[Zawgyi]

ပူပင္ေသာကဆိုတာကေတာ့ ကၽြန္မအတြက္ ထိန္းသိမ္းရအခက္ခဲဆုံးလို႔ပဲ ဆိုရပါေတာ့မယ္။ ကၽြန္မအေနနဲ႔ ေလာဘနဲ႔ ေဒါသထက္ ေမာဟလို႔ေျပာႏိုင္တဲ့ ပူပင္ေသာကေတြကို ပိုၿပီးထိန္းသိမ္းရခက္တယ္လို႔ပဲ ဆိုခ်င္ပါေတာ့တယ္။

ေလာဘကိုေတာ့ အေလာဘျဖစ္ေအာင္ အေလ့အက်င့္ေလးတစ္ခုက လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက အခံရွိေနခဲ့ၿပီးသားျဖစ္တဲ့အတြက္ ကၽြန္မမွာ ေလာဘရဲ႕ ႏွိပ္စက္ျခင္းကို သိပ္မခံရေတာ့ပါဘူး။ တစ္ခါတစ္ရံမွာ အဆင္မေျပမႈေလးေတြေၾကာင့္ စိတ္ထဲမွာ တင္းကနဲျဖစ္သြားတာ၊ တစ္ေယာက္ေယာက္ရဲ႕ လုပ္ရပ္ေၾကာင့္ ေဒါသစိတ္ဝင္လာတာကို တစ္ခဏအတြင္းမွာ သိလိုက္ႏိုင္တယ္။ သိသိခ်င္းမွာ ေဒါသနဲ႔မေပါက္ကြဲမိေအာင္ ထိန္းသိမ္းလို႔ရတယ္။

ဒါေပမဲ့…….ေမာဟစိတ္ကေတာ့ ကၽြန္မဆီကို တိတ္တဆိတ္ေလး ဝင္ေရာက္လာေလ့ရွိပါတယ္။ မိသားစုနဲ႔ ပတ္သက္ရင္ ေသြးေအးေနႏိုင္သေလာက္ လုပ္ငန္းနဲ႔ပတ္သတ္ရင္ေတာ့ ပူေလာင္ေၾကာင့္က်မိပါတယ္။ လုပ္ငန္းခြင္မွာ မထင္မွတ္ထားတဲ့ ျပႆနာတစ္ခုခုနဲ႔ ပတ္သက္ၿပီး စိုးရိမ္ပူပင္မိတာမ်ိဳး၊ အဖြဲ႔အစည္းေပၚမွာ ယုံၾကည္မႈမရွိလို႔မဟုတ္ေပမဲ့ အဆင္ေျပပါ့မလား။ ကၽြန္မအေနနဲ႔ ေအာင္ျမင္တဲ႔အထိျဖစ္ေအာင္ ေဆာင္ရြက္မယ္လို႔ စိတ္ဆုံးျဖတ္ေပမယ္႔ အေျခအေနတစ္ခုခုေၾကာင့္ဆိုတဲ့ ပူပင္မိတာမ်ိဳးလည္း မၾကာခဏ ခံစားရတတ္ပါတယ္။ အဲဒီေသာကကေတာ့ ကၽြန္မရင္ထဲမွာ အႀကီးဆုံးပါပဲ။

