ဘယ်သူမှ Brand တစ်ခုတည်ဆောက်ဖို့ မလိုပါဘူး။ မိတ်ဆွေမှာ Personal Brand တစ်ခု မရှိလည်း အောင်မြင်နိုင်ပါတယ်။ အောင်မြင်နေတဲ့ လူတွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အများကြီးပါပဲ။သို့ပေမယ့် မိတ်ဆွေဟာ ထိပ်ဆုံးထိ အောင်မြင်ချင်တဲ့သူ၊ ကိုယ့်ရဲ့ Image ကို ဂရုတစိုက် ဖန်တီးချင်တဲ့သူ၊ အောင်မြင်မှုကို အကြာကြီး ထိန်းထားချင်တဲ့သူတစ်ယောက်ဆိုရင်တော့ သင့်ရဲ့ Personal Brand ကို ပြန်သုံးသပ်ဖို့၊ စနစ်တကျ တည်ဆောက်ဖို့လိုပါပြီ။

“ကိုယ့်ရှေ့ မှာ အကောင်းပြောတာတွေထက် ကိုယ့်နောက်ကွယ်မှာ ကိုယ့်အကြောင်းဘာတွေ ပြောကြသလဲဆိုတာ ပိုအရေးကြီးတယ်လို့ ထင်ပါတယ်။ ကျွန်မတော့ ကျွန်မအကြောင်း ကောင်းတာတွေ ပြောတာကို ပြန်ကြားရရင် ၀မ်းသာပါတယ်။ မကောင်းတာတွေ ပြန်ကြားရရင် ပိုတောင် ကျေးဇူးတင်ပါတယ်။ ဘာလို့ဆို ကျွန်မဆီမှာ ရှိတဲ့ မကောင်းတဲ့အရာတွေ အချိန်မီ ထုတ်ပစ်ဖို့၊ ပြင်ဆင်ဖို့ သတိပေးတာလို့ ယုံကြည်ပါတယ်။ ပြီးပြည့်စုံတဲ့လူဆိုတာ မရှိပါဘူး။ တဖြည်းဖြည်းပိုကောင်းအောင် အချောသပ်၊ ပြုပြင်၊ သံစဉ်ညှိနေရတဲ့ အရာတစ်ခုပါ။
ဒီလိုပြောလို့ သူများပြောသမျှ ထိုင်တွေးပြီး လိုက်လုပ်နေရမယ်လို့ မဆိုလိုပါဘူး။ ကိုယ်လိုချင်တဲ့ အရာ၊ ကိုယ်တည်ဆောက်ချင်တဲ့ Brand, Image ခေါင်းထဲမှာ ရှိထားတဲ့လူဟာ ဘယ်လိုလူတွေရဲ့ ပြောစကားကို ဂရုစိုက်ရမယ်၊ ဘယ်အရာတွေကိုတော့ သတိထားပြီး ပြုပြင်ရမယ်၊ ပိုကောင်းအောင်လုပ်ရမယ်ဆိုတာ လွယ်လွယ်လေးနဲ့ သိနိုင်ပါတယ်။
အဓိက ပြဿနာက ဘယ်လို Brand တည်ဆောက်ရမယ်။ ကိုယ်ဘယ်လို Image မျိုးလိုချင်တယ်ဆိုတာ မသိတာပါ။ မိတ်ဆွေရော… ကိုယ်ဘယ်လိုလူ ဖြစ်ချင်တာလဲ၊ ကိုယ့်နောက်ကွယ်မှာ သူငယ်ချင်းတွေ၊ မိသားစုတွေ၊ လုပ်ဖေါ်ကိုင်ဘက်တွေက ကိုယ့်အကြောင်း ဘယ်လိုပြောစေချင်လဲ? ၁ မိနစ်လောက် အချိန်ပေးပြီး စဉ်းစားကြည့်ပါ။

 

