ဗဟုသုတအနေနဲ့ အခရာက ဝေမျှပေးလိုက်ပါတယ်။

ပြုတ်ကျနေတဲ့လူ

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက်နေ့လို့ ပြောလိုက်ရင် ဘယ်အကြောင်းအရာကို ပြောချင်လဲဆိုတာ ရှင်းပြဖို့ လိုမယ် မထင်ပါဘူး။ AP သတင်းဌာနက Richard Drew လို့ခေါ်တဲ့ ဓာတ်ပုံဆရာတစ်ယောက် ရိုက်ထားတဲ့ World Trade Center အကြမ်းဖက်ခံရတဲ့အချိန်မှာ အမိဖမ်းလိုက်နိုင်တဲ့ ဒီဓာတ်ပုံဟာ ကြည့်လိုက်သူတွေရဲ့ ရင်မှာ ဝမ်းနည်းခြင်းတွေကို ဖြစ်ပေါ်လာစေတဲ့အထိ အသက်ဝင်လွန်းပါတယ်။

အနားယူနေတဲ့ ဆောက်လုပ်ရေးသမားတွေ

၁၉၃၂ ခုနှစ်က ပုံဖြစ်ပါတယ်။ Rockefeller Center တည်ဆောက်ရေးလုပ်ငန်းခွင်ရဲ့ ၆၉ထပ်မှာ ဆောက်လုပ်ရေး အလုပ်သမားတွေ အနားယူနေတာကို ရိုက်ထားတာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်ကလေးငယ်

၁၉၃၃ ခုနှစ်ဖွား Lina Medina လို့ ခေါ်တဲ့ ကလေးမဟာ ဆေးပညာသမိုင်းမှာ အသက်အငယ်ဆုံး မိခင်တစ်ဦးဖြစ်ပါတယ်။ဘာလို့ ဒီလိုပြောရလဲဆိုရင် သူ့ အသက် ၅ နှစ်နဲ့ ၇ လအရွယ်မှာ မီးဖွားခဲ့လို့ပါ။ သူ့မိဘတွေက တဖြည်းဖြည်းဗိုက်ကြီးလာတဲ့ သမီးဖြစ်သူကို ဆေးခန်းသွားပြရာက ကိုယ်ဝန်ရှိမှန်း သိခဲ့ရတာပါ။ အစကတော့ ဆရာဝန်တွေ ကိုယ်တိုင်လည်း Tumor လို့ ယူဆခဲ့ကြပါသေးတယ်။ ဒီနောက်မှာတော့ သူမမှာ ကိုယ်ဝန် ၇ လ လွယ်ထားရတယ်ဆိုတာကို တွေ့ရှိခဲ့တာပါ။ Gerardo လို့ နာမည်ပေးထားတဲ့ သူမရဲ့သားယောက်ျားလေးဖြစ်သူဟာ သူ့အသက် ၁၀ မတိုင်ခင်အထိ သူ့မိခင် Lina ကို အစ်မအနေနဲ့ သိထားခဲ့တာပါ။ Gerardo ဟာ အသက် ၄၀ မှာ ကွယ်လွန်ခဲ့ပြီး Lina ကတော့ ခုချိန်ထိ အသက်ရှင်လျက် ရှိပါသေးတယ်။ သူမဟာ ၂၀၀၂ ခုနှစ်တုန်းက ရိုက်တာသတင်းဌာနရဲ့ အင်တာဗျူးကမ်းလှမ်းချက်ကိုလည်း ငြင်းဆန်ခဲ့ပါသေးတယ်။

အဖေနဲ့ သား

စစ်သုံ့ပန်းအနေနဲ့ အကျဉ်းကျနေတဲ့ သားအဖနှစ်ယောက်ပုံပဲ ဖြစ်ပါတယ်။ ကြမ်းတမ်းလွန်းတဲ့ အခြေအနေမှာ သားဖြစ်သူကို စိတ်သက်သာရာရအောင် လုပ်ပေးနေတဲ့ အဖေတစ်ယောက်ရဲ့ မေတ္တာကို တွေ့နိုင်ပါတယ်။

 

အရေးပေါ်လှေကားပြိုကျခြင်း

သားအမိနှစ်ယောက် မီးလောင်နေရာက လွတ်မြောက်ဖို့အတွက် ကြိုးစားရင်း အရေးပေါ်လှေကား ပြိုကျသွားတဲ့အချိန်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ဓာတ်ပုံဆရာက အမိအရဖမ်းနိုင်ခဲ့တာပါ။ ၁၉၇၅ ခုနှစ် ဇူလိုင်လတုန်းက Boston မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ဖြစ်ပါတယ်။

အဖြူနဲ့ အမည်း

၁၉၅၀ ခုနှစ်က ပုံဖြစ်ပါတယ်။ အဲ့ခေတ်အခါက အသားအရောင်ခွဲခြားမှုကို ကွက်ကွက်ကွင်းကွင်း မြင်ရမှာပါ။

ဘဝတစ်ခုစတင်ခြင်း

အောက်မှာ မြင်ရမယ့် ပုံကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းကြည့်မှန်ပြောင်းကို အသုံးပြုပြီး ရိုက်ထားတဲ့ ပထမဆုံးပုံပဲ ဖြစ်ပါတယ်။ ဘဝတစ်ခုစတင်ခြင်းလို့ နာမည်ပေးထားတဲ့ ဒီပုံဟာ ကလေးတစ်ယောက် ဝမ်းဗိုက်ထဲမှာ ဖြစ်တည်ပုံကို အထင်းသား မြင်နိုင်ပါတယ်။

၁၉၆၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ထုတ် Life Magazine မျက်နှာဖုံးအဖြစ် သုံးခဲ့တဲ့ ဒီပုံဟာ မဂ္ဂဇင်းထုတ်ဝေပြီး လေးရက်အတွင်းမှာပဲ Copy ၈ သန်းအထိ ရောင်းချနိုင်ခဲ့ပါတယ်။

Reference and Photo Credit – oddstuffmagazine

NSC (Akhayar)

www.akhayar.com