ကၽြန္မလိုပဲ ပူပင္မႈ၊ စိုးရိမ္မႈ၊ ေသာကေတြနဲ႔ ေန႔စဥ္ျဖတ္သန္းေနရတဲ့သူေတြလည္း အမ်ားႀကီးရွိနိုင္ပါတယ္။ ဒါကို အသက္အရြယ္မေရြး ခံစားၾက သိနားလည္ၾကပါတယ္။ ခ်စ္သူရွိတဲ့မိန္းကေလးက သူ႔ခ်စ္သူနဲ႔ ေဝးကြာသြားမွာကို ႀကိဳတင္ပူပင္ၿပီး စိုးရိ္မ္တဲ့စိတ္၊ စာေမးပြဲမေျဖႏိုင္ဘူးလို႔ ယူဆတဲ့ ေက်ာင္းသားက စာေမးပြဲက်မွာ စိုးရိမ္တဲ့စိတ္၊ သမီးရွိတဲ႔မိခင္က သူ႔သမီးေလး မေတာ္တေရာ္ ျဖစ္သြားမွာကို ေတြးၿပီး ပူပင္တဲ့ေသာက၊ ခင္ပြန္းအေပၚသံသယရွိတတ္တဲ့ဇနီးက ကိုယ့္ခင္ပြန္းကိုယ့္ကိုပစ္ၿပီး ႏုတဲ့၊ ငယ္တဲ့ ေနာက္ကို ပါသြားမွာ စိုးရိမ္ေၾကာင့္က်ေနတဲ့စိတ္…..။ဒါေတြကို အၾကမ္းအားျဖင့္ ပူပင္ေသာကျဖစ္ေနေသာ စိတ္၊ ေမာဟလို႔ ယူဆၾကပါတယ္။

ေမာဟဝင္ၿပီဆိုတာကို အျခားလူေတြကေတာ့မသိဘူး၊ ကၽြန္မကေတာ့ ေသာကရွိေနတာနဲ႔တင္ စိတ္ဖိစိီးမႈျဖစ္ရတယ္။ နည္းနည္းေလးပိုပူမိရင္ အသက္ရွဴၾကပ္တာ၊ ေသြးေပါင္က်တာေတြထိ ျဖစ္တတ္ပါတယ္။ ဒါ႔အျပင္ စိတ္ၾကည္လင္ေအာင္ မနည္းျပန္တည္ေဆာက္ရတဲ့ အခ်ိန္ကာလလည္း ၾကာျမင့္တတ္ပါတယ္။

ဒါေၾကာင့္ အျခား ေဒါသတို႔၊ ေလာဘတို႔ထက္ ဒီေမာဟဆိုတာကို ကၽြန္မက ပိုေၾကာက္မိပါတယ္။ အဲဒါေၾကာင့္ ဒီေမာဟကို အႏိုင္ယူႏိုင္တဲ့နည္းလမ္းကို အျမဲတမ္းရွာေဖြေနခဲ့မိတယ္။ အရင္တုန္းကေတာ့ မိတ္ေဆြတစ္ဦးက အၾကံေပးတယ္။ တရားထိုင္ပါ။ ဝိပႆနာလုပ္ပါ။ ကၽြန္မ ခပ္ဖြဖြပဲျပံဳးမိတယ္။ ေသာကရွိေနတဲ့သူအေနနဲ႔ တရားထိုင္ေနခ်ိန္မွာ စိတ္ေတြခဏေတာ့ တည္ၿငိမ္သြားတယ္။ တရားထိုင္ ၿပီးဆုံးခ်ိန္မွာ ဒီေသာကက ျပန္ေရာက္လာတတ္တာပဲ။

ဒါေၾကာင့္ ဒီေသာက ရင္ထဲကေန ထြက္သြားေအာင္ ဘယ္လိုလုပ္နိုင္မလဲဆိုတာကို စဥ္းစားဆင္ျခင္မိပါတယ္။ အဲဒါနဲ႔ ေလာေလာဆယ္မွာ ကိုယ့္ရင္ထဲေသာကရွိေနတဲ့ကိစၥရပ္ကို ေသခ်ာမွတ္ထားမိတယ္။ ဘယ္ေလာက္ ပူေလာင္သလဲေပါ့။ ေနာက္အဲဒီကိစၥကို ေျပလည္ေအာင္ေျဖရွင္းၿပီးခ်ိန္မွာ စိတ္ထဲမွာ ဘယ္လိုေနသလဲဆိုတာကိုလည္း ျပန္သုံးသပ္တယ္။

