စာဖတ်တဲ့လူနဲ့စာမဖတ်တဲ့လူ ဘာကွာသလဲဆိုရင် “အလိမ္မာ စာမှာရှိ” ဆိုတဲ့အတိုင်း တွေးခေါ်ဆင်ခြင်နိုင်စွမ်း အဓိကကွာပါတယ်။ စာဖတ်လိုက်တိုင်း အရင်တုန်းက မသိသေးတဲ့အကြောင်းအရာတွေကို သိရသလို နောက်ထပ်သိလိုစိတ်တွေကိုလည်း မွေးဖွားပေးတဲ့အတွက် အသိပညာ၊ ဗဟုသုတအရာမှာလည်း စာဖတ်သမားကို ယှဉ်နိုင်ဖို့ မလွယ်ပါဘူး။ ကဲ . . အဲဒီတော့ တန်ဖိုးရှိစာအုပ်တွေကို ဖတ်ဖို့အတွက် အင်းဝစာအုပ်တိုက်မှ ရောင်းအားအကောင်းဆုံး စာအုပ် (၁ဝ) အုပ်အကြောင်းကို အခရာသူ၊ အခရာသားတွေက ရွေးချယ်ဖော်ပြလိုက်ပါတယ်။

၁ဝ။ သေရဲ သတ်ရဲ အိုင်အက်စ် (နိုင်ဦး)

ဒီစာအုပ်ထဲမှာတော့ အိုင်အက်စ်လက်နက်ကိုင်အဖွဲ့ဟာ အီရတ်နိုင်ငံတောင်ပိုင်း မိုဆူးမြို့ထဲမှာ အကြမ်းဖက်တိုက်ခိုက်ပုံ အစပျိုးရေးသားထားပါတယ်။ စာရေးသူ နိုင်ဦးဟာ ISIS တွေရဲ့ လက်ရဲဇတ်ရဲတိုက်ခိုက်ပုံတွေကို စီကာပတ်ကုံးရေးသားထားရုံမက “အိုင်အက်စ်တွေက သူတို့ရဲ့ရည်ရွယ်ချက်အတွက် အစုလိုက်အပြုံလိုက် လူသတ်နေတဲ့ကိစ္စမှာ အလ္လာအရှင်မြတ်ကိုပါ ကြံရာပါဖြစ်အောင် လုပ်နေကြတယ်” ဆိုတဲ့ ကယ်လီဖိုနီးယားတက္ကသိုလ် အစ္စလာမ်ဥပဒေပညာရှင်ရဲ့စကားကို ထည့်သွင်းဖော်ပြထားပါသေးတယ်။ မာတိကာမှာ ပါဝင်တဲ့ “ကျောချမ်းစရာ နိုင်ငံတော်” ၊ “ခါလီဖိတ်ထဲက ဇောက်ထိုးတွေ” ၊ “ ခေါင်းဖြတ်လေ့ကျင့်ခန်း” စတဲ့ ခေါင်းစဉ်တွေကလည်း စာဖတ်သူကို ဖမ်းစားစေပါတယ်။

၉။ ပေါက်ကျော်ဖို့ ပုံ (ကြည်အေး)

ကွယ်လွန်သူစာရေးဆရာမကြီးကြည်အေးရဲ့ ပေါက်ကျော်ဖို့ ပုံစာအုပ်ကလည်း ဒီတစ်ပတ်ရဲ့ ရောင်းအားအကောင်းဆုံး (၁ဝ)အုပ်မှာ နံပါတ်၉ ချိတ်နေပါတယ်။ ဒီစာအုပ်ထဲမှာတော့ ကလေးသူငယ်တွေအတွက် ဆရာမကြီးဘာသာပြန်ဆိုခဲ့တဲ့ ရှားပါးလက်ရာအန်းဒါးဆင်းပုံပြင် (၃) ပုဒ်ကို အမှတ်တရာစုစည်းဖော်ပြထားပါတယ်။ ပုံပြင်တစ်ပုဒ်ချင်းစီမှာလည်း စိတ်ဝင်စားဖွယ်ကောင်းရုံမက စာဖတ်သူရဲ့ စိတ်နှလုံးကို သိမ်းယူဖမ်းစားနိုင်လွန်းပါတယ်။

၈။ မာန် (ဒေါက်တာဖြိုးသီဟ)

