Nintendo Switch (သို့) ငယ်ဘဝအိမ်မက်တွေ တဖန်ပြန်လည်အသက်ဝင်ခြင်း

ငယ်ငယ်တုန်းက အိမ်မှာ မိဘတွေဝယ်ပေးထားတဲ့ ဂိမ်းစက်ကလေးနဲ့ Super Mario, တို့ Tanks တို့ Rambo တို့ ကစားခဲ့တုန်းက အချိန်တွေကို မှတ်မိကြသေးလား။ လွမ်းစရာငယ်ဘဝလေးတွေနော်။ အဲဒီတုန်းက ကျွန်တော်တို့တွေ ကိုယ်ကစားတဲ့ ဂိမ်းစက်က ဘာနာမည်လဲ ဘယ်ကုမ္ပဏီက ထုတ်သလဲတော့ မသိခဲ့ကြပါဘူး။ ကျွန်တော်တို့ခေါ်တာ Family Game ပေါ့။ တခြားဒေသက ကလေးတွေလဲ တခြားနာမည်နဲ့ ခေါ်ရင် ခေါ်ကြပါလိမ့်မယ်။

ခု ကျွန်တော်တို့ အခေါ် Family Game ကို ထုတ်တဲ့ Nintendo ကုမ္ပဏီကနေ နောက်ဆုံးပေါ် Home Console ဂိမ်းစက်တစ်မျိုးကို ကြေညာလိုက်ပြီဖြစ်ပါတယ်။ ပြီးတော့ အဲဒီ ဂိမ်းစက်ဟာ (သောက်ရမ်း) လန်းပါတယ်။ ကျွန်တော် အပိုမပြောဘူး။ သူတို့ရဲ့ Intro Video ကြည့်ပြီးပြီးချင်း ဘယ်လောက်နဲ့ ရောင်းရောင်း ထွက်တာနဲ့ ဝယ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ အထိပါပဲ။

Nitendo Switch လို့ အမည်ရတဲ့ ဒီ Console မှာ အဓိက အပိုင်း ၃ ပိုင်း ပါပါတယ်။

  • Main Console ပိုင်းဟာ Wii U Pad နဲ့ ဆင်တူ Game Pad ပုံစံဖြစ်ပြီး ဘေးဘက်မှာ Joy-cons လို့ အမည်ရတဲ့ Controller (၂) ခုပါဝင်ပါတယ်။ တစ်ခုစီမှာ ခလုတ် (၄) ခု နဲ့ analog stick တစ်ခု စီပါဝင်ပါတယ်။
  • တီဗွီနဲ့ ချိတ်ဆက်တဲ့ အခါမှာ သုံးဖို့အတွက် Switch Dock အမည်ရှိ Dock တစ်ခုပါဝင်ပြီး TV နဲ့ ချိတ်ဆက်နေချိန်မှာ ပုံမှန် Full Controller နဲ့ ချိတ်ဆက်ကစားနိုင်သလို ဘေး ၂ ဖက်က Joy-cons နှစ်ခုကို အလည်မှာ ချိတ်ဆက်ပေးတဲ့ Joy-Con Grip နဲ့ ချိတ်ပြီးလဲ ကစားနိုင်ပါတယ်။
  • Joy-Con နှစ်ခုကို လက်နှစ်ဖက်နဲ့ တစ်ခုစီကိုင်ပြီး Controller တစ်ခုတည်းအဖြစ် ကစားနိုင်သလို တစ်ခုချင်းစီကို လူ (၂) ယောက် အသုံးပြုပြီးတော့လဲ နှစ်ယောက်ကစားနိုင်ပါတယ်။ ဒါ့အပြင် Main Console ဖြစ်တဲ့ Game Pad ကိုလဲ iPad အသုံးပြုသလို ထောင်ထားပြီး ကစားနိုင်ပါသေးတယ်။
  • ဒီလို ကစားရာမှာ Nintendo Switch Console နှစ်ခု အသုံးပြုပြီး ဂိမ်းတစ်ခုတည်းကို (၂) သင်း (၄) ယောက် ကစားနိုင်သလို Switch (10) ခု အသုံးပြုပြီး Dota ခုတ်သလို တစ်ဖက် (၅) ယောက်စီလဲ ကစားလို့ရပါသေးတယ်။

Nintendo Switch ဟာ အိမ်မှာ အေးအေးဆေးဆေးထိုင်ကစားနေလို့ ရသလို အပြင်သွားရင်း သူငယ်ချင်းတွေနဲ့ တွေ့ရင်း ခရီးသွားရင်း ကစားလို့ရအောင် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ ဒီ Console ကို ကစားနိုင်တဲ့ နည်းလမ်းတွေကို Video မှာ ကြည့်လို့ ရပါတယ်။ လတ်တလောမှာ ဈေးနှုန်းတွေ ပါဝင်မယ့်ဂိမ်းအမျိုးအစားတွေ နဲ့ ရောင်းချမယ့် အချိန်ကို အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် Nintendo Switch ဟာ Innovative ဖြစ်ပြီး တော်တော်လေးကို ဆွဲဆောင်မှုရှိတဲ့ ဂိမ်းစက်အဖြစ် ပေါ်ထွက်လာမယ်ဆိုတာကတော့ သေချာပေါက် ပြောရဲပါတယ်။

 

အောင်မွန်ချမ်း

www.akhayar.com