အဲဒီအခ်ိန္မွာ ကၽြန္မ သိလိုက္ရတယ္။ ေသာကကို ဘယ္လိုထိန္းခ်ဳပ္ႏိုင္မလဲဆိုတာကို ကၽြန္မနားလည္သြားၿပီဆိုပါေတာ့ ကိုယ္ပူပင္ေနတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး အျဖစ္အပ်က္အမွန္ကိုသိရၿပီး ကိုယ္ထင္သလို မဟုတ္ပါလားလို႔သိခိုက္မွာ စိတ္ထဲပူေလာင္မႈေတြေလ်ာ့က်ၿပီး ေအးခ်မ္းသြားေလ့ရွိတယ္ မဟုတ္လား။

နားလည္ေအာင္ ရွင္းျပရရင္ေတာ့ စာေမးပြဲက်မွာကိုစိုးရိမ္ေနတဲ့ကေလးက စားေမးပြဲေအာင္မယ္လို႔ သိရတာမ်ိဳးမွာ သူ႔ရင္ထဲက အလုံးႀကီးက်ၿပီး စိတ္ျပန္ေအးသြားတယ္။ခင္ပြန္းနဲ႔ ပတ္သက္ၿပီး သံသယနဲ႔ ပူေလာင္ေနတဲ့ ဇနီးသည္က ခင္ပြန္းရဲ႕သစၥာရွိမႈနဲ႔ မိသားစုအေပၚတန္ဖိုးထားမႈကို သိလိုက္ရတဲ့အခါမ်ိဳးမွာ ရင္ထဲက ေသာကျမဴမႈန္ေတြကင္းစင္ၿပီး ေအးခ်မ္းသာယာ သြားေလ့ရွိပါတယ္။ တကယ့္လို႔မ်ား ကိုယ့္ခင္ပြန္းက ကိုယ္ထင္ထားသလို တကယ္ေဖာက္ျပန္ေနတယ္ဆိုတာကိုသိလိုက္ၿပီး ဒီအေျခအေနကိုလက္ခံလိုက္ၿပီး ကိုယ့္အနာဂတ္အတြက္ ဆုံးျဖတ္ခ်က္တစ္ခုကို ခ်မွတ္လိုက္ၿပီးတဲ့အခ်ိန္မွာ ကိုယ့္ရင္ထဲမွာ ရွင္းသြားတယ္။

အဲဒီသေဘာတရားအတိုင္းဆိုရင္ေတာ့ ကၽြန္မတို႔ေတြးပူေနတဲ့ကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပီး မျဖစ္ႏိုင္ဘူးလို႔ သိလိုက္တာမ်ိဳးပဲျဖစ္ျဖစ္၊ အေျခအေနမွန္ကို လက္ခံလိုက္တဲ့အခါမွာပဲျဖစ္ျဖစ္၊ အမွားအမွန္ကို ခြဲျခားသိတဲ့အခါမွာပဲျဖစ္ျဖစ္ ကၽြန္မတို႔မွာ ေသာကနဲ႔ ေမာဟ ကင္းသြားတတ္ပါတယ္။အဲဒါေၾကာင့္ ဘာေၾကာင့္ပဲျဖစ္ျဖစ္၊ ဘယ္လိုအေၾကာင္းေၾကာင့္ပဲ အက်ိဳးေပၚပါေစ……အမွားအမွန္ကိုသိဖို႔ အရင္ႀကိဳးစားမိတယ္။ အမွားအမွန္ကိုမသိခင္မွာ ပူပင္စိတ္မျဖစ္ေပၚဖို႔နဲ႔ တစ္စုံတစ္ရာကို မဆုံးျဖတ္မိေစဖို႔လည္း သတိနဲ႔ ဆင္ျခင္ရပါတယ္။

သတိနဲ႔ အသိျမဲဖို႔ အတြက္ ဝိပႆနာကေတာ့ အေကာင္းဆုံးဆိုတာကို တရားထိုင္ရင္းနဲ႔မွ သိလာရတယ္။ ဝိပႆနာအားထုတ္ျခင္းကလည္း အျမင္မွန္ဖို႔ အသိမွန္ဖို႔အတြက္နဲ႔ အေမာဟ ျဖစ္ေစဖို႔ပါ။ ကိုယ့္စိတ္ထဲမွာ ေသာကေရာက္လာေလ၊ ဒါကို အျမင္မွန္နဲ႔ၾကည့္ဖို႔ အနတၱအျမင္နဲ႔ၾကည့္တဲ့အခါ ျဖစ္ပ်က္သေဘာနဲ႔ဆင္ျခင္တဲ့အခါ ဒါကိုအေလ့အက်င့္လိုျဖစ္သြားတဲ့အခါ ဘယ္ေလာက္ပဲဆိုးပါေစ ၿပံဳးၿပံဳးေလးနဲ႔ ရင္ဆိုင္သြားႏိုင္တယ္။ လက္ခံႏိုင္သြားတယ္။

