စိတ်ဓာတ်ကျခြင်း၊ စိတ်ကျရောဂါဖြစ်ခြင်းဆိုတာဟာ တိုးတက်လာတဲ့၊ ဖိစီးမှုများလာတဲ့ ခေတ်ကြီးမှာ လူအတော်များများ တွေ့ကြုံနေရပါတယ်။ စိတ်ဓာတ်ကျပြီဆိုရင် ပြန်လည်ထူထောင်ဖို့ အကြောင်းရင်းရှာရတာ ခက်ခဲပြီး လူအများသိကြတဲ့ Depression ဖြစ်စေတဲ့ အကြောင်းအရာတွေကတော့ စိတ်ဒဏ်ရာတွေ၊ ပူဆွေးမှုတွေ၊ ငွေကြေးပြဿနာတွေနဲ့ အလုပ်လက်မဲ့ ဖြစ်တာတွေကြောင့်လို့ သိကြပြီး တချို့ကျတော့လည်း အဲဒီအချက်တွေမဖြစ်ဘဲ စိတ်ဓာတ်ကျနေတာမျိုး ဖြစ်တတ်ပါတယ်။

ဒါတွေဟာ ဘာကြောင့်ပါလဲ၊ အပေါ်က အချက်တွေလို လူတွေ သိပ်မသိတဲ့ စိတ်ဓာတ်ကျဆင်းမှု ဖြစ်စေတဲ့ ဒီအချက်လေးတွေလည်း ရှိပါသေးတယ်တဲ့။

ဆေးလိပ်သောက်ခြင်းကြောင့်

စိတ်ညစ်၊ စိတ်ရှုပ်နေတုန်း ဆေးလိပ်လေး တစ်ဖွာ နှစ်ဖွာ ကောက်ဖွာလိုက်ရင် စိတ်ပြေသွားသလို ရှိပေမယ့် တကယ်တမ်းတော့ စိတ်ဓာတ်ကျဆင်းမှုဟာ ဆေးလိပ်သောက်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ ဆေးလိပ်ကို စွဲလမ်းမှုဟာ မူးယစ်ဆေးဝါးတစ်ခုခုကို စွဲလမ်းမှုနဲ့ အလားတူပြီး ဆေးလိပ်လေး ဖြတ်လိုက်တာနဲ့ Brain Chemicals တွေ ပြန်ပြီး ဟန်ချက်ညီစေမှာပါ။

Thyroid ရောဂါကြောင့်

လည်မျိုအရှေ့ပိုင်းမှာ ရှိတဲ့ သိုင်းရွိုက်အကျိတ်ဟာ လုံလောက်တဲ့ သိုင်းရွိုက်ဟော်မုန်းကို မထုတ်ပေးနိုင်ဘဲ Hypothyroidism လို့ ခေါ်တဲ့ လက္ခဏာ ဖြစ်ပြီဆိုရင် ဒါဟာလည်း Depression ဖြစ်စေတဲ့ လက္ခဏာတွေထဲက တစ်ခုပါပဲ။ ဒီဟော်မုန်းဟာ Neurotransmitter အနေနဲ့ လုပ်ဆောင်ပြီး Serotonin Levels ကိုလည်း ထိန်းညှိပေးပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျဆင်းမှုဖြစ်မယ်၊ တပြိုင်တည်းမှာ ဝမ်းချုပ်တာနဲ့ ခဏခဏဖျားတတ်မယ်ဆိုရင် Thyroid Test စစ်ကြည့်သင့်ပါပြီ။

အိပ်ရေးမမှန်တာတွေကြောင့်

အိပ်ရေးမဝခြင်းဟာလည်း စိတ်ဓာတ်ကျဆင်းမှုကို ဦးတည်စေပြီး “အိပ်ရေးဝဝမအိပ်ရင် ဦးနှောက်ဆဲလ်တွေကို ဖြည့်တင်းဖို့ အချိန်မရဘဲ ဦးနှောက်ရဲ့ Function တွေဟာ ကောင်းကောင်းအလုပ်မလုပ်ဘဲ ရပ်တန့်နိုင်ပြီး စိတ်ဓာတ်ကျဆင်းမှုကို ဦးတည်သွားစေနိုင်ပါတယ်” လို့ ‘The Power of Rest’ ရဲ့ စာရေးသူ Dr. Matthew Edlund က ပြောပြခဲ့ပါတယ်။

Facebook အလွန်အမင်းသုံးစွဲတာကြောင့်

Social-Networking Sites တွေနဲ့ Chat Box တွေမှာ အချိန်တွေ အရမ်းဖြုန်းမိနေပြီလား။ ဒီအချက်ဟာ ဆယ်ကျော်သက်တွေနဲ့ ကလေးသူငယ်တွေဆီမှာ Depression ဖြစ်စေမှုနဲ့ ဆက်စပ်နေပါတယ်။ Internet စွဲလမ်းသူတွေဟာ တကယ့်ဘဝက လူသားတွေရဲ့ တုံ့ပြန်မှုမှာ ရုန်းကန်ရင်ဆိုင်နေရပြီး အဆင်မပြေတာများတဲ့အခါ ပူးပေါင်းဆောင်ရွက်မှုလည်း နည်းလာကြပြီး ကမ္ဘာကြီးကို လက်တွေ့မဆန်တဲ့ ရှုထောင့်ကနေ ကြည့်တတ်ကြပါတယ်။ ဒါကို ‘Facebook Depression’ လို့တောင် တချို့ ပညာရှင်တွေက ခေါ်ကြပါတယ်။

