အရပ်ကလန်ကလားနဲ့ ဂိုးသွင်းပြီးရင် စက်ရုပ်အက ကပြလေ့ရှိသူ အင်္ဂလန်ဝါရင့်တိုက်စစ်မှူး ပီတာခရော့ခ်ျ Peter Crouch ကတော့ ဘောလုံးသမားဘ၀ကနေ အနားယူသွားပါပြီ။ အသက်(၃၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရော့ခ်ျဟာ ပြီးခဲ့တဲ့ရာသီက ဘန်လေအသင်းမှာ ကာလတိုနဲ့ ကစားခဲ့ပြီး လက်ရှိအချိန်မှာတော့ ဘောလုံးသမားဘ၀ကနေ အနားယူလိုက်ပြီဆိုတဲ့အကြောင်းကို သူ့ရဲ့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ခရော့ခ်ျက “ဒီနွေရာသီမှာ သေသေချာချာ စဉ်းစားပြီးတဲ့နောက်မှာတော့ ဘောလုံးလောကကနေ အနားယူဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါပြီ။ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ဘောလုံးပွဲတွေက ကျွန်တော့်ဘ၀အတွက် ပြီးပြည့်စုံမှုတွေကို ဖန်တီးပေးခဲ့ပါတယ်။ ကျွန်တော့်ကို ကူညီပေးခဲ့ကြတဲ့၊ ဘောလုံးလောကမှာ နှစ်ပေါင်းများစွာ ကျင်လည်နိုင်အောင် ဖေးမခဲ့ကြတဲ့သူတွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အသက်(၁၇)နှစ်အရွယ်မှာ တစ်ယောက်ယောက်က တစ်ချိန်ချိန်ကျရင် ကျွန်တော် ကမ္ဘာ့ဖလားကစားရမယ်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားခွင့်ရမယ်၊ FA ဖလားကို ကိုင်မြှောက်နိုင်မယ်၊ ပရီးမီးယားလိဂ် သွင်းဂိုး(၁၀၀)ပြည့်မယ်လို့ ခန့်မှန်းခဲ့ရင် ဘယ်လိုမှယုံမိမှာ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အိပ်မက်တွေအကုန်လုံးကို အကောင်အထည်ဖော်နိုင်ခဲ့ပြီးပါပြီ” လို့ ရေးသားခဲ့ပါတယ်။

ဘောလုံးလောကမှာ (၂၃)နှစ်ကြာ ကျင်လည်ခဲ့သူ ပီတာခရော့ခ်ျဟာ ကစားသမားဘ၀တစ်လျှောက် စပါး၊ လီဗာပူးလ်တို့လို ပရီးမီးယားလိဂ်ထိပ်သီးအသင်းတွေမှာ ကစားခွင့်ရခဲ့သလို ပို့စ်မောက်၊ ဗီလာ၊ ဆောက်သမ်တန်၊ စတုတ်စီးတီးအသင်းတွေမှာလည်း ကစားခဲ့သူပါ။ အဓိက ဆုဖလားအောင်မြင်မှုတွေကတေ့ လီဗာပူးလ်အသင်းနဲ့အတူ FA ဖလား၊ ကွန်မြူနတီဒိုင်းတို့သာ ရယူနိုင်ခဲ့ပေမယ့် ၂၀၀၆-၀၇ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကစားခွင့်ရခဲ့တာက သူ့အတွက် ဘာနဲ့မှ တန်ဖိုးဖြတ်လို့ မရပါဘူး။ နိုင်ငံအသင်းဖြစ်တဲ့ အင်္ဂလန်အသင်းအတွက် ၂၀၀၅ ကနေ ၂၀၁၀ ခုနှစ်အထိ ကစားခဲ့ပြီး (၄၂)ပွဲကစား (၂၂)ဂိုး သွင်းယူခဲ့ပါတယ်။ ၂၀၀၆၊ မေလ(၃၀)တုန်းက ဟန်ဂေရီနဲ့ ကစားခဲ့တဲ့ပွဲမှာ အင်္ဂလန်အသင်းအတွက် ဂိုးသွင်းအပြီး စက်ရုပ်အကနဲ့ အောင်ပွဲခံခဲ့သူ ပီတာခရော့ခ်ျကို ဘောလုံးလောကမှာ နောက်ထပ်မြင်တွေ့ရမှာ မဟုတ်တော့ပေမယ့် သူ့နာမည်ကို ပရိသတ်တွေ အမြဲတမ်းအမှတ်ရနေမှာပဲဖြစ်ပါတော့တယ် . .

REF:sportbible
Photo:Peter Crouch Twitter,Getty Images,thefa
Naing Linn(Akhayar)
www.akhayar.com