ကိုယ္က ေကာင္းတာလုပ္ပါလ်က္နဲ႔ ဆိုးတာျဖစ္ခဲ့ရင္လည္း အကုသိုလ္မကုန္ေသးဘူးလို႔ နားလည္လာရၿပီး၊ အကုသိုလ္အသစ္မျဖစ္ေအာင္ထိန္းဖို႔ ကိုယ့္ကိုယ္ကိုပဲ ထိန္းသိမ္းအားထုတ္မိပါတယ္။ မလြယ္ပါဘူး။ ဒါေပမဲ့ အေလ့အက်င့္ေလးျဖစ္ေအာင္ ေန႔စဥ္က်င့္ေနရင္ေတာ့…..တျဖည္းျဖည္းနဲ႔ လြယ္သြားတာပါပဲ။

ကၽြန္မၾကံဳေတြ႔ေနရတဲ့ကိစၥေတြနဲ႔ ခက္ခဲဆင္းရဲမႈေတြမွာ ဝဋ္ေႂကြးဆိုရင္ေတာင္မွ ေပးဆပ္လိုက္မယ္။ အသစ္မျဖစ္ဖို႔၊ အကုသိုလ္ျဖစ္ေအာင္ မတုန္႔ျပန္မိဖို႔လည္း ကိုယ့္ကိုယ္ကို ထိန္းသိမ္းႏိုင္သြားပါတယ္။ ဒါဟာ ခ်က္ျခင္းလုပ္လို႔မရတဲ့ စိတ္မ်ိဳးပါ။ အသိေလးေတြကို စုစည္းရင္းနဲ႔ ကိုယ့္ရဲ႕စိတ္ကေလးေတြကို တစ္ဆင့္ၿပီးတစ္ဆင့္ ထိန္းသိမ္းရင္းနဲ႔ အေလ့အက်င့္ရသြားတဲ့အခါ လြယ္သြားပါတယ္။

အဲလို ေလ့လာရင္းနဲ႔ ဘာဝနာဆိုတာကို အေမာဟလို႔ သိလာရတယ္။ ဘာဝနာဆိုတာ ေလာကုတၱရာထိေအာင္ စြမ္းေဆာင္ႏိုင္တယ္ဆိုတာကို နားလည္လက္ခံလာမိတယ္။ ဒါနျပဳျခင္းနဲ႔ အေလာဘျဖစ္ေစသလို၊ ေဒါသ အေဒါသျဖစ္ဖို႔နဲ႔ အေမာဟျဖစ္ေစဖို႔အတြက္ေတာ့ ကိုယ္က်င့္တရားေကာင္းဖို႔၊ အကုသိုလ္ကင္းၿပီးသီလလုံျခံဳဖို႔ ဝိပႆနာက အေကာင္းဆုံး ေလ့က်င့္ခန္းပါပဲဆိုတာကို ျပန္လည္ မွ်ေဝလိုက္ပါတယ္ရွင္။

သီလလုံျခံဳတယ္ဆိုရင္ေတာ့ အသက္ရွည္ၿပီး အနာေရာဂါကင္းတဲ႔အတြက္ေၾကာင္႔ က်န္းမာခ်င္တယ္ဆိုရင္ေတာ့ ဘာသာေရးဘက္ကပဲၾကည့္ၾကည့္၊ က်န္းမာေရး ရႈေထာင့္ကပဲၾကည့္ၾကည့္ သီလလုံျခံဳဖို႕လိုပါတယ္။ ၿပီးေတာ့ သံသရာအတြက္လည္း ေကာင္းမြန္ပါတယ္။

