ဘာစီလိုနာအသင်းနဲ့ PSG တိုက်စစ်ကစားသမား နေမာ Neymar တို့ရဲ့ အပြောင်းအရွှေ့သတင်းဟာ တစ်နေ့တစ်မျိုး မရိုးစေရအောင်ကို ထွက်ပေါ်နေပါတယ်။ ဘာစီလိုနာအသင်းက နည်းမျိုးစုံနဲ့ ကမ်းလှမ်းလိုက် PSG က ပယ်ချလိုက်နဲ့သာ လုံးလည်လိုက်နေပြီး အခုဆိုရင်တော့ ဘာစီလိုနာပရိသတ်တွေ အတွက် သတင်းကောင်းတစ်ခုထွက်ပေါ်လာပါတယ်။ ဒီသတင်းကောင်းကတော့ ဘာစီလိုနာနဲ့ PSG အသင်းတို့ဟာ နေမာ ရဲ့ တန်ကြေးနဲ့ပတ်သက်ပြီး သဘောတူညီမှုရရှိခဲ့တယ်ဆိုတာပါပဲ။ ဘာစီလိုနာအသင်းက နေမာ အတွက် ပြောင်းရွှေ့ကြေးပေါင်(၁၈၂)သန်းအပြင် နောက်ခံလူ တိုဒီဘို Todibo ၊ ကွင်းလယ်လူ ရာကီတစ် Rakitic နဲ့ တိုက်စစ်ကစားသမား ဒမ်ဘီလီ Dembele (တစ်ရာသီအငှား)နဲ့ ကမ်းလှမ်းခဲ့တာကို PSG အသင်းက လက်ခံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီကစားသမား(၃)ဦးလုံးက အသင်းပြောင်းဖို့ ငြင်းဆန်ခဲ့ကြတာကြောင့် ဘာစီလိုနာအသင်း အနေနဲ့ အခုထက်ပို ကြိုးစားရမယ့် အခြေအနေမှာရှိနေပါတယ်။

ဥရောပ အပြောင်းအရွှေ့ဈေးကွက်ဟာ လာမယ့် စက်တင်ဘာ(၂)ရက်နေ့မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် ရက်ပိုင်းလောက်သာလိုတော့ပြီး ဘာစီလိုနာအသင်း အနေနဲ့ နေမာ ကို ခေါ်ယူချင်ရင်တော့ လက်ရှိအားထုတ်မှုထက်ပိုတဲ့ အားစိုက်မှုတွေကို လုပ်သွားဖို့ လိုအပ်နေပါတယ်။ နေမာ ဟာ လတ်တလော PSG အသင်းကစားထားတဲ့ လီဂူးပွဲစဉ်တွေ အားလုံးကို လွဲချော်ထားသလို မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း PSG နည်းပြတူဟယ်လ် Tuchel က အခုတစ်ပတ် မိန့်ဇ်နဲ့ပွဲမှာလည်း နေမာ ပါဝင်မှာမဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ လက်ရှိ နေမာရဲ့ အခြေအနေဟာ လိပ်ခဲတည်းလည်း ဖြစ်နေပြီး သူ့ရဲ့အနာဂတ်ဘယ်မှာ ရှိနေမလဲဆိုတာ မှန်းဆရခက်ခဲနေပါတယ်။ ပရိသတ်အများစုကတော့ နေမာ ဘာစီလိုနာအသင်းကို ပြန်လာတာမြင်ချင်နေကြပြီး ဆွာရက်ဇ် Suarez ၊ မက်ဆီ Messi ၊ နေမာ နဲ့ ဂရစ်ဇ်မန်း Griezmann တို့ တိုက်စစ်ပိုင်း အစုအဖွဲ့ကို မြင်တွေ့ခံစားလိုနေကြပါတယ်။

Ref: BBC Sports , Mirror
Photo: The National , The Sun
Ko Kyue(Akhayar)
www.akhayar.com