မန်ယူအသင်းရဲ့ ဂန္ထ၀င်နောက်ခံလူလို့ သတ်မှတ်ရမယ့် ဂယ်ရီနဗီးလ် Gary Neville က မန်ယူအသင်းဟာ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ဆိုရင် အနည်းဆုံး(၂)နှစ်လောက် အချိန်ယူရမယ်လို့ ခန့်မှန်းခဲ့ပါတယ်။ နာမည်ကျော် အားကစားမီဒီယာ Sky Sports ရဲ့ ကလောင်ရှင်တစ်ဦးဖြစ်တဲ့ ဂယ်ရီနီဗီးလ်ဟာ သူ့အမြင်ကို ရေးသားခဲ့တာဖြစ်ပါတယ်။ ဂယ်ရီနဗီးလ်က မန်ယူအသင်းဟာ လက်ရှိကစားသမားတချို့ကို ရောင်းချဖို့ လိုအပ်နေသလို လာမယ့်နွေရာသီကာလမှာ ငွေကြေးသုံးစွဲဖို့ လိုနေပြီလို့ သုံးသပ်ခဲ့တာပါ။

ဂယ်ရီနဗီးလ်က “ဆိုးလ်ရှား Ole Gunnar Solskjaer အတွက် ငွေသုံးဖို့ လိုနေပါပြီ။ အဲဒီလိုမှ မဟုတ်ရင်လည်း ရီးယဲလ်က စိတ်ဝင်စားနေတဲ့ ပေါ့ဘာ Paul Pogba ၊ ဒီဂီယာ David de Gea တို့ကို ရောင်းချပြီး ရတဲ့ငွေကြေးနဲ့ ထိပ်တန်းကစားသမားတွေကို ခေါ်ယူလို့ရပါတယ်။ ကျွန်တော် စိုးရိမ်တာတစ်ခုက ဒီဂီယာနဲ့ ရပ်ရှ်ဖို့ဒ် Marcus Rashford တို့ရဲ့ အနေအထားပါ။ သူတို့နှစ်ဦးက စာချုပ်သက်တမ်းတိုးမှာ မဟုတ်ဘူးလို့ သတင်းတွေထွက်ပေါ်နေပေမယ့် ကျွန်တော်ကတော့ ရပ်ရှ်ဖို့ဒ်က စာချုပ်သစ်ချုပ်မယ်လို့ ထင်ပါတယ်။ ဒါကတော့ သံသယဖြစ်စရာမလိုပါဘူး။ ကလပ်အသင်းတာဝန်ရှိသူတွေအနေနဲ့လည်း ကိုယ့်အသင်းက ကစားသမားတွေကို ထိုက်သင့်တဲ့ကြေးနဲ့ ရောင်းချသွားဖို့ လိုသလို အသင်းအတွက် တကယ်လိုအပ်တဲ့ ကစားသမားတွေ ခေါ်ယူရမှာဖြစ်ပါတယ်။ ကစားသမားသစ်တွေ ခေါ်ယူပြီးရင် အသင်းနဲ့တစ်စုတစ်စည်းတည်းဖြစ်ဖို့၊ ချန်ပီယံဆုဖလားဆွတ်ခူးနိုင်ဖို့ဆိုရင် (၂)နှစ်လောက်တော့ အချိန်ယူရမှာပါ”လို့ ရေးသားခဲ့ပါတယ်။

REF:Talksports
Photo:ShortList,Daily Advent Nigeria
Naing Linn(Akhayar)
www.akhayar.com