မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un ဟာ ဖေဖော်ဝါရီလ (၂၆) ရက်နေ့ ဒေသစံတော်ချိန် မနက် (၈) နာရီ (၁၅) မိနစ်မှာ ဗီယက်နမ်နိုင်ငံကို ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ သူဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ Pyongyang ဘူတာရုံကနေ ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှာ ထွက်ရှိလာခဲ့ပြီး တရုတ်နယ်စပ်ကတဆင့် ဗီယက်နမ်နိုင်ငံရဲ့ Dong Dang ဘူတာရုံကို ရောက်ရှိခဲ့တာဖြစ်ပါတယ်။ Kim Jong-un ရဲ့ကျည်ကာရထားကြီးဟာ မိုင်ပေါင်း (၂,၈ဝဝ) ကျော် ခုတ်မောင်းလာခဲ့ပြီး (၂) ရက်ခွဲကြာမြင့်တယ်လို့ ဆိုရမှာပါ။

 

Trump – Kim Summit ဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ဖေဖော်ဝါရီလ (၂၇) နဲ့ (၂၈) ရက်တွေမှာ ကျင်းပမှာဖြစ်ပါတယ်။ Kim Jong-un ဟာ Dong Dang မြို့ကတဆင့် ဆွေးနွေးပွဲကျင်းပမယ့် Hanoi မြို့ ကို မော်တော်ကားနဲ့ ထွက်ခွာနေပါပြီ။ အမေရိကန်သမ္မတကြီး Donald Trump ကတော့ Hanoi မြို့ ကို ညနေပိုင်းမှာ ရောက်ရှိမယ်လို့ သိရပါတယ်။

ပထမအကြိမ်တွေ့ဆုံပွဲမှာ သဘောတူထားတဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယား ဖျက်သိမ်းပေးရေးကိစ္စကို ဆွေးနွေးဖွယ်ရှိပါတယ်။ အမေရိကန်သမ္မတကြီး Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un တို့ဟာ ၂ဝ၁၈ခုနှစ် ဇွန်လ (၁၂) ရက်နေ့တုန်းက စင်္ကာပူနိုင်ငံမှာ ပထမအကြိမ်တွေ့ဆုံခဲ့ပြီး အောက်ပါသဘောတူညီချက်တွေကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

(၁) အမေရိကန်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံအတွက် ငြိမ်းချမ်းရေးနဲ့ အကျိုးစီးပွားကို ဖော်ဆောင်နိုင်ရပါမယ်။

(၂) ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအတွက် မြောက်ကိုရီးယားနဲ့ အမေရိကန်ဟာ ပူးပေါင်းဆောင်ရွက်ရမယ်။

(၃) ဧပြီလ (၂၇) ရက်နေ့မှာ တောင်ကိုရီးယားသမ္မတ Moon Jae-in နဲ့ သဘောတူထားတဲ့အတိုင်း ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယား ဖျက်သိမ်းပေးရမယ်။

(၄) အမေရိကန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေရဲ့ စစ်သုံ့ပန်း (Prisoners of War – POW) နဲ့ ပျောက်ဆုံးစစ်သည် (Missing In Action – MIA) တွေကို ပြန်လည်ရှာဖွေပေးဖို့နဲ့ နေရပ်ပြန်ပို့ပေးဖို့ သဘောတူညီခဲ့ကြပါတယ်။

(၅) နှစ်နိုင်ငံကြား တင်းမာမှုတွေ ပြေလျော့ပြီး နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူညီကြပါတယ်။

Reference and Photo Credit – CNN

ကျော်စိုးအောင် (အခရာ)

www.akhayar.com