ကိုယ့္ဘဝကိုယ္ တည္ေဆာက္တဲ့ေနရာမွာ အကုသိုလ္ ကင္းၿပီး ေကာင္းမြန္ေသာ ကိုယ္က်င့္တရားနဲ႔ ကိုယ့္ဘဝကိုယ္အေကာင္းဆုံး တည္ေဆာက္ႏိုင္သူမ်ား ျဖစ္ၾကပါေစလို႔လည္း ဆုမြန္ေကာင္း ေတာင္းေပးလိုက္ပါတယ္ေနာ္။

စာေတြေရးႏိုင္ဖို႔ ဆက္လက္ ႀကိဳးစားပါဦးမယ္။ ေက်းဇူးတင္ပါတယ္ရွင္။

ေမသၾကၤန္ဟိန္ (ျမစ္မခ)

HGID_KV_Ads_Square2

www.akhayar.com

[Unicode]

ပူပင်သောကဆိုတာကတော့ ကျွန်မအတွက် ထိန်းသိမ်းရအခက်ခဲဆုံးလို့ပဲ ဆိုရပါတော့မယ်။ ကျွန်မအနေနဲ့ လောဘနဲ့ ဒေါသထက် မောဟလို့ပြောနိုင်တဲ့ ပူပင်သောကတွေကို ပိုပြီးထိန်းသိမ်းရခက်တယ်လို့ပဲ ဆိုချင်ပါတော့တယ်။

လောဘကိုတော့ အလောဘဖြစ်အောင် အလေ့အကျင့်လေးတစ်ခုက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အခံရှိနေခဲ့ပြီးသားဖြစ်တဲ့အတွက် ကျွန်မမှာ လောဘရဲ့ နှိပ်စက်ခြင်းကို သိပ်မခံရတော့ပါဘူး။ တစ်ခါတစ်ရံမှာ အဆင်မပြေမှုလေးတွေကြောင့် စိတ်ထဲမှာ တင်းကနဲဖြစ်သွားတာ၊ တစ်ယောက်ယောက်ရဲ့ လုပ်ရပ်ကြောင့် ဒေါသစိတ်ဝင်လာတာကို တစ်ခဏအတွင်းမှာ သိလိုက်နိုင်တယ်။ သိသိချင်းမှာ ဒေါသနဲ့မပေါက်ကွဲမိအောင် ထိန်းသိမ်းလို့ရတယ်။

ဒါပေမဲ့…….မောဟစိတ်ကတော့ ကျွန်မဆီကို တိတ်တဆိတ်လေး ဝင်ရောက်လာလေ့ရှိပါတယ်။ မိသားစုနဲ့ ပတ်သက်ရင် သွေးအေးနေနိုင်သလောက် လုပ်ငန်းနဲ့ပတ်သတ်ရင်တော့ ပူလောင်ကြောင့်ကျမိပါတယ်။ လုပ်ငန်းခွင်မှာ မထင်မှတ်ထားတဲ့ ပြဿနာတစ်ခုခုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပင်မိတာမျိုး၊ အဖွဲ့အစည်းပေါ်မှာ ယုံကြည်မှုမရှိလို့မဟုတ်ပေမဲ့ အဆင်ပြေပါ့မလား။ ကျွန်မအနေနဲ့ အောင်မြင်တဲ့အထိဖြစ်အောင် ဆောင်ရွက်မယ်လို့ စိတ်ဆုံးဖြတ်ပေမယ့် အခြေအနေတစ်ခုခုကြောင့်ဆိုတဲ့ ပူပင်မိတာမျိုးလည်း မကြာခဏ ခံစားရတတ်ပါတယ်။ အဲဒီသောကကတော့ ကျွန်မရင်ထဲမှာ အကြီးဆုံးပါပဲ။

