ကချင်စာစစ်စစ်နဲ့ Ar-T တို့ရောင်းတဲ့ ခေါက်ဆွဲအိမ်

ချဉ်ငန်စပ်နဲ့ နာမည်အကြီးကြီးရထားတဲ့ အဆိုတော် Ar-T တို့ မိသားစုကနေပြီး ထပ်အသစ်ဖွင့်လိုက်တဲ့ဆိုင်က ခေါက်ဆွဲအိမ်တဲ့။ နာမည်လေးကကို သင်းတယ်။ စိတ်ဝင်စားစရာကောင်းတယ်။ နောက်ပြီးတော့ ကချင်စာကို အိမ်ချက်ပုံစံ သန့်သန့်ရှင်းရှင်းစားရမယ်ဆိုတာ သေချာအာမခံထားတယ်….ဆိုတော့ကာ ဆိုင်ဖွင့်ဖွင့်ချင်းကို ဘာတွေစားကောင်းလဲ ဘယ်လိုအရသာမျိုးလဲဆိုတာ သိချင်သူတွေအတွက် အခရာက ဦးဦးဖျားဖျား စားခဲ့တာလေးပြောပြရရင်…

ချဉ်ငန်စပ်ရဲ့ ခေါက်ဆွဲအိမ်ဆိုတည်းက ကချင်စာတွေ၊ခေါက်ဆွဲတွေချည်း ကောင်းကောင်းစားရတော့မယ်လို့ ထင်တဲ့အတိုင်းပဲ ဒီဆိုင်ကလေးမှာ ကချင်စာစစ်စစ်လေးတွေ ဖြစ်တဲ့ မြစ်ကြီးနားကြက်ပေါင်းခေါက်ဆွဲ၊ မြစ်ကြီးနားမုန့်ဟင်းခါး၊ တောင်ပေါ်မြီးရှည်၊ ဆန်စီးသုပ်၊ တိုဟူးနွေးခေါပုတ်၊ Ar-T ရဲ့ အမားလက်ရာ ခေါက်ဆွဲ စတဲ့ စိတ်ဝင်စားစရာလေးတွေရတယ်။

ပိုထူးခြားတာက ဝက်သားနဲ့အမဲသား လုံးဝမရတော့ လူတိုင်းစားလို့ရတယ်။ ဆိုင်ကလေးကလည်း သန့်ရှင်းနေရော။ ဘာမှတကူးတက ပြင်ဆင်ထားတာမရှိဘူး။ မြေညီထပ်က ရိုးရိုးဆိုင်ခန်းလေးလိုပါပဲ။

မီနူးဖတ်ကြည့်လိုက်တော့ စားချင်တာထက် စူးစမ်းချင်တဲ့အရသာကတော့ အစုံပဲ။ ဈေးကလည်း ၁၅၀၀၊ ၂၀၀၀ ပဲရှိတော့ သက်သာတယ်လေ။ ဒါနဲ့ပဲ ပိုစိတ်ဝင်စားမိတဲ့ တောင်ပေါ်မြီးရှည်နဲ့ အမားလက်ရာခေါက်ဆွဲကို အသုပ်စားပါလို့ သူတို့ညွှန်းလို့ အသုပ်မှာစားခဲ့တယ်။

တောင်ပေါ်မြီးရှည် လာချတော့ ကြက်သားပေါင်းအမျှင်လေးတွေနဲ့ ပဲရွက်လေးနဲ့ တိုဟူးကြော်လေးနဲ့ အရည်ခပ်စွတ်စွတ် မြီးရှည်ပွဲကြီးတစ်ပွဲ ရောက်လာတယ်။ အချဉ်ကျ မုန်ညင်းစိမ်းချဉ်နဲ့ ကတက်ချဉ်၂မျိုးတောင် ကျွေးတယ်လေ။

အရသာ ခပ်ပေါ့ပေါ့၊ကြက်သားမျှင်လေးတွေ၊ မတ်ပဲကြော်လေးနဲ့ တောင်ပေါ်မြီးရှည်က ဆောင်းလေအေးအေးနဲ့ မြစ်ကြီးနားလိုနေရာမျိုးမှာဆို ဘယ်လောက်တောင်စားကောင်းမလဲဆိုပြီး မရောက်ဖူးတဲ့မြစ်ကြီးနားထိ လွမ်းမိစေတဲ့ တကယ့်ကချင်စာပါ။

လေးလေးစပ်စပ်ကြိုက်တဲ့သူတွေအနေနဲ့ အာမထိလျှာမထိဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မွှေးတယ်၊ သန့်တယ်၊ ဗိုက်ဝတယ်၊ ကျန်းမာရေးနဲ့ ညီတယ်။ တစ်ပွဲ ၂၀၀၀ တဲ့။ ကဲ မတန်ပေဘူးလား။

