အာဆင်နယ်အသင်းရဲ့ နာမည်ကျော်ကစားသမားဟောင်း ပါလာ Ray Parlour က အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့က အရမ်းဝေးလွန်းတယ်လို့ ဝေဖန်သုံးသပ်ခဲ့ပါတယ်။ အသက်(၄၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ပါလာဟာ အာဆင်နယ်အသင်းမှာ ၁၉၉၂ ကနေ ၂၀၀၄ ခုနှစ်အထိ (၁၀)စုနှစ်တစ်ခုကျော် ကစားခဲ့ပြီး ပရီးမီးယားလိဂ်(၃)ကြိမ်၊ FA ဖလား (၄)ကြိမ်အပါအ၀င် ဆုဖလား(၁၂)ခုအထိ ရယူခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ဒီရာသီမှာ အဖွင့်ပွဲ(၂)ပွဲဆက် အနိုင်ရခဲ့သလို နွေရာသီကာလမှာ ကစားသမားသစ်ဖြည့်တင်းမှုတွေ လုပ်ခဲ့တာကြောင့် အသင်းပရိသတ်တွေက ၂၀၀၃-၀၄ ရာသီနောက်ပိုင်း ဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ပြန်ရမယ်လို့ မျှော်လင့်နေကြတာပါ။

ဒါပေမဲ့ ပါလာကတော့ အာဆင်နယ်အသင်း ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ဆိုတာက မဖြစ်နိုင်သေးဘဲ အဆင့်(၄)အတွင်း ၀င်ရင်ပဲ ကျေနပ်စရာကောင်းတယ်လို့ သုံးသပ်ခဲ့တာဖြစ်ပါတယ်။ နာမည်ကျော် ရေဒီယိုဌာနတစ်ခုဖြစ်တဲ့ talksport နဲ့ အင်တာဗျူးမှာ ပါလာက “ကျွန်တော်တို့ အာဆင်နယ်အသင်း ဒီရာသီ ပရီးမီးယားလိဂ်ဖလားကို စိန်ခေါ်နိုင်စွမ်းရှိနေပြီလို့ ပြောနေကြတာတွေ ကျွန်တော် ကြားလိုက်ရပါတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် အခုလောလောဆယ်မှာ အာဆင်နယ်အသင်းဟာ မန်စီးတီး၊ လီဗာပူးလ်တို့ကို လိုက်မီဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။ အရေးကြီးဆုံးက ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ပါပဲ။ ဒီရာသီမှာ အခုထက် ပိုကြိုးစားမယ်ဆိုရင် အာဆင်နယ်အသင်း အဆင့်ရပ်တည်မှု ကောင်းချင်ကောင်းပါလိမ့်မယ်။ ဒါပေမဲ့ အဆင့်(၄)အတွင်း ၀င်ရင်ပဲ ကျွန်တော်ကျေနပ်ပါပြီ”လို့ ပြောခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ ၂၀၀၃-၀၄ ရာသီတုန်းက ပရီးမီးယားလိဂ်ဖလားကို ရှုံးပွဲမရှိရယူခဲ့ပြီးနောက်ပိုင်း အမှတ်ပေးဖလားနဲ့ ဝေးကွာနေတာက (၁၅)နှစ်အထိကြာမြင့်နေပြီဖြစ်ပြီး အဲဒီကာလအတွင်း သူတို့ရဲ့ အမြင့်မားဆုံး ရပ်တည်မှုက ၂၀၀၄-၀၅ ရာသီနဲ့ ၂၀၁၅-၁၆ ရာသီတွေမှာ အဆင့်(၂)နေရာသာ ရရှိခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းနဲ့အတူ ပါလာ ရရှိခဲ့တဲ့ ဆုဖလားများ

Premier League: 1997–98, 2001–02, 2003–04
FA Cup: 1993, 1998, 2002, 2003
Football League Cup: 1993
FA Community Shield: 1998, 1999, 2002
UEFA Cup Winners’ Cup: 1994

REF:talksport
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com