ဒီနေ့ညနေ(၆း၅၀)နာရီမှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲစဉ်ဖြစ်တဲ့ မြန်မာ – ဂျပန်ပွဲရှိနေပါတယ်။ ပြိုင်ဘက်က အာရှအင်အားကြီး ဂျပန်ဖြစ်နေပြီး ကစားရမှာကလည်း ကိုယ့်မြေမှာဆိုတော့ ပရိသတ်တွေမှာ ပုံမှန်ထက်ပိုတဲ့ စိတ်ဝင်စားမှုတွေက အပြည့်ဖြစ်နေပါတယ်။ မြန်မာလူမျိုးတွေရဲ့ အသည်းနှလုံးထဲမှာရှိနေတဲ့ အားကစားက ဘောလုံးအားကစားပါ။ အဲဒီတော့ ရလဒ်ဆိုးဆိုး ၊ ကောင်းကောင်း ကိုယ့်မြန်မာအသင်းကို အားပေးနေရရင်ကျေနပ်နေကြသူတွေဖြစ်တာကြောင့် တော်တော်လေးကို ချစ်ဖို့ကောင်းတဲ့ ပရိသတ်တွေလို့ ပြောရမှာပါပဲ။ နောက်ပြီးတော့ ပရိသတ်တွေ လိုချင်တာက တကယ့်ကို ရိုးရှင်းပါတယ်။ ဒါကတော့ နိုင်သင့်နိုင်ထိုက်တဲ့ပွဲမျိုးကို အနိုင်ကစား ၊ အင်အားမမျှလို့ ရှုံးခဲ့ရင်လည်း အကောင်းဆုံး ကြိုးစားမှုတစ်ခုကိုသာ လိုချင်ကြတာပါ။

ပြီးခဲ့တဲ့ မွန်ဂိုလီးယားနဲ့ ပွဲရလဒ်ကတော့ ပရိသတ်တွေရော ၊ ကစားသမားတွေပါ အားလျော့သွားစေတဲ့ ရလဒ်တစ်ခုဖြစ်ခဲ့ပြီး မထင်မှတ်ထားတဲ့ ရလဒ်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဂျပန်နဲ့ ပွဲမှာ ဘယ်လိုရလဒ်ထွက်ထွက် မွန်ဂိုလီးယားမြေမှာတော့ အနိုင်(၃)မှတ်ကို လိုချင်ခဲ့တာပါ။ ဒါမှ ရှေ့ဆက်ပြီးတိုက်ပွဲဝင်တဲ့ အခါ အားဆက်ရှိစေမှာလည်းဖြစ်ပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ ရလဒ်ဆိုးခဲ့တာကြောင့် အားလုံးအတွက် ကြီးမားတွေဖိအားတွေက လိုတာထက်ပိုသွားခဲ့ပါတယ်။ အခုဆိုရင် ဒီအနေအထားကို ပြန်လည်ပြင်ဆင်ဖို့အတွက် အခွင့်အရေးတစ်ခုရှိလာခဲ့ပါပြီ။ ဒါကတော့ ဘယ်လိုရလဒ်ပဲ ထွက်ပေါ်ပါစေ။ ဂျပန်နဲ့ပွဲမှာ ကြိုးစားမှု အပြည့်နဲ့သာ ပေးဆပ်ခဲ့ဖို့ပါပဲ။

ဂျပန်လို အာရှအင်အားကြီးအသင်းမျိုးနဲ့ ခြေစစ်ပွဲရင်ဆိုင်ရတာဟာ တကယ့်ကို ကြီးမားတဲ့ အတွေ့အကြုံတစ်ခုပါ။ ဂျပန်အသင်းက ဒီပွဲစဉ်တွေအတွက် ဥရောပအခြေစိုက် ကစားသမားတွေကို အဓိကထား ခေါ်ယူလာပြီး သူ့တို့ရဲ့ကစားပုံကတော့ ပြိုင်ဘက်တိုင်းကို လေးလေးစားစား ယှဉ်ပြိုင်ကစားတာပါပဲ။ မြန်မာအသင်းကလည်း ကိုယ့်မြေကိုယ့်ရေ ကိုယ့်ပရိသတ်ရှေ့မှာ ဂျပန်အသင်းကို အကောင်းဆုံး တုံ့ပြန်ကစားနိုင်ဖို့ ပြင်ဆင်နေတာကြောင့် ဖျော်ဖြေမှုအပြည့်ရှိတဲ့ ပွဲကောင်းတစ်ပွဲကို မြင်တွေ့ရဖို့ ရှိနေပါတယ်။ ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တဲ့ ဆိုတဲ့စကားလည်းရှိတာကြောင့် ရလဒ်ကောင်းတစ်ခုကို မျှော်လင့်မိပေမယ့် ဂျပန်အသင်းကို အကောင်းဆုံးတုံ့ပြန်ကစားသွားနိုင်ရင်ဘဲ အားလုံး ကျေနပ်မိကြမှာ သေချာပါတယ်။ မြန်မာ – ဂျပန် ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲစဉ်ကတော့ တကယ့်ကို ရင်ခုန်စရာ အတိပါ။ ပရိသတ်တွေ လိုချင်နေတာတွေ ရမယ်လို့လည်း မျှော်လင့်ထားပါတယ် …

Photo: MFF Twitter , FIFA.com
Ko Kyue(Akhayar)
www.akhayar.com