လူငယ်စာရေးဆရာ ဒေါက်တာဖြိုးသီဟရဲ့ မာန်ဆိုတဲ့စာအုပ်ကလည်း နံပါတ် (၈) စာရင်းဝင်ဖြစ်နေပါတယ်။ လူငယ်တွေအတွက် ဘဝမှာ ဘယ်လိုအားနည်းချက်တွေ ရှိပါစေ၊ အားမငယ်ကြဖို့ သတ္တိရှိရှိရင်ဆိုင်ဖြေရှင်းကြဖို့ကို အဓိကရေးသားထားပါတယ်။ “မာန်” ၊ “နှမ်းတစ်စေ့မဟုတ်တဲ့ ခဲတစ်လုံး”၊ “ လူ (၃) မျိုး”၊ “ကိုယ့်ဘဝရဲ့ မီးအိမ်ရှင်” ၊ “ကိုယ့်ဘဝနဲ့ကိုယ်” ၊ “ ကြိုးစားဖို့က နံပါတ် ၁” စတဲ့ ခေါင်းစဉ်တွေကလည်း စိတ်ဝင်စားစရာကောင်းရုံမက စိတ်ဓာတ်ကျအားငယ်နေတဲ့ လူငယ်တိုင်း လက်စွဲဆောင်ထားရမယ့် စာအုပ်တစ်အုပ်ပါလို့ ညွှန်းချင်ပါတယ်။

၇။ အောင်မြင်သူတို့၏ လှေကားထစ်များ (Job Seekers Journal)

အောင်မြင်သူတို့၏ လှေကားထစ်များစာအုပ်ကတော့ Job Seekers Journal မှာ နယ်ပယ်အသီးသီးမှာ အောင်မြင်နေကြတဲ့လူတွေရဲ့အကြောင်းကို အပတ်စဉ်ဖော်ပြခဲ့တဲ့ ဆောင်းပါးတွေကို စုစည်းဖော်ပြထားတာဖြစ်ပါတယ်။ ဒေါက်တာထွန်းလွင် (Consultant @ Myanmar Climate Change Watch) ၊ ဦးအောင်ချစ်ခင် (Founder @ Strategy First Institute) ၊ ဦးလင်းသိုက်ညွှန့် (CEO @ Myanmar Land’s Institute) ၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ) ၊ ဒေါ်မေမြတ်သူ (Deputy MD @ AYA Bank) စတဲ့ အတုယူအားကျဖွယ်ကောင်းတဲ့ နာမည်ကျော်ပုဂ္ဂိုလ် (၂ဝ)တို့ရဲ့ ဘဝကျင်လည်ဖြတ်သန်းပုံတွေကို အသေးစိတ်ဖော်ပြထားတဲ့အတွက် လူငယ်တိုင်း ဆောင်ထားသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။

၆။ ဆူဆိုက်ကော်ဖီဆိုင် (ချိုပိန်းနောင်)

ဆရာမ ချိုပိန်းနောင်ရဲ့ ဆူဆိုက်ကော်ဖီဆိုင်စာအုပ်ထဲမှာတော့ ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ (Suicide) အနုပညာရှင်တွေအကြောင်းကို ပြည့်ပြည့်စုံစုံ စုစည်းဖော်ပြထားပါတယ်။ Suicide လုပ်တဲ့အကြောင်းကို အသေးစိတ်ရေးထားတဲ့အတွက် စာအုပ်ကို ဖွင့်လိုက်တာနဲ့ “ အသက် ၁၈နှစ်ပြည့်/လွန်ပြီးသူများ ဖတ်ရန်အတွက်သာ ရည်ရွယ်ပါသည်” ဆိုတဲ့ သတိပေးချက်ကလည်း စာဖတ်သူတွေအတွက် ထိတ်လန့်စိတ်ဝင်စေပါတယ်။ ဒီစာအုပ်ထဲမှာ ဗင်းဆင့်ဗင်ဂိုး ၊ ဗာဂျီးနီးယားဝုလ်ဖ်၊ ဟဲမင်းဝေး၊ ဂျင်မီဟန်းဒရစ်ခ်စတဲ့ ကမ္ဘာကျော်အနုပညာရှင်တွေရဲ့ Suicide လုပ်ပုံသာမက ဘဝဖြတ်သန်းပုံတွေကို အသေးစိတ်ရေးသားထားပါတယ်။

