ချယ်လ်ဆီးအသင်းကို အငြင်းပွားစရာဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ကာဒစ်ဖ်အသင်းနည်းပြ ၀ါနော့ခ် Neil Warnock က ပရီးမီးယားလိဂ်ပြိုင်ပွဲဟာ ကမ္ဘာ့အကောင်းဆုံးပြိုင်ပွဲဖြစ်ပေမယ့် စိတ်ပျက်စရာကောင်းလောက်အောင် ဆိုးရွားတဲ့ ဒိုင်လူကြီးတွေ ရှိတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်လို့ ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ပွဲမှာ ကာဒစ်ဖ်အသင်းဟာ Víctor Camarasa ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် (၈၄)မိနစ်မှာ အက်ဇ်ပီလီကွယ်တာ Azpilicueta ၊ ပွဲပြီးခါနီးမှာ လော့ဖ်တက်ချိခ် Loftus-Cheek တို့က ချေပဂိုး၊ အနိုင်ဂိုးတွေ သွင်းယူပြီး အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ အက်ဇ်ပီလီကွယ်တာရဲ့ ချေပဂိုးဟာ သိသိသာသာကို လူကျွံနေတာဖြစ်ပေမယ့် စည်းကြပ်ဒိုင် Eddie Smart က အလံမထောင်ခဲ့ပါဘူး။ အဲဒါကြောင့် ၀ါနော့ခ် ဒေါသအကြီးအကျယ်ပေါက်ကွဲခဲ့ပြီး စတုတ္ထဒိုင်လူကြီး မာရင်နာ Marriner ကို အပြင်းအထန်စောဒကတက်ခဲ့ပါတယ်။ အဲဒီဂိုးပေးရပြီး သိပ်မကြာခင်မှာပဲ ချယ်လ်ဆီးနောက်ခံလူ ရူဒီဂါဟာ Antonio Rudiger ဟာ ဇိုဟိုရီ Kenneth Zohore ကို အနီကတ်ပြလောက်ခံတဲ့အထိ ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ကွင်းလယ်ဒိုင် Craig Pawson က အ၀ါကတ်သာ ပြသခဲ့ပြန်ပါတယ်။ အဲဒီနောက်မှာတော့ ချယ်လ်ဆီးအသင်းက လော့ဖ်တက်ချိခ်ရဲ့ ခေါင်းတိုက်ဂိုးကြောင့် အနိုင်ရခဲ့ပေမယ့် ပွဲအပြီးမှာ ၀ါနော့ခ်ဟာ ချယ်လ်ဆီးအသင်းနည်းပြ ဆာရီ Sarri နဲ့ စကားအချေအတင်ဖြစ်ခဲ့တဲ့အပြင် ဒိုင်လူကြီးတွေ ရှေ့မှာ မတ်တတ်ရပ်ပြီး သူတို့ပြန်အထွက်မှာ လက်ခုပ်တီး လှောင်ပြောင်ခဲ့ပါတယ်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ၀ါနော့ခ်က “ဒီပြိုင်ပွဲဟာ ကမ္ဘာ့အကောင်းဆုံး လိဂ်ပြိုင်ပွဲဖြစ်ပေမယ့် ဒိုင်လူကြီးတွေရဲ့ အရည်အချင်းကတော့ တော်တော် ဆိုးရွားပါတယ်။ သူတို့ဟာ သမာသမတ်ကျတယ်ဆိုတာ ဘာလဲလို့ သိကြတဲ့သူတွေ မဟုတ်ပါဘူး။ ဒီလို ဒိုင်လူကြီးမျိုး ကျွန်တော်တို့ ပွဲကို ကိုင်တွယ်ခွင့် ရဖို့ မထိုက်တန်ပါဘူး။ ဒါဟာ ပြစ်ဒဏ်ကျူးလွန်ခံရသလိုပါပဲ”လို့ ဝေဖန်ခဲ့ပါတယ်။ ၀ါနော့ခ်ဟာ ချယ်လ်ဆီးနဲ့ပွဲအပြီး အပြုအမူတွေကြောင့် FA ရဲ့ အရေးယူမှု ခံရဖို့ရှိတယ်လို့ သတင်းတွေ ထွက်နေတာကြောင့် ကာဒစ်ဖ်အသင်းအတွက် မိအေးနှစ်ခါနာဆိုသလို ဖြစ်တော့မယ့် အနေအထားပါပဲ။

ချယ်လ်ဆီးနဲ့ပွဲအပြီး ပေါက်ကွဲခဲ့တဲ့ ၀ါနော့ခ်ရဲ့ ရုပ်သံဖိုင်ကြည့်ရန်လင့်ခ်

REF:Daily Mail
Photo:talkSPORT,Metro
Naing Linn(Akhayar)
www.akhayar.com