ကျွန်မလိုပဲ ပူပင်မှု၊ စိုးရိမ်မှု၊ သောကတွေနဲ့ နေ့စဉ်ဖြတ်သန်းနေရတဲ့သူတွေလည်း အများကြီးရှိနိုင်ပါတယ်။ ဒါကို အသက်အရွယ်မရွေး ခံစားကြ သိနားလည်ကြပါတယ်။ ချစ်သူရှိတဲ့မိန်းကလေးက သူ့ချစ်သူနဲ့ ဝေးကွာသွားမှာကို ကြိုတင်ပူပင်ပြီး စိုးရိမ်တဲ့စိတ်၊ စာမေးပွဲမဖြေနိုင်ဘူးလို့ ယူဆတဲ့ ကျောင်းသားက စာမေးပွဲကျမှာ စိုးရိမ်တဲ့စိတ်၊ သမီးရှိတဲ့မိခင်က သူ့သမီးလေး မတော်တရော် ဖြစ်သွားမှာကို တွေးပြီး ပူပင်တဲ့သောက၊ ခင်ပွန်းအပေါ်သံသယရှိတတ်တဲ့ဇနီးက ကိုယ့်ခင်ပွန်းကိုယ့်ကိုပစ်ပြီး နုတဲ့၊ ငယ်တဲ့ နောက်ကို ပါသွားမှာ စိုးရိမ်ကြောင့်ကျနေတဲ့စိတ်…..။ဒါတွေကို အကြမ်းအားဖြင့် ပူပင်သောကဖြစ်နေသော စိတ်၊ မောဟလို့ ယူဆကြပါတယ်။

မောဟဝင်ပြီဆိုတာကို အခြားလူတွေကတော့မသိဘူး၊ ကျွန်မကတော့ သောကရှိနေတာနဲ့တင် စိတ်ဖိစီးမှုဖြစ်ရတယ်။ နည်းနည်းလေးပိုပူမိရင် အသက်ရှူကြပ်တာ၊ သွေးပေါင်ကျတာတွေထိ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် စိတ်ကြည်လင်အောင် မနည်းပြန်တည်ဆောက်ရတဲ့ အချိန်ကာလလည်း ကြာမြင့်တတ်ပါတယ်။

ဒါကြောင့် အခြား ဒေါသတို့၊ လောဘတို့ထက် ဒီမောဟဆိုတာကို ကျွန်မက ပိုကြောက်မိပါတယ်။ အဲဒါကြောင့် ဒီမောဟကို အနိုင်ယူနိုင်တဲ့နည်းလမ်းကို အမြဲတမ်းရှာဖွေနေခဲ့မိတယ်။ အရင်တုန်းကတော့ မိတ်ဆွေတစ်ဦးက အကြံပေးတယ်။ တရားထိုင်ပါ။ ဝိပဿနာလုပ်ပါ။ ကျွန်မ ခပ်ဖွဖွပဲပြုံးမိတယ်။ သောကရှိနေတဲ့သူအနေနဲ့ တရားထိုင်နေချိန်မှာ စိတ်တွေခဏတော့ တည်ငြိမ်သွားတယ်။ တရားထိုင် ပြီးဆုံးချိန်မှာ ဒီသောကက ပြန်ရောက်လာတတ်တာပဲ။

ဒါကြောင့် ဒီသောက ရင်ထဲကနေ ထွက်သွားအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာကို စဉ်းစားဆင်ခြင်မိပါတယ်။ အဲဒါနဲ့ လောလောဆယ်မှာ ကိုယ့်ရင်ထဲသောကရှိနေတဲ့ကိစ္စရပ်ကို သေချာမှတ်ထားမိတယ်။ ဘယ်လောက် ပူလောင်သလဲပေါ့။ နောက်အဲဒီကိစ္စကို ပြေလည်အောင်ဖြေရှင်းပြီးချိန်မှာ စိတ်ထဲမှာ ဘယ်လိုနေသလဲဆိုတာကိုလည်း ပြန်သုံးသပ်တယ်။

