အင်္ဂလန်ဂန္ထ၀င်တိုက်စစ်မှူးတွေဖြစ်တဲ့ အလန်ရှီးယား Alan Shearer နဲ့ အိုဝင် Michael Owen တို့ဆိုတာက လက်ရွေးစင်အသင်းမှာရော၊ နယူးကာဆယ်အသင်းမှာပါ အတူလက်တွဲခဲ့ပြီး ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးကြတဲ့သူတွေလည်းဖြစ်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒီနာမည်ကျော်နှစ်ဦးဟာ Twitter မှာ အပြန်အလှန်စကားလုံးတိုက်ပွဲတွေ ဆင်နေကြတာကြောင့် သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက ပျက်ပြားသွားပြီလားဆိုတာ မေးခွန်းထုတ်စရာပါပဲ။ အိုဝင်ဟာ သူ့ဘ၀အတ္ထုပ္ပတ္တိစာအုပ်ဖြစ်တဲ့ My Life, My Time ဆိုတဲ့ စာအုပ်ကို အသစ်ပြန်ရေး ထုတ်ဝေခဲ့ပြီး အဲဒီစာအုပ်ထဲမှာ နယူးကာဆယ်ကို ပြောင်းရွှေ့ခဲ့တာက သူ့ကစားသမားဘ၀အတွက် အကြီးမားဆုံးနောင်တရစရာဖြစ်တယ်လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ အိုဝင်ဟာ ၂၀၀၅ ခုနှစ်မှာ ရီးယဲလ်အသင်းကနေ နယူးကာဆယ်အသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၁၆.၈)သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ နယူးကာဆယ်အသင်း တန်းဆင်းခဲ့ရတော့ မန်ယူအသင်းဆီ ပြောင်းရွှေ့ခဲ့ပါတယ်။

အိုဝင်က သူဟာ ပရီးမီးယားလိဂ်ကို ပြန်ရင် လီဗာပူးလ်အသင်းဆီ ပြန်ချင်ပေမယ့် နယူးကာဆယ်အသင်းက လီဗာပူးလ်အသင်းထက် ငွေပိုပေးခေါ်ယူခဲ့တာကြောင့် နယူးကာဆယ်ကို ရောက်ရှိခဲ့တာဖြစ်တယ်လို့ ဖွင့်ချခဲ့ပါတယ်။ ဒါ့အပြင် အိုဝင်ဟာ ၂၀၀၈-၀၉ ရာသီပိတ်ပွဲစဉ်မှာ အလန်ရှီးယားနဲ့ ပဋိပက္ခဖြစ်ခဲ့တဲ့အဖြစ်အပျက်ကိုလည်း အဲဒီစာအုပ်ထဲမှာ ထည့်သွင်းရေးသားခဲ့ပါသေးတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရှီးယားက အိုဝင်ကို တုံ့ပြန်တာကနေ သူတို့နှစ်ယောက်ကြား စကားလုံးတိုက်ပွဲက စတင်ခဲ့တာပါပဲ။ အခုလောလောဆယ် သူတို့နှစ်ယောက်ကြားက အကြိတ်အခဲက ပိုကြီးထွားလာတာကြောင့် အင်္ဂလန်နာမည်ကျော်တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ဂယ်ရီလိုင်နီကာ Gary Lineker က နှစ်ယောက်စလုံး ပြန်ပြေလည်အောင် ၀င်ပြီးညှိနှိုင်းပေးနေရပါပြီ။

REF:The Sun,BBC
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com