ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ Nations League ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းဟာ ဆွစ်ဇာလန်ကို ( ၃ – ၁ )နဲ့ အနိုင်ရရှိခဲ့ပြီး ဗိုလ်လုပွဲကို တက်ရောက်ခဲ့ပါတယ်။

ပေါ်တူဂီ ၃ – ၁ ဆွစ်ဇာလန်

လူငယ်မျိုးဆက် ကစားသမားတွေထွက်ပေါ်လာတဲ့ ပေါ်တူဂီအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ အပြောင်းအလဲတချို့ရှိခဲ့ပြီး အသင်းရဲ့ တိုက်စစ်ပိုင်းကို စီရော်နယ်လ်ဒို Cristiano Ronaldo နဲ့ ယာအိုဖိလစ် Joao Felix တို့ကဦးဆောင်လာခဲ့ပါတယ်။ ဆွစ်ဇာလန်အသင်းကိုတော့ ချာကာ Xhaka ၊ ရှကီရီ Shaqiri ၊ ဆီဖာရိုဗစ် Seferovic တို့ကဦးဆောင်လာခဲ့ပြီး (၂)သင်းလုံးဟာ ပွဲအစပိုင်းမှာ အခွင့်အရေးကိုယ်စီရရှိခဲ့ကြပါတယ်။ ပွဲချိန်(၂၅)မိနစ်မှာတော့ ပေါ်တူဂီအသင်း ဦးဆောင်ဂိုးစရခဲ့ပြီး စီရော်နယ်လ်ဒို က ဖရီးကစ်ကနေ တိကျပြင်းထန်တဲ့ ကန်ချက်နဲ့ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဂိုးပေးလိုက်ရပြီးနောက်မှာတော့ ဆွစ်ဇာလန်အသင်းဟာ ပေါ်တူဂီဘက်ကို ဖိအားပေးကစားနိုင်ခဲ့တာကြောင့် ပွဲက မြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပါတယ်။

ပွဲချိန်(၅၇)မိနစ်မှာတော့ ဆွစ်ဇာလန်အသင်း ပယ်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ရိုဒရီဂွက်ဇ် Rodríguez က အသင်းအတွက် ချေပဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ တစ်ဖက်ဂိုး (၁)ဂိုးစီဖြစ်ခဲ့တာကြောင့် ပွဲကစိတ်ဝင်စားစရာကောင်းခဲ့သလို သရေနဲ့ပဲ ပွဲပြီးဆုံးတော့မယ်လို့ ထင်နေချိန်မှာပဲ စီရော်နယ်လ်ဒို က ပေါ်တူဂီအသင်းအတွက် ဒုတိယဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒီဂိုးကိုတော့ ပွဲချိန်(၈၈)မိနစ်မှာ ဘာနာဒိုဆေးဗားလ် Bernardo Silva ချိုးပေးလိုက်တဲ့ ဘောလုံးကို စီရော်နယ်လ်ဒို က အလိုက်သင့်ပြေးဝင်ပြီး ကောင်းမွန်တိကျတဲ့ ကန်ချက်နဲ့ သွင်းယူခဲ့တာပါ။ ဒုတိယဂိုးသွင်းပြီး သိပ်မကြာခင် ပွဲချိန်မိနစ်(၉၀)မှာတော့ စီရော်နယ်လ်ဒို က ပေါ်တူဂီအသင်းအတွက် တတိယဂိုးကိုတော့ သူ့ရဲ့ပုံစံအတိုင်း ဆွစ်ဇာလန်ခံစစ်ကစားသမားတွေကို ခြေယောင်ပြပြီး ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ စီရော်နယ်လ်ဒို ရဲ့ ပေါ်တူဂီအသင်းသွင်းဂိုးဟာ (၈၈)ဂိုးထိရှိခဲ့ပြီဖြစ်သလို ဒီပွဲမှာသွင်းယူခဲ့တဲ့ ဟက်ထရစ်ကလည်း သူ့ရဲ့ကစားသမားဘ၀ (၅၃)ကြိမ်မြောက် ဟက်ထရစ်ဖြစ်ခဲ့ပါတယ်။ စီရော်နယ်လ်ဒို ဟာ ပေါ်တူဂီအသင်းအတွက် ကစားပေးထားတဲ့ နိုင်ငံတကာပြိုင်ပွဲ(၁၀)ပွဲ ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

Ref: OptaJoe Twitter , Bleacher Report Football
Photo: OptaJoe Twitter , Kenya Latest , Daily Mail
Ko Kyue(Akhayar)
www.akhayar.com