မန်ယူအသင်းမှာ ဆန်းချက်ဇ် Sanchez ခြေစွမ်းပြဖို့ရုန်းကန်နေရတယ်ဆိုတာ အားလုံးအသိပါပဲ။ ဆန်းချက်ဇ် အသင်းမှာ ကစားလာတာ အခုဆိုရင် တစ်နှစ်ကျော်လာပြီ။ ဒါပေမဲ့ အခုချိန်ထိ သူ့ရဲ့သွင်းဂိုး(၅)ဂိုး ၊ တိုက်စစ်ကစားသမား တစ်ယောက်အနေနဲ့ တော်တော်လေးကို နည်းတဲ့ အရေအတွက်လို့ပြောရမယ်။ အခုလို ဆန်းချက်ဇ် ခြေစွမ်းပြဖို့ ခက်ခဲနေတာ သူတစ်ယောက်တည်းနဲ့ပဲဆိုင်တဲ့ အရာမဟုတ်ဘူးလို့တော့ ယူဆတယ်။ အသင်းလိုက် စုဖွဲ့ကစားနည်းတစ်ခုမှာ ကစားသမားတိုင်းဟာ တစ်ယောက်အကူအညီကို တစ်ယောက်ယူရတယ်။ မန်ယူမှာတော့ ဆန်းချက်ဇ်ဟာ ဒီလိုမျိုးအကူအညီကို မရခဲ့ဘူးလို့ မြင်မိတယ်။

မော်ရင်ဟို Mourinho လက်ထက် ဆန်းချက်ဇ် နဲ့ ဆိုးလ်ရှား Solskjaer လက်ထက် ဆန်းချက်ဇ် ဘာကွာလဲဆိုရင် ဆိုးလ်ရှားလက်ထက် ဆန်းချက်ဇ် ဟာ ပိုပြီးကြိုးစားတယ်။ ဒီနေရာမှာ ပထမဆုံးပြောချင်တာ မော်ရင်ဟိုလက်ထက် ဆန်းချက်ဇ်ရဲ့ အနေအထားပါပဲ။ ပုံမှန်ကစားခွင့်ရတယ် ၊ စရောက်ရောက်ခြင်းမှာ အစွမ်းပြတယ်ဆိုပေမယ့် သူကစားခဲ့တဲ့ ဘာစီလိုနာ ၊ အာဆင်နယ်တို့မှာထက် ခံစစ်ကိုပိုကူနေရတယ်။ ဒါဟာ အဓိကကျတဲ့ အချက်ဖြစ်သလို သူ့အတွက်လည်းတော်တော်ခက်ခဲလိမ့်မယ်။ဘာလို့လဲဆိုတော့ တိုက်စစ်ပြန်စတင်ဖို့ ကွင်းလယ်နားမှာ အမြဲလိုလိုရှိနေတဲ့ ကစားသမားက ခံစစ်အစွန်နေရာအထိ ခံစစ်ကိုဆင်းကူနေရတယ်။ နောက်တစ်ချက်က ဆန်းချက်ဇ် ပုံမှန်ခြေစွမ်းရနေရင်တောင် မာစီယဲလ် Martial ကို မသုံးလို့ဆိုတဲ့ ဖိအား မော်ရင်ဟို မှာရှိနေတယ်။ ဒီအနေအထားတွေကြောင့် ဆန်းချက်ဇ် ခြေစွမ်းပြနိုင်ရင်တောင် ဒုတိယပိုင်းလောက်မှာ မာစီယဲလ်နဲ့လဲခံခဲ့ရတယ်။ ဒီလိုနဲ့ နောက်ပိုင်း အသေးစားဒဏ်ရာပြဿနာတွေရ ၊ မာစီယဲလ်ကလည်း ခြေစွမ်းပြဆိုတော့ ဆန်းချက်ဇ် ဟာ အသင်းမှာ ရုန်းကန်ရတော့တာပဲ။ ကစားခွင့်ရတဲ့ အချိန်မှာလည်း ယုံကြည်မှုပိုင်းက လျော့ကျနေသလို အသက်အရွယ်အရ အနည်းငယ်ကျရိပ်ရောက်နေတာကြောင့်လည်း သူ့အတွက် အရာရာဟာ ခက်ခဲခဲ့ပါတယ်။