You May Like : Professional Brand တစ်ခုကို တည်ဆောက်မယ်

  • အောင်မြင်တဲ့သူ
  • စိတ်ကောင်းရှိတဲ့သူ
  • ကူညီတတ်တဲ့သူ
  • တော်တဲ့သူ
  • အချိန်လေးစားတဲ့သူ
  • အတွေးအခေါ်ကောင်းတဲ့သူ
  • အလုပ်ကျွမ်းကျင်တဲ့သူ….စသည်ဖြင့် ကိုယ်သွားချင်တဲ့ လမ်းကြောင်း၊ ကိုယ်လုပ်နေတဲ့ အလုပ်အကိုင် ပေါ်မူတည်ပါမယ်(ဥပမာ။ ငွေကြေးနဲ့ ပတ်သက်တာတွေ ကိုင်တွယ်နေရတဲ့ လူတစ်ယောက်သည် စိတ်ကောင်းရှိတယ်ဆိုတဲ့ brand ထက် ယုံကြည်စိတ်ချရတယ်၊ သစ္စာရှိတယ် ဆိုတဲ့ brand နဲ့ပိုပြီး လိုက်ဖက်ပါတယ်။) မိမိအပေါ်ပဲ မူတည်ပါတယ်။ အရေးကြီးတာက သူများယောင်တိုင်း လိုက်မယောင်ဘဲ ကိုယ့်ဘ၀ ကိုယ်တိုင် ကိုင်တွယ်တည်ဆောက်ဖို့ပါပဲ။

ကျွန်မနဲ့ လာတိုင်ပင်ဆွေးနွေးကြတဲ့ စီးပွားရေးလုပ်ငန်းရှင်အများစုသည် ကိုယ်ဘာလိုချင်လဲဆိုတာ ပြတ်ပြတ်သားသား သိကြတာများပါတယ်။ ဒီလို Brand တည်ဆောက်ချင်ပါတယ်၊ ဒီလို Image မျိုးလိုချင်ပါတယ်။ ဘာတွေလုပ်ရမလဲ ဆိုတဲ့သူတွေများပါတယ်။ ကြိုတင်မသိလာတဲ့သူတွေလည်း သိသွားတာနဲ့ လွယ်လွယ်လေးပဲ တည်ဆောက်နိုင်ပါတယ်။

ဒီနေရာမှာ ကျွန်မ positive ဖြစ်တဲ့ စကားလုံးတွေကိုချည်း ရွေးသုံးသွားပါတယ်။ အဆိုးနဲ့ နာမည်ကျော်ချင်တဲ့ သူတွေလည်း ကျွန်မတို့ ပတ်ဝန်းကျင်မှာ ရှိပါတယ်။ မှားတယ်လို့ ပြောလို့မရပါဘူး။ ဒါပေမယ့် လူတိုင်းသည် အကောင်းနဲ့နာမည်ကျော်ကြမယ်ဆိုရင် ပတ်ဝန်းကျင် ပိုလှပလာမယ်။ ပိုစိတ်ချမ်းသာရမယ်လို့ထင်ပါတယ်။

Be Authentic စစ်မှန်ဖို့ အရမ်းလိုအပ်ပါတယ်။ ကိုယ့်အကြောင်းကိုယ် မလိမ်မညာ၊ အားမနာဘဲ သိဖို့၊ လက်ခံဖို့ပါ။ တော်တော်လေးတော့ ခက်ပါတယ်။ Personal Branding သည် Inside Out ပါ။ ကိုယ့်ရဲ့ အတွင်းထဲက တကယ်လက်ခံတဲ့၊ နှစ်သက်တဲ့ Passion အနှစ်သက်ဆုံးအရာတွေ၊ Values တန်ဖိုးတွေ၊ ကိုယ့်ရဲ့ ကျွမ်းကျင်မှုတွေ၊ ကိုယ်သူများထက်သာတဲ့အရာတွေ၊ သူများထက်အားနည်းတဲ့အရာတွေ၊ စသည်ဖြင့် ကိုယ့်ကိုယ်ကိုယ် အရင်သိပြီးမှ အပြင်ကလာတဲ့ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားရမှာပါ။