နောက်ဆရာကြီးကတော့ အဆိုတော် Ar-T မေမေရဲ့ အိမ်ချက်လက်ရာခေါက်ဆွဲထင်ပါရဲ့။ အမားစဆိုင်ခေါက်ဆွဲတဲ့။ ဆန်စေးကို ကြက်ပေါင်းမျှင်လေးတွေနဲ့ တိုဟူးကြော်လေးတွေနဲ့ ရှမ်းအရသာ ဆန်စီးလိုလည်းမဟုတ်တဲ့ ခေါက်ဆွဲပါပဲ။ ပဲရွက်စိမ်းစိုစိုနဲ့နံနံပင်လေးတွေက အရသာကိုပံ့ပိုးပေးတယ်။ စားရင်းနဲ့တစ်ပွဲကုန်မှန်းမသိအောင်စားကောင်းတယ်။ ကိုယ်ကတော့ ငရုတ်သီးဆီနီနဲ့ ဆားနည်းနည်းထည့်စားတော့ အနေတော်ပဲ။ နို့မို့ဆို အလေးကြိုက်တဲ့ဗမာပါးစပ်နဲ့ဆို ပေါ့ပါတယ်။ သူလည်း ၂၀၀၀ ပဲ။

အရမ်းကြိုက်တာကတော့ တစ်ပွဲ ၅၀၀ တန် တိုဟူးကြော်ပဲ။ အချဉ်က အသက်။ ခရမ်းချဉ်လိုမန်ကျည်းချဉ်လိုမျိုးကို ကြက်သွန်နီနဲ့ ချဉ်ငန်စပ်လုပ်ထားတဲ့ အချဉ်ရယ် တိုဟူးသားအပြင်ကမွမွလေးကို အတွင်းက တိုဟူးသားနုနုပျော့ပျော့လေးနဲ့ စားရတာ ထိမိငြိနေတာပဲ။ ဒီအချဉ်ကတော့ တိုဟူးကြော်နဲ့အလိုက်ဆုံးပဲ။

ခေါက်ဆွဲအိမ်ရဲ့ အိမ်လုပ်လက်ရာ ပဲနို့ပျစ်ပျစ်အေးအေးလေးလည်း သောက်ခဲ့ပါတယ်။ တစ်ခွက် ၁၀၀၀ ပါ။ သတိပြုရမှာက သကြားမပါပါဘူး။ အဲ့တော့ ပဲအနှစ်ပျစ်ပျစ်အေးအေးနဲ့ အချိုလုံးဝမပါတဲ့ ပဲနို့ရည်ပါ။ ကြိုက်တဲ့သူတွေကြိုက်ကြမှာပါ။ ပဲစိမ်းနံ့တော့ ရပါတယ်။

နောက်ထပ် သဘောကျမိတာက လက်ဖက်ခြောက်နဲ့မကျိုတဲ့ ရေနွေးကြမ်းရယ် ၊ ခွက်ကလေးတွေရယ်ပဲ။ ရေနွေးကြမ်းကို နှမ်းနက်စေ့လေးတွေနဲ့ တိုက်တော့ မွှေးလည်းမွှေး နှမ်းစေ့လေးတွေလည်း တဖောက်ဖောက်နဲ့စိမ့်စိမ့်လေး ဝါးရတယ်။ ရေနွေးကြမ်းလေးက ပိုသောက်ကောင်းနေပါတယ်။ ခွက်ကလေးတွေဆိုလည်း တရုတ်ကားထဲက တစ်လုပ်စာ ယမကာခွက်လေးတွေလို သေးသေးချစ်စရာလေး။

ပြောရရင် Ar-T ရဲ့ ခေါက်ဆွဲအိမ်က မနက်စာကောင်းကောင်းငတ်နေတဲ့ ရန်ကုန်မြို့ရဲ့ နောက်တိုး အားကိုးရမယ့် ဆိုင်သစ်လေးပါ။ ဆီမများ၊ အချိုမှုန့်တွေမပါ၊ ကျန်းမာရေးနဲ့ညီပြီး သန့်ပြန့်နေတဲ့ မနက်စာတွေကို စိတ်ချမ်းချမ်းသာသာနဲ့စားရတည်းကိုက ပေးရတဲ့ဈေး ၁၅၀၀၊ ၂၀၀၀ ဝန်းကျင်နဲ့ တန်နေပြီလေ။

စိတ်အချမ်းသာဆုံးအချက်က မိသားစုဆန်ပြီး လိုတာကအစဂရုတစိုက်မေးဖော်ရတဲ့ ဆိုင်ရှင်မိသားစုပါပဲ။ နောက်တခါ ကြုံရင် တခုတ်တရမနက်စာ ဝင်စားမိမယ့်ဆိုင်ကလေးပါပဲ။ ကဲ…အခရာကတော့ ဒီအစားအစာတွေစားပြီးပြီ ပရိသတ်ကြီးလည်း အခရာမညွှန်ရသေးတဲ့ မနက်စာလေးတွေစားကြည့်ပြီး အရသာလေးတွေ ပြန်ဝေမျှပေးကြပါဦးလို့….

လိပ်စာက အမှတ် ၁၄၇၊ မြေညီထပ်၊ ကေတုမာလာကွေ့မှတ်တိုင်နောက်ဘက်၊ ပါရမီလမ်း၊ တောင်ဥက္ကလာမှာတင် ရှိပါသတဲ့။ မနက် ၆ နာရီလောက်ကနေ နေ့ခင်း ၁၂ခွဲလောက်ထိ ရောင်းပါတယ်တဲ့။ သွားအားပေးပြီး အခရာကိုလည်း ကြိုက်၊မကြိုက် ပြန်ပြောခဲ့ဦးနော်။

ချစ်လှစွာသော
FoodieEi (Akhayar)