၅။ ကမ္ဘာကြီးရဲ့ တောင်ပံတစ်စုံ (ဒေါက်တာဖြိုးသီဟ)

ဒီတစ်ပတ်မှာတော့ ထူးထူးခြားခြား Top Ten List ထဲမှာ ဒေါက်တာဖြိုးသီဟရဲ့ စာအုပ် ၂အုပ်ပါဝင်နေပါတယ်။ “တစ်နာရီရဲ့ တန်ဖိုးကိုသိချင်ရင် ဆုံဆည်းဖို့ စောင့်နေကြတဲ့ ချစ်သူတွေကို မေးကြည့်ပါ။ တစ်မိနစ်ရဲ့ တန်ဖိုးကို သိချင်ရင် ရထားမမီ လိုက်တဲ့ ခရီးသည်ကို မေးကြည့်ပါ။ တစ်စက္ကန့်ရဲ့ တန်ဖိုးကို သိချင်ရင်ယာဉ်တိုက်မှုနဲ့ သီသီလေး လွဲသွားတဲ့ ဒရိုင်ဘာကို မေးကြည့်ပါ။”  ဆိုတဲ့စာသားလေးကလည်း စာဖတ်သူတွေရဲ့ရင်ကို ဖမ်းယူထားရုံသာမက လူငယ်စာရေးဆရာပီပီ အမှာစာမှာလည်း “စာဖတ်သူတိုင်း စာမရေးနိုင်ကြပေမဲ့ စာရေးသူတိုင်းကတော့ စာဖတ်တဲ့သူတွေ ဖြစ်နေတယ်” ဆိုတဲ့စကားလေးကလည်း ထိမိလွန်းပါတယ်။

 

၎။ အထင်ကရပုဂ္ဂိုလ်များ၏ အညတရဘဝနိဂုံး (တင်နိုင်တိုး)

တိုင်းပြည်နှင့်လူမျိုးအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ အကျိုးပြုခဲ့ကြသလို အထင်ကရဖြစ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေက လူမသိသူမသိ ဘဝနိဂုံးချုပ်ခဲ့ကြရတာ ရင်နာစရာကောင်းလှပါတယ်။ ဆရာတင်နိုင်တိုး ရေးသားခဲ့တဲ့ ဒီစာအုပ်ထဲမှာတော့ ငယ်ရွယ်စဉ်မှာ အောင်မြင်ခဲ့ပေမယ့် နေဝင်ချိန်မှာတော့ ချို့ချို့တဲ့တဲ့ ဖြတ်သန်းပြီး ကွယ်လွန်ကြတဲ့သူတွေပါသလို ဘိုးဘွားရိပ်သာမှာပဲ လူမသိသူမသိ ဇာတ်သိမ်းသွားတဲ့ နာမည်ကျော်တွေ အများကြီးပါပါတယ်။ “အထင်ကရပုဂ္ဂိုလ်များ၏ အညတရဘဝနိဂုံး” စာအုပ်ထဲမှာတော့ စာဆိုတော်ဦးကြင်ဥ၊ ဆရာတော်ဦးဥတ္တမ၊ ဦးဖိုးကျား၊ သိပ္ပံမောင်ဝ၊ ပုပ္ပါးဦးကျော်ရင်၊ ဂီတနက်သန်ကိုစေညိန်း၊ စတန့်မင်းသား ကျော်အေးစတဲ့ နာမည်ကျော်တွေရဲ့ ဘဝနေဝင်ချိန်တွေကို အသေးစိတ်ရေးသားထားပါတယ်။

 

၃။ အစားအစာနှင့်ကျန်းမာရေး (မင်းကျော်ဝင်း)

