မန်ယူအသင်းနည်းပြ ဆိုးလ်ရှား Ole Gunnar Solskjaer ဟာ အိမ်ကွင်းမှာ ဘာစီလိုနာကို (၁-၀)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမယ့်လည်း နူးကမ့်မှာ ဘာစီလိုနာကို ပြန်အနိုင်ယူပြီး ဆီမီးဖိုင်နယ်တက်မယ်လို့ အခိုင်အမာယုံကြည်နေပါတယ်။ မန်ယူအသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာ လုခ်ရှော Luke Shaw ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမှုကြောင့် ရှုံးနိမ့်ခဲ့တာဖြစ်ပြီး အဝေးကွင်းပွဲမှာ (၂)ဂိုးသွင်းဖို့လိုအပ်သလို ဂိုးမပေးရမှသာ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မှာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ ရှုံးထွက်(၁၆)သင်းအဆင့်မှာတုန်းကလည်း PSG ကို အိမ်ကွင်းမှာ (၂)ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့် အဝေးကွင်းပွဲမှာ (၃-၁)ဂိုးနဲ့ အနိုင်ယူခဲ့တာကြောင့် ဆိုးလ်ရှားဟာ အဲဒီပွဲတုန်းကလို ပြန်လည်လုပ်ပြနိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဆိုးလ်ရှားက “PSG နဲ့ပွဲက စွမ်းဆောင်ရည်အရ ကျွန်တော်တို့အသင်း ယုံကြည်ချက်၊ မျှော်လင့်ချက်ရှိနေဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရင်ဆိုင်ရမယ့်အသင်းက ဒီရာသီ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့အသင်းဆိုတာ သိထားရမှာဖြစ်ပြီး နူးကမ့်မှာ ကစားရမယ့်ပွဲက အကြီးမားဆုံးစိန်ခေါ်မှုဖြစ်လာမှာပါ။ အဲဒီပွဲမှာ ဘာစီလိုနာကို အနိုင်ရခဲ့ရင်တော့ ကျွန်တော်တို့အတွက် ကြီးမားတဲ့အောင်မြင်မှုလို့ သတ်မှတ်ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာစီလိုနာအသင်းဟာ အိမ်ကွင်းမှာ တော်ရုံတန်ရုံနဲ့ ရှုံးတတ်တဲ့အသင်း မဟုတ်လို့ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့အသင်း မထင်မှတ်တာတွေကို လုပ်ပြနိုင်မယ်လို့ ယုံကြည်ပြီး ဂိုးပေါက်ခြိမ်းခြောက်မှုတွေ လုပ်ပြမှာပါ။ မာစီယဲလ် Anthony Martial ၊ လူကာကူ Lukaku ၊ ရပ်ရှ်ဖို့ဒ် Rashford တို့ရဲ့ စွမ်းဆောင်ရည်က ဘာစီလိုနာအသင်းကို ကောင်းကောင်း ဒုက္ခပေးနိုင်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။

REF:talksport
Photo:Nettavisen,Daily Mail
Naing Linn(Akhayar)
www.akhayar.com