 

You May Like : ကိုယ်ပိုင်ပုံရိပ် (Personal Grooming) ဘယ်လိုတည်ဆောက်မလဲ

ဘ၀မှာ ကိုယ်ဘာလိုချင်လဲဆိုတာ သိပြီဆိုမှ အဲဒီ Image ကိုရအောင် ဘယ်လိုသွားမလဲဆိုတဲ့ မဟာဗျူဟာ အပိုင်းရောက်ပါပြီ။ ကျွန်မတို့ ရန်ကုန်ကနေ မန္တလေးသွားမလား၊ ချောင်းသာသွားမလား၊ စင်ကာပူသွားမလား၊ ဘန်ကောက်သွားမလား မသိဘဲ ဘယ်ကားကိုစီးမှာလဲ၊ ဘယ်လေယာဉ်ကို စီးမှာလဲ… ဒီတော့ ကိုယ်သွားချင်တဲ့ End Goal ပန်းတိုင်ကို သိမှ Strategy မဟာဗျူဟာတွေ၊ Action Plan လုပ်ဆောင်ချက်တွေ အစီအစဉ်ဆွဲလို့ရပါမယ်။

ဒီစာအစမှာ ပြောခဲ့သလိုပါပဲ။ လူတိုင်း Personal Brand တည်ဆောက်ဖို့ လုံးဝ (လုံးဝ) မလိုပါဘူး။ ကိုယ့်ဘ၀ကို၊ အချိန်ကို အကျိုးရှိစွာ အသုံးချချင်တဲ့သူ၊ သူများနဲ့ယှဉ်ရင် လွယ်ကူစွာ အလုပ်ပြီးမြောက်ချင်တဲ့သူ၊ ကိုယ့်ဘ၀ကို ကိုယ့်လက်နဲ့ တည်ဆောက်ချင်တဲ့သူတွေ အတွက်ကတော့ မရှိမဖြစ်လိုအပ်ပါတယ်။

ကျွန်မဆရာတစ်ယောက် သူ့ကျောင်းသားတွေကို အမြဲပြောနေကျ စကားရှိပါတယ်။ သစ်ရွက်ကြွေတာမြင်ဖူးလား? သစ်ရွက်တွေဟာ တောင်လေတိုက်ရင် မြောက်ကိုသွားတယ်၊ မြောက်လေတိုက်ရင် တောင်ကိုလွင့်တယ်။ သူဘယ်သွားမယ်ဆိုတဲ့ direction လမ်းကြောင်းမရှိပါဘူး။ ငါဘယ်အရပ်မှာ ကျမယ်ဆိုပြီး ရွေးချယ်ခွင့်လည်းမရှိပါဘူး။ ကျွန်မတို့ကရော သူများဟိုဟာပြောလည်း လိုက်လုပ်၊ လိုက်တုံ့ပြန်၊ ဒီဟာပြောလည်း လိုက်ယောင်တဲ့ သစ်ရွက်ကြွေလိုပဲ ဘ၀ကို အဆုံးသတ်မှာလား…. ကိုယ့်ဘ၀ကိုယ်တည်ဆောက်လို့ရတဲ့ ရေးဆွဲလို့ရတဲ့ စုတ်တံလေးတွေကို ဒီတိုင်းသိမ်းထားမှာလား….အချိန်ရှိတုန်း ကိုယ့်လက်နဲ့ ကိုယ့်ပုံရိပ်ကိုယ် ဖန်တီးမှာလား…. တွေးစရာပါပဲ။

ဤဆောင်းပါးကို Brand You မှ ကူညီပံ့ပိုးပါတယ်။