ဆိုးလ်ရှား မန်ယူနည်းပြဖြစ်လာတဲ့ အချိန်မှာ ဆန်းချက်ဇ် အရင်လိုပြန်ဖြစ်လာမယ်လို့ မျှော်လင့်မိခဲ့တယ်။ ဒါပေမဲ့ ဆိုလ်းရှား က ကစားသမားတွေကို ပုံသေနေရာသတ်မှတ်လွန်းတာကြောင့် ဆန်းချက်ဇ်ဟာ ဘယ်ခြမ်းမှာသာ ကစားခဲ့ရသလို ဒီနေရာမှာ မာစီယဲလ်ဟာ အကောင်းဆုံးခြေစွမ်းပြနေတာကြောင့် ဆန်းချက်ဇ် က ပွဲကစားခွင့်နည်းပါးခဲ့တယ်။ နောက်ထပ်ပြောချင်တာကတော့ မန်ယူမှာ သူ့အတွက် အကူအညီပေးမယ့်သူမရှိဘူးဆိုတာပါပဲ။ ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ ပွဲစဉ် တိုက်စစ်ပိုင်း အပြောင်းအလဲလုပ်ဖို့ ကြုံလာချိန်မှာ နည်းပြဆိုးလ်ရှား ဟာ ကြံခိုင်မှုပြည့်ဝနေတဲ့ ဆန်းချက်ဇ် ထက် ဒဏ်ရာကနေ ပြန်လာစ လင်ဂတ် Lingard ကိုရွေးခဲ့တယ်။ ဒါဟာ တော်တော်လေးကို ကစားသမားတစ်ဦးအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိစေခဲ့ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုတောင် ပျောက်ဆုံးသွားနိုင်တဲ့ အနေအထားပါ။ နောက်တစ်ချက်ကတော့ မန်ယူပွဲကို အမြဲလိုလိုကြည့်တဲ့သူတွေဆို သိနိုင်ပါတယ်။ မာစီယဲလ် ၊ ရက်ရှ်ဖို့ဒ် Rashford နဲ့ ပေါ့ဘာ တို့ဟာ ဆန်းချက်ဇ် ကို ဘောလုံးသိပ်မပေးကြပါဘူး။

ဒီနေရာမှ လောလောလတ်လတ် ပြီးခဲ့တဲ့ လီဗာပူးလ်နဲ့ ပွဲက အခြေအနေကိုပဲပြောပြချင်ပါတယ်။ ပေါ့ဘာ ဟာ ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်ပြီး ဆန်းချက်ဇ် က ဘယ်တောင်ပံတိုက်စစ်ကစားသမားပါ။ ပြောရရင် သူတို့နှစ်ယောက်ဟာ ထပ်နေစရာ ဘာအကြောင်းမှမရှိပါဘူး။ ဒါပေမဲ့ ပေါ့ဘာ က ဘယ်ခြမ်းအားသာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဘယ်ခြမ်းမှာ လူထပ်ထပ်သွားပါတယ်။ အဲ့လိုထပ်တဲ့ အခြေအနေမှာ ဆန်းချက်ဇ် ဟာ သူအနောက်မှာပဲ ဆက်နေရမလို ၊ အလယ်ပဲပြန်ဆင်းရတော့ မလိုဖြစ်တာအကြိမ်ကြိမ်ပါပဲ။ ဆန်းချက်ဇ် လွတ်နေရင် ဘောလုံးမပေးဘဲ တိုက်ရိုက်ဆွဲထွက်တာ ၊ ကျဉ်းထဲကျပ်ထဲရောက်မှ လူပေးကစားတာတွေဟာ တကယ့်ကို အမှားကြီးတွေပါ။ ငါဟာ ဘယ်သူဆိုတဲ့ ပါဝါခြင်းမပြိုင်သင့်ဘဲ အခက်အခဲတွေ့နေတဲ့ ကစားသမားကို ပုံမှန်အနေအထားမျိုးပြန်ဖြစ်လာအောင် ကူညီပေးဖို့က ပေါ့ဘာ လိုကစားသမားမျိုးရဲ့ တာဝန်ပါပဲ။

နည်းပြဆိုးလ်ရှား ကတော့ ဆန်းချက်ဇ်ကို အခုထက်ပိုတိုးတက်လာချင်တယ်လို့ ပြောနေပေမယ့် လုံလောက်တဲ့ ပွဲမကစားခွင့်မရရင်တော့ ဆန်းချက်ဇ် ဟာ မန်ယူအသင်းရဲ့ ဒုတိယ ဒီမာရီယာ Dimaria ဖြစ်သွားပါလိမ့်မယ်။ ဒီညမှာ ကစားမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲမှာတော့ တိုက်စစ်ပိုင်း ဒဏ်ရာပြဿနာတွေကြောင့် ဆန်းချက်ဇ် ပွဲထွက်ခွင့်ရမှာက သေချာနေပါတယ်။ ဒါဟာ ပုံမှန်နေရာအတွက် တိုက်ပွဲဝင်ရမယ့် သူ့အတွက် အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။ ဒါပေမဲ့ တခြားအသင်းဖော်တွေကလည်း ဆန်းချက်ဇ်ကို အကူအညီပေးဖို့ လိုအပ်နေပါတယ်။

Photo: The Independent , From The Stands , FOX Sports Asia , El Dinamo
Ko Kyue(Akhayar)
www.akhayar.com