၂၀၁၀ ခုနှစ်က လုပ်ခဲ့တဲ့ သုတေသနတစ်ခုမှာ အသက် ၁၆ နှစ်ကနေ ၅၁နှစ်အတွင်း ၁.၂% ဟာ Online ကို လွန်လွန်ကျူးကျူးသုံးစွဲနေပြီး သူတို့ဟာ Depression ဖြစ်ဖို့ နှုန်းလည်း မြင့်မားနေတာ တွေ့ရပါတယ်။ ဒီနေရာမှာ ပညာရှင်တွေ သိပ်မရှင်းတဲ့ တစ်ချက်ကတော့ Internet သုံးတာများလို့ Depression ဖြစ်တာလား၊ Depression ဖြစ်နေမှုက အင်တာနက်အလွန်အကျွံသုံးစေတာလားဆိုတာပါ။

TV Show တစ်ခုခု ဒါမှမဟုတ် Series တစ်ခုခု ပြီးဆုံးသွားတာကြောင့်

ဒါလေးက ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် ကိုယ်အရူးအမူးကြည့်ရ၊ ကြိုက်ရတဲ့ TV Show တစ်ခု ပြီးသွားတာမျိုး ဖြစ်ရင်လည်း စိတ်ဓာတ်ကျမှုဖြစ်တတ်ပါတယ်တဲ့။ ၂၀၀၉ ခုနှစ်တုန်းက ဆိုရင် Avatar Fans တွေဟာ စိတ်ဓာတ်ကျတာတွေနဲ့ သတ်သေတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်၊ ဒီလို အဖြစ်မျိုးကို Harry Potter ဇာတ်ကားတွေရဲ့ Final Installments အပြီးမှာလည်း ကြုံတွေ့ခဲ့ကြဖူးပါတယ်။

ကိုယ်နေထိုင်တဲ့နေရာပေါ် မူတည်တာ

သုတေသနပြုလုပ်ချက်တွေအရ မြို့မှာ နေထိုင်တဲ့သူတွေဟာ ကျေးလက်ဧရိယာမှာ နေတဲ့သူတွေထက် စိတ်ညစ်ညူးနှုန်း ၃၉% ပိုမို များပြားပါတယ်။ ၂၀၁၁ ခုနှစ်က ပြုလုပ်တဲ့ သုတေသနပြုမှုတွေအရ မြို့နေလူတန်းစားတွေဟာ Stress တွေကို ထိန်းချုပ်ဖို့ ပိုပြီး ဦးနှောက်ကို အလုပ်ပေးရပါတယ်ဆိုတာပါပဲ။

ရွေးချယ်စရာများလွန်းတာကြောင့်

မနက်စာရွေးချယ်မှုကနေ အိမ်သုံးပစ္စည်းတွေ ဘယ်တံဆိပ်တွေ ဝယ်ရမလဲလို့ အမြဲရွေးချယ်နေရရင် ခေါင်းရှုပ်ပြီး စိတ်ဓာတ်ကျဆင်းမှုကို ဦးတည်စေတယ်ဆိုတာ သင်သိပါသလား။ တချို့တွေက ကိုယ့်လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပစ္စည်းတွေ့ရင် တစ်ခါတည်းတန်းဝယ်ပြီး ပြဿနာမရှိပေမယ့် တချို့တွေကျတော့လည်း Review တွေ လိုက်ဖတ်ရ၊ ဈေးချိန်ရနဲ့ ခေါင်းကိုက်စေပါတယ်။ ဒါကြောင့် ပိုပြီး ပြီးပြည့်စုံမှုကို လိုချင်သူတွေ၊ အရမ်းဂျီးများလွန်းသူတွေဟာ Depression ကို ဦးတည်တတ်ပါတယ်။

မွေးချင်းမောင်နှမတွေနဲ့ ဆိုးရွားတဲ့ ဆက်ဆံရေးရှိတာကြောင့်

အမေရိကန်စိတ်ပညာဆိုင်ရာဂျာနယ်တစ်ခုက ရှာဖွေတွေ့ရှိတာကတော့ အသက် ၂၀ မတိုင်ခင်မှာ ကိုယ့်ရဲ့ မွေးချင်းမောင်နှမတွေနဲ့ ဆိုးရွားတဲ့ ဆက်ဆံရေးရှိရင် အသက်ကြီးလာတဲ့အခါမှာ Depression ဖြစ်စေတတ်ပါတယ်။ ဒါကြောင့်ပဲ ကလေးတွေကို ငယ်ရွယ်စဉ်မှာ သူတို့ရဲ့ လူမှုဆက်ဆံရေးကို တိုးတက်အောင် ကူညီပေးနိုင်ရင် အရွယ်ရောက်လာတဲ့အခါမှာ Depression ဖြစ်နှုန်းလျော့နည်းစေပါတယ်။

သားဆက်ခြားဆေးတွေ သုံးစွဲတာကြောင့်

ဆေးဝါးတွေမှာ သူ့ဟာနဲ့သူ ဘေးထွက်ဆိုးကျိုးတွေရှိသလို သားဆက်ခြားဆေးတွေ သုံးစွဲမှုမှာလည်း ရှိပါတယ်။ ဒီလို သုံးစွဲတဲ့ အမျိုးသမီးတိုင်းမှာ ဖြစ်တာ မဟုတ်ပေမယ့် ဖြစ်နိုင်စွမ်းပိုမြင့်တာကိုတော့ တွေ့ရှိရပါတယ်။

www.akhayar.com

Source : www.health.com