အဲဒီအချိန်မှာ ကျွန်မ သိလိုက်ရတယ်။ သောကကို ဘယ်လိုထိန်းချုပ်နိုင်မလဲဆိုတာကို ကျွန်မနားလည်သွားပြီဆိုပါတော့ ကိုယ်ပူပင်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အဖြစ်အပျက်အမှန်ကိုသိရပြီး ကိုယ်ထင်သလို မဟုတ်ပါလားလို့သိခိုက်မှာ စိတ်ထဲပူလောင်မှုတွေလျော့ကျပြီး အေးချမ်းသွားလေ့ရှိတယ် မဟုတ်လား။

နားလည်အောင် ရှင်းပြရရင်တော့ စာမေးပွဲကျမှာကိုစိုးရိမ်နေတဲ့ကလေးက စားမေးပွဲအောင်မယ်လို့ သိရတာမျိုးမှာ သူ့ရင်ထဲက အလုံးကြီးကျပြီး စိတ်ပြန်အေးသွားတယ်။ခင်ပွန်းနဲ့ ပတ်သက်ပြီး သံသယနဲ့ ပူလောင်နေတဲ့ ဇနီးသည်က ခင်ပွန်းရဲ့သစ္စာရှိမှုနဲ့ မိသားစုအပေါ်တန်ဖိုးထားမှုကို သိလိုက်ရတဲ့အခါမျိုးမှာ ရင်ထဲက သောကမြူမှုန်တွေကင်းစင်ပြီး အေးချမ်းသာယာ သွားလေ့ရှိပါတယ်။ တကယ့်လို့များ ကိုယ့်ခင်ပွန်းက ကိုယ်ထင်ထားသလို တကယ်ဖောက်ပြန်နေတယ်ဆိုတာကိုသိလိုက်ပြီး ဒီအခြေအနေကိုလက်ခံလိုက်ပြီး ကိုယ့်အနာဂတ်အတွက် ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ပြီးတဲ့အချိန်မှာ ကိုယ့်ရင်ထဲမှာ ရှင်းသွားတယ်။

အဲဒီသဘောတရားအတိုင်းဆိုရင်တော့ ကျွန်မတို့တွေးပူနေတဲ့ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မဖြစ်နိုင်ဘူးလို့ သိလိုက်တာမျိုးပဲဖြစ်ဖြစ်၊ အခြေအနေမှန်ကို လက်ခံလိုက်တဲ့အခါမှာပဲဖြစ်ဖြစ်၊ အမှားအမှန်ကို ခွဲခြားသိတဲ့အခါမှာပဲဖြစ်ဖြစ် ကျွန်မတို့မှာ သောကနဲ့ မောဟ ကင်းသွားတတ်ပါတယ်။အဲဒါကြောင့် ဘာကြောင့်ပဲဖြစ်ဖြစ်၊ ဘယ်လိုအကြောင်းကြောင့်ပဲ အကျိုးပေါ်ပါစေ……အမှားအမှန်ကိုသိဖို့ အရင်ကြိုးစားမိတယ်။ အမှားအမှန်ကိုမသိခင်မှာ ပူပင်စိတ်မဖြစ်ပေါ်ဖို့နဲ့ တစ်စုံတစ်ရာကို မဆုံးဖြတ်မိစေဖို့လည်း သတိနဲ့ ဆင်ခြင်ရပါတယ်။

သတိနဲ့ အသိမြဲဖို့ အတွက် ဝိပဿနာကတော့ အကောင်းဆုံးဆိုတာကို တရားထိုင်ရင်းနဲ့မှ သိလာရတယ်။ ဝိပဿနာအားထုတ်ခြင်းကလည်း အမြင်မှန်ဖို့ အသိမှန်ဖို့အတွက်နဲ့ အမောဟ ဖြစ်စေဖို့ပါ။ ကိုယ့်စိတ်ထဲမှာ သောကရောက်လာလေ၊ ဒါကို အမြင်မှန်နဲ့ကြည့်ဖို့ အနတ္တအမြင်နဲ့ကြည့်တဲ့အခါ ဖြစ်ပျက်သဘောနဲ့ဆင်ခြင်တဲ့အခါ ဒါကိုအလေ့အကျင့်လိုဖြစ်သွားတဲ့အခါ ဘယ်လောက်ပဲဆိုးပါစေ ပြုံးပြုံးလေးနဲ့ ရင်ဆိုင်သွားနိုင်တယ်။ လက်ခံနိုင်သွားတယ်။

