ရာသီအစ (၂)ပွဲဆက်ရှုံးပြီး တန်းဆင်းဇုန်ထဲ ရပ်တည်နေတဲ့ နယူးကာဆယ်အသင်းဟာ အခုပွဲမှာ စပါးအသင်းကို မထင်မှတ်ဘဲ အနိုင်ယူခဲ့တာကြောင့် ဒီရာသီ ပထမဆုံးအနိုင်(၃)မှတ် ရယူနိုင်ခဲ့တယ်။ ဒီနွေရာသီမှာ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ထားပေမယ့် တည်ငြိမ်မှု မရှိသေးတဲ့ စပါးအသင်းဟာ အခုပွဲမှာလည်း နယူးကာဆယ် ခံစစ်ကို ဘယ်လိုမှ မထိုးဖောက်နိုင်ခဲ့လို့ အိမ်ကွင်းမှာပဲ ရှုံးပွဲကြုံခဲ့ရတာပါပဲ။ ပွဲပယ်ပြစ်ဒဏ်က ပြန်လာတဲ့ ဆွန်ဟောင်မင် Son Heung-Min ခြေစွမ်းမပြနိုင်သလို ကျန်တဲ့ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကလည်း စိတ်ပျက်စရာပါ။ ချီးကျူးရမှာက နယူးကာဆယ်အသင်းရဲ့ ခံစစ်ကစားပုံဖြစ်ပြီး စပါးအသင်း အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း Harry Kane နဲ့ တိုက်စစ်ကစားသမားတွေကြားက အချိတ်အဆက်တွေကို အကောင်းဆုံး ဖြတ်တောက်ခဲ့ပြီး လုံးဝ Space မရှိအောင် ကစားသွားလို့ စပါးကစားသမားတွေ ဘာမှကို မလုပ်နိုင်ခဲ့ဘူး။

အဲရစ်ဆင် Eriksen ကို ပွဲထွက်လူစာရင်းက ချန်လှပ်ခဲ့တဲ့ နည်းပြပိုချက်တီနို Pochettino ရဲ့ ဆုံးဖြတ်ချက်က ဝေဖန်ချင်စရာကောင်းပြီး No 10 Role ကစားခဲ့တဲ့ လာမယ်လာ Lamela ဟာ တိုက်စစ်ကို ပံ့ပိုးပေးတဲ့နေရာမှာ အားနည်းလွန်းပါတယ်။ ပထမပိုင်း (၂၇)မိနစ်မှာ နယူးကာဆယ်တို့ ဂိုးရခဲ့ပြီး အက်ဆု Atsu ရဲ့ ပေးပို့မှုကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပိုင်ရှင် ဂျိုးလင်တန် Joelinton က အမှားအယွင်းမရှိ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဂျိုးလင်တန်ဟာ Kenedy နဲ့ Caçapa နောက်ပိုင်း နယူးကာဆယ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ ဂိုးသွင်းယူခဲ့တဲ့ တတိယမြောက် ဘရာဇီးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ နယူးကာဆယ်ခံစစ်က စပါးတိုက်စစ်ကို ကိုယ့်ပယ်နယ်တီဧရိယာထဲ မရောက်အောင် ဟန့်တားခဲ့တာကြောင့် စပါးအသင်းက ကစားသမားတွေ အဝေးကန်ချက်နဲ့သာ ခြိမ်းခြောက်နိုင်ခဲ့တယ်။ ဟယ်ရီကိန်း ပယ်နယ်တီအခွင့်အရေးရဖို့ အနေအထားရှိခဲ့ပေမယ့် ဒိုင်လူကြီးက မပေးခဲ့လို့လည်း စပါးအသင်း နစ်နာခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ချေပဂိုးရဖို့ ပိုချက်တီနို အပြောင်းအလဲတွေ လုပ်ပေမယ့် Stable ဖြစ်နေတဲ့ နယူးကာဆယ်ခံစစ်ကို ဘယ်လိုမှ မထိုးဖောက်နိုင်ခဲ့တာကြောင့် အိမ်ကွင်းမှာ ရှုံးပွဲကြုံခဲ့ပြီး အိမ်ကွင်းနောက်ဆုံး(၁၁)ပွဲမှာ ဒုတိယမြောက် ရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

Photo:Newcastle FC Twitter
Naing Linn(Akhayar)
www.akhayar.com