အိမ်အတွက် သန့်ရှင်းသာယာမှုရှိအောင် တည်ဆောက်ပြုလုပ်ထားတဲ့အတွက် အိမ်သာလို့ ခေါ်တာ ဖြစ်နိုင်တယ်လို့ သုတေသီများက ကြံဆပါတယ် ။ ဟိုးရှေးရှေးတုန်းက နန်းတွင်းအိမ်သာတွေကိုတော့ ပုဂံခေတ်ကတည်းက “ရေအိမ်တော်” လို့ခေါ်ကြတယ်။ အိမ်သာကိုတော့ ဘုန်းကြီးကျောင်းတွေမှာ “ကုဋီ” လို့ နောက်တစ်မျိုး ခေါ်ကြသေးတယ်ဗျ။ တချို့ကျေးလက်တောရွာတွေမှာတော့ ဗိုက်နာပြီဆိုရင် တုတ်တစ်ချောင်းကိုင်ပြီး ချုံတိုးလိုက်တာပဲ။ ရွာအခေါ် “တောထိုင်” တယ်လို့ခေါ်တာပေါ့ဗျာ။

လက်ရှိကမ္ဘာတစ်လွှားမှာတော့ ခေတ်