“အစာလည်း ဆေး၊ ဆေးလည်း အစာ” ဆိုတဲ့အတိုင်း အစားအစာကို နည်းလမ်းတကျ စားသုံးတယ်ဆိုတာက ဆေးဝါးမှီဝဲသလို မည်ပါတယ်။ ရှောင်နိုင်ဖို့ ခက်ခဲလှတဲ့ အစားအစာထဲမှာ ပါဝင်တဲ့ အဆိပ်အတောက်တွေကို ဘယ်လိုရှောင်ကြမလဲ၊ တကယ်လို့ အစာအဆိပ်သင့်ပြီဆိုရင်လည်း ခန္ဓာကိုယ်ထဲကနေ ဘယ်လိုစစ်ထုတ်သင့်တယ်ဆိုတာကို အသေးစိတ်ရေးသားထားပါတယ်။ ဘယ်လိုအစားအသောက်မျိုးတွေဟာ အစာအဆိပ်သင့်တဲ့အတွက် ရှောင်သင့်တာလဲ၊ အစာအဆိပ်သင့်ပြီဆို ဘယ်လိုရှောင်သင့်တာလဲကအစ ရေသားထားတဲ့စာအုပ်မို့ လူတိုင်းဖတ်သင့်တယ်လို့ ဆိုပါရစေ။

၂။ လွယ်ကူလေ့လာရန် HRM (စောကယ်ရီဝင်း)

ဒီစာအုပ်ကိုတော့ Telenor Myanmar မှာ Head of HR Services အနေနဲ့ လုပ်ကိုင်နေတဲ့ ဦးစောကယ်ရီဝင်း ရေးသားထားတာပါ။ လုပ်ငန်းအတွေ့အကြုံတွေကို အခြေခံထားပြီး Human Resource Management အပိုင်းကို လူတိုင်းနားလည်နိုင်ဖို့ အသေးစိတ် ရေးသားထားပါတယ်။ ကုမ္ပဏီတစ်ခုအတွက် အောင်မြင်မှုကို ဖော်ဆောင်ရာမှာ HR တွေရဲ့လုပ်ဆောင်ပုံက အရေးပါတဲ့အကြောင်း၊ ဝန်ထမ်းတိုင်းတွေမှာ လိုအပ်တဲ့ Core Competency တွေကို ဖြည့်ဆည်းပျိုးထောင်ပေးသင့်တယ်ဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။ ဒီစာအုပ်ကတော့ HR သမားတွေသာမကဘဲ Admin ပိုင်းနဲ့ Office Staff ပိုင်းမှ ဝန်ထမ်းတွေအတွက် ဆောင်ထားသင့်တဲ့ စာအုပ်လို့ ဆိုချင်ပါတယ်။

၁။ ဂျက်မားနှင့်အလီဘာဘာ (ဗန်းမော်သိန်းဖေ)

ကဲ . . . ဒီတစ်ပတ်မှာ ရောင်းအားအကောင်းဆုံးနံပါတ် (၁) ချိတ်နေတဲ့ စာအုပ်ကတော့ ဗန်းမော်သိန်းဖေရဲ့ “ဂျက်မားနှင့်အလီဘာဘာ” စာအုပ်ပဲဖြစ်ပါတယ်။  Alibaba Group ရဲ့ပဲ့ကိုင်ရှင် ဂျက်မား (Jack Ma) ဟာ ဘဝကို အနိုင်မခံအရှုံးမပေး ကြိုးစားတဲ့အကြောင်း၊ ကျောင်းဆရာဘဝကနေ နည်းပညာကုမ္ပဏီကြီးထောင်နိုင်တဲ့အထိ မဆုတ်မနစ်ကြိုးစားခဲ့တဲ့အကြောင်းတွေကို အသေးစိတ်ရေးသားထားပါတယ်။ KFC မှာ ၂၄ယောက် အလုပ်လျှောက်တဲ့အခါမှာ သူတစ်ယောက်တည်းပဲ မခန့်တယ်ဆိုတဲ့အကြောင်း၊ Harvard ကျောင်းတက်ချင်လို့ လျှောက်တဲ့အကြိမ်တိုင်း အပယ်ခံရတယ်ဆိုတဲ့အကြောင်းတွေကအစ ဘဝမှာ ကျရှုံးမှုတွေကို ခါးစီးခံပြီး အောင်မြင်မှုဆီကို လှမ်းလျှောက်လာပုံကို ဖော်ပြထားတဲ့အတွက် လူတိုင်းဖတ်သင့်တဲ့စာအုပ်လို့ပဲ မြင်မိပါတယ်။ ကဲ . . သူငယ်ချင်းတို့လည်း ဘဝမှာ အကြိုက်ဆုံးစာအုပ်များရှိရင် ပြောပြပါဦးနော်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com