[Zawgyi]

လက်ထဲပိုက်ဆံမြဲနေဖို့အတွက် Personal Challenge လေးတစ်ခု

ပြတ်တုန်းလပ်တုန်း ၂၃ဖြစ်နေကြပြီထင်တယ်။ ဖြစ်မှာပေါ့။ ငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ Strategy လည်း ကောင်းကောင်းမချမှတ်ထားပဲနဲ့ ရရစားစားလုပ်နေသရွေ့တော့ ကျွန်မတို့တစ်တွေလက်ထဲမှာ ငွေစုမိဖို့မပြောနဲ့။ ရတာနဲ့ သုံးတာနဲ့တောင် လောက်မှာမဟုတ်ပါဘူး။ ဘယ်လောက်ပဲ ကြိုးစားပြီး ရှာဖွေပါစေ။ ကျားကြီးခြေရာကြီးဖြစ်နေဦးမှာပါပဲ။ အဲဒါကြောင့် နိုင်ငံတကာက လူငယ်တွေတော်တော်များများ ကျင့်သုံးကြတဲ့ Personal Challenge လေးတစ်ခုအကြောင်း ပြောပြချင်ပါတယ်။ ဒီ Challenge လေးကတော့ တစ်ယောက်တည်းလုပ်ရမယ့် Personal Challenge လေးဖြစ်ပြီးတော့ လုပ်နိုင်ရင် လုပ်နိုင်သလောက် ကျွန်မတို့ရဲ့ ငွေရေးကြေးရေးအနေအထားဟာလည်း ပြေလည်ချောင်ချိလာဖို့ ရှိပါတယ်။ ဒီ Challenge လေးရဲ့နာမည်ကတော့ “No Spend Month” တဲ့။

မြန်မာလို ရှင်းရှင်းလင်းလင်းပြောရရင်တော့ ဘာမှမသုံးတဲ့လ ပေါ့နော်။ တကယ်လည်း ဟုတ်ပါတယ်။ ဘာမှမသုံးရပါဘူး။ ဒီ Challenge ကို လစာထုတ်တဲ့နေ့ကနေစပြီး လုပ်လို့ရသလို ၃လတစ်ခါ၊ ၅လတစ်ခါစသည်ဖြင့် ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် များများလုပ်နိုင်ပါတယ်။ စိတ်ဝင်စားနေပြီဆိုရင်တော့ ဘယ်လိုလုပ်ရမလဲ ပြောပြမယ်နော်။

အရင်ဆုံး ဒီလကုန်ကနေစပြီး “No Spend Month” Challenge ကို စတော့မယ်ဆိုရင် တစ်လတိတိ စိတ်ပိုင်းဖြတ်ပြီး စွဲမြဲအောင်လုပ်ဖို့တော့ လိုအပ်ပါတယ်။ ပျက်သွားရင်လည်း ဘာမှတော့မဖြစ်ပေမယ့် မပျက်တာအကောင်းဆုံးပေါ့နော်။ စတဲ့နေ့ကနေစပြီး ကျွန်မတို့ နေ့စဉ်စားသောက်နေထိုင်သွားလာမှုစရိတ်မှာ လိုအပ်တဲ့ထွက်ငွေအပြင် ဘာမှမသုံးတော့တာပါပဲ။ ဒီတစ်လလုံး ဘာမှမ၀ယ်ဘူး။ ငွေကြေးကုန်ကျမယ့်နေရာတွေ ဘယ်မှမသွားဘူး။ ပုံမှန်ဘတ်စ်ကားခအပြင် တက်စီမစီးဘူး။ ပုံမှန်စားနေကျအစားအသောက်အပြင် အပိုမစားဘူး။ စားသောက်ဆိုင်ကြီးတွေမသွားဘူး။ အရာအားလုံးလိုအပ်တာကိုပဲ ကျစ်ကျစ်လစ်လစ်သုံးပြီး အပိုဘာမှမလုပ်ပါနဲ့။

ဒီ Challenge လေးကို တစ်ယောက်တည်း ကိုယ့်ရဲ့စိတ်ထဲမှာ စွဲမှတ်ထားပြီး ဒီလ လစာထုတ်တဲ့နေ့ကတည်းက နောက်လလစာထုတ်တဲ့နေ့အထိ လုပ်ရမှာနော်။ နည်းနည်းတော့ စိတ်ညစ်ဖို့ကောင်းပါတယ်။ ဒါပေမယ့် တစ်လကုန်သွားတဲ့အခါမှာတော့ ပြတ်တုန်းလပ်တုန်း ၂၃ ဖြစ်နေတတ်တဲ့သူတောင်မှ အံ့သြလောက်အောင် လက်ထဲ ပိုက်ဆံတွေကျန်နေဦးမှာပါပဲ။

အဲဒီအချိန် ပျော်ရွှင်ကျေနပ်ရတဲ့ခံစားချက်က ဘာနဲ့မှမတူပါဘူး။ ခဏခဏမလုပ်ချင်ဘူးဆိုရင်တောင် တစ်လလောက်တော့ အောင့်အီးသည်းခံပြီး လုပ်ကြည့်ပါ။ နောက်လတွေ၊ နောက်လတွေမှာ ငွေကြေးပြတ်လတ်တာမျိုးတွေမဖြစ်တဲ့အပြင် အပိုငွေတချို့ပါ လက်ထဲမှာကျန်နေဦးမှာပါ။ သေချာပါတယ်။ တစ်လကြီးများတောင် ခြိုးခြံချွေတာတတ်သွားပြီဆိုရင်တော့ နောက်လတွေမှာ အရင်ကလောက် အများကြီးမသုံးရရင်လည်း မနေနိုင်အောင်ဖြစ်နေတော့မှာ မဟုတ်ပါဘူး။

ပိုက်ဆံသုံးရတယ်ဆိုတာ ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် အသုံးမတော်ရင်တော့ ဒုက္ခရောက်တဲ့အချိန်ကျမှ ကူမယ့်ကယ်မယ့်လူမရှိပဲ ဖြစ်ရပါလိမ့်မယ်။ ရရသုံးသုံးဖြစ်နေလို့ အကြွေးပြီးရင်အကြွေးဖြစ်နေတဲ့သူတွေ၊ ရတာနဲ့သုံးတာနဲ့ လုံးပါးပါးပြီး စုမိဆောင်းမိမရှိတဲ့သူတွေကတော့ ဒီ “No Spend Month” Personal Challenge လေးကို တစ်လလောက်တော့ လုပ်ကြည့်ကြပါဦးလို့။

Moethaesay (Akhayar)

www.akhayar.com