တင်းနစ်လောကမှာ နာမည်ကျော်နှစ်ဦးဖြစ်တဲ့ ဂျိုကိုဗစ် Novak Djokovic နဲ့ ဖက်ဒရာ Roger Federer တို့ရဲ့ ၂၀၁၉ ၀င်ဘယ်လ်ဒန်ဗိုလ်လုပွဲကတော့ ရေကုန်ရေခမ်းကစားပြီး ဂျိုကိုဗစ်က (၅)ကြိမ်မြောက် ၀င်ဘယ်လ်ဒန်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီပွဲဟာ (၄)နာရီ(၅၇)မိနစ်အထိ ကြာမြင့်ခဲ့ပြီး ဒါဟာ ၀င်ဘယ်လ်ဒန်ဗိုလ်လုပွဲ သမိုင်းတစ်လျှောက် အချိန်အကြာဆုံးပွဲအဖြစ် စံချိန်တင်ခဲ့ပါတယ်။ အသက်(၃၇)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် ဖက်ဒရာဟာ သက်လုံကောင်းကောင်း၊ နိုင်လိုစိတ်အပြည့်နဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ကံဆိုးလို့သာ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့တာပါ။ ပထမပွဲကြီးကတည်း ဂျိုကိုဗစ်နဲ့ ဖက်ဒရာဟာ အကြိတ်အနယ်ဖြစ်ခဲ့ပြီး Tie Break ရိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ဂျိုကိုဗစ်က ၇-၆(၇-၅)နဲ့ အနိုင်ရခဲ့ပေမယ့် နောက်တစ်ပွဲမှာတော့ ဖက်ဒရာက ၆-၁ နဲ့ ပြတ်ပြတ်သားသားအနိုင်ယူခဲ့တယ်။

တတိယမြောက်ပွဲမှာလည်း Tie Break ထပ်ရိုက်ခဲ့ရပြီး ဂျိုကိုဗစ်က ၇-၆(၇-၄)နဲ့ အနိုင်ရခဲ့ပေမယ့် စတုတ္ထပွဲမှာတော့ ဖက်ဒရာက ၆-၄နဲ့ အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးပွဲက တကယ့်ကို Epic ဖြစ်ခဲ့ပြီး သာမန် Set ပြီးတာတောင် အဖြေမပေါ်လို့ နောက်ထပ်ပွဲငယ်တွေ ဆက်ရိုက်ခဲ့ရပါတယ်။ အဲဒီမှာလည်း ဖက်ဒရာက နိုင်လိုက်၊ ဂျိုကိုဗစ်ကနိုင်လိုက်နဲ့ ပရိသတ်တွေကလည်း ဘယ်သူနိုင်မလဲဆိုတာကို ရင်တမမနဲ့ ကြည့်ခဲ့ရတယ်။ နောက်ဆုံးမှာတော့ ဂျိုကိုဗစ်က ၁၃-၁၂(၇-၃)နဲ့ အနိုင်ရခဲ့တာကြောင့် (၅)ကြိမ်မြောက် ၀င်ဘယ်လ်ဒန်ချန်ပီယံဆု၊ ကစားသမားဘ၀တစ်လျှောက် (၁၆)ခုမြောက် ဂရင်းစလင်းချန်ပီယံဆုကို ရယူခဲ့ပြီး အခုဆိုရင် ဖက်ဒရာ(၂၀ ခု)၊ နဒါးလ် Nadal (၁၈ခု)တို့ကို အမီလိုက်နိုင်ဖို့ နီးစပ်နေပါပြီ။ ၀င်ဘယ်လ်ဒန်ချန်ပီယံဆုကို (၈)ကြိမ်အထိ ရရှိခဲ့တဲ့ ဖက်ဒရာကတော့ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၉ ၀င်ဘယ်လ်ဒန်ဗိုလ်လုပွဲ၊ ၂၀၁၅ US Open ဗိုလ်လုပွဲတွေမှာ ဂျိုကိုဗစ်ကို ဆက်တိုက်ရှုံးနိမ့်ခဲ့သလို ပြိုင်ပွဲစုံမှာတော့ (၅)ပွဲဆက် ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

REF:cbssports,telegraph
Photo:Wimbledon Twitter
Naing Linn(Akhayar)
www.akhayar.com