ဒီနှစ် UEFA ရဲ့ (၁)နှစ်တာ အကောင်းဆုံးကစားသမားဆုရရှိခဲ့သူ လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက် Virgil van Dijk ဟာ အခုလက်ရှိအချိန်မှာ ဥရောပအကောင်းဆုံးနောက်ခံလူ တစ်ဦးအဖြစ် သတ်မှတ်ခံထားရပေမယ့် ပရိသတ်တွေရဲ့ ဆန္ဒအရ ပရီးမီးယားလိဂ်မှာတော့ အကောင်းဆုံးမဟုတ်သေးပါဘူး။ ပြီးခဲ့တဲ့ရာသီက လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလား ရယူခဲ့တဲ့ ဗန်ဒိုက်ဟာ FIFA’s The Best ဆု ရရှိဖို့ ရေပန်းစားနေပြီး လီဗာပူးလ်အသင်းအတွက် ပြသနေတဲ့ သူ့ခြေစွမ်းအရ တချို့ကတော့ ဗန်ဒိုက်ကို ပရီးမီးယားလိဂ် အကောင်းဆုံးနောက်ခံလူအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း နာမည်ကျော် Sky Sports အားကစားဝက်ဘ်ဆိုက်ရဲ့ မဲကောက်ခံမှုအရ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးနောက်ခံလူအဖြစ် မန်ယူဂန္ထ၀င်ကစားသမား ဗီဒစ် Nemanja Vidic ကို ပရိသတ်အများစုက ရွေးချယ်ခဲ့ကြပါတယ်။

Sky Sports က မဲဆန္ဒကောက်ခံမှုအရ ဗန်ဒိုက်ဟာ မဲအရေအတွက် (၄၅)ရာခိုင်နှုန်း ရရှိခဲ့ပြီး ဗီဒစ်ကတော့ (၅၅)ရာခိုင်နှုန်းအထိ ရရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၆၊ ဇန်န၀ါရီလတုန်းက ဘောလုံးသမားဘ၀ကနေ အနားယူခဲ့တဲ့ ဗီဒစ်ဟာ မန်ယူအသင်းမှာ ၂၀၀၆ ကနေ ၂၀၁၄ ခုနှစ်အထိ ကစားခဲ့ပြီး ပရီးမီးယားလိဂ်(၅)ကြိမ်၊ ချန်ပီယံလိဂ်(၁)ကြိမ်အပါအ၀င် ဆုဖလားပေါင်း (၁၅)ခုအထိ ရယူခဲ့သလို သူနဲ့ ဖာဒီနန် Ferdinand အတွဲဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် အကောင်းဆုံးအတွဲအဖက်တွေထဲမှာ ပါဝင်ခဲ့ပါတယ်။ ဗန်ဒိုက်ကလည်း အခုအချိန်မှာ အသက်(၂၈)နှစ်သာရှိသေးတာကြောင့် ဒီရာသီ ပရီးမီးယာလိဂ်မှာ လီဗာပူးလ်အသင်းကို ဗိုလ်စွဲအောင် စွမ်းဆောင်နိုင်ခဲ့ရင်တော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူအဖြစ် သတ်မှတ်ခံရဖို့ မျှော်လင့်နိုင်မှာပါ။

REF:sportbible,Sky Sports
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com