ကိုယ်က ကောင်းတာလုပ်ပါလျက်နဲ့ ဆိုးတာဖြစ်ခဲ့ရင်လည်း အကုသိုလ်မကုန်သေးဘူးလို့ နားလည်လာရပြီး၊ အကုသိုလ်အသစ်မဖြစ်အောင်ထိန်းဖို့ ကိုယ့်ကိုယ်ကိုပဲ ထိန်းသိမ်းအားထုတ်မိပါတယ်။ မလွယ်ပါဘူး။ ဒါပေမဲ့ အလေ့အကျင့်လေးဖြစ်အောင် နေ့စဉ်ကျင့်နေရင်တော့…..တဖြည်းဖြည်းနဲ့ လွယ်သွားတာပါပဲ။

ကျွန်မကြုံတွေ့နေရတဲ့ကိစ္စတွေနဲ့ ခက်ခဲဆင်းရဲမှုတွေမှာ ဝဋ်ကြွေးဆိုရင်တောင်မှ ပေးဆပ်လိုက်မယ်။ အသစ်မဖြစ်ဖို့၊ အကုသိုလ်ဖြစ်အောင် မတုန့်ပြန်မိဖို့လည်း ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်သွားပါတယ်။ ဒါဟာ ချက်ခြင်းလုပ်လို့မရတဲ့ စိတ်မျိုးပါ။ အသိလေးတွေကို စုစည်းရင်းနဲ့ ကိုယ့်ရဲ့စိတ်ကလေးတွေကို တစ်ဆင့်ပြီးတစ်ဆင့် ထိန်းသိမ်းရင်းနဲ့ အလေ့အကျင့်ရသွားတဲ့အခါ လွယ်သွားပါတယ်။

အဲလို လေ့လာရင်းနဲ့ ဘာဝနာဆိုတာကို အမောဟလို့ သိလာရတယ်။ ဘာဝနာဆိုတာ လောကုတ္တရာထိအောင် စွမ်းဆောင်နိုင်တယ်ဆိုတာကို နားလည်လက်ခံလာမိတယ်။ ဒါနပြုခြင်းနဲ့ အလောဘဖြစ်စေသလို၊ ဒေါသ အဒေါသဖြစ်ဖို့နဲ့ အမောဟဖြစ်စေဖို့အတွက်တော့ ကိုယ်ကျင့်တရားကောင်းဖို့၊ အကုသိုလ်ကင်းပြီးသီလလုံခြုံဖို့ ဝိပဿနာက အကောင်းဆုံး လေ့ကျင့်ခန်းပါပဲဆိုတာကို ပြန်လည် မျှဝေလိုက်ပါတယ်ရှင်။

သီလလုံခြုံတယ်ဆိုရင်တော့ အသက်ရှည်ပြီး အနာရောဂါကင်းတဲ့အတွက်ကြောင့် ကျန်းမာချင်တယ်ဆိုရင်တော့ ဘာသာရေးဘက်ကပဲကြည့်ကြည့်၊ ကျန်းမာရေး ရှုထောင့်ကပဲကြည့်ကြည့် သီလလုံခြုံဖို့လိုပါတယ်။ ပြီးတော့ သံသရာအတွက်လည်း ကောင်းမွန်ပါတယ်။

ကိုယ့်ဘဝကိုယ် တည်ဆောက်တဲ့နေရာမှာ အကုသိုလ် ကင်းပြီး ကောင်းမွန်သော ကိုယ်ကျင့်တရားနဲ့ ကိုယ့်ဘဝကိုယ်အကောင်းဆုံး တည်ဆောက်နိုင်သူများ ဖြစ်ကြပါစေလို့လည်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်နော်။

စာတွေရေးနိုင်ဖို့ ဆက်လက် ကြိုးစားပါဦးမယ်။ ကျေးဇူးတင်ပါတယ်ရှင်။

မေသင်္ကြန်ဟိန် (မြစ်မခ)

HGID_KV_Ads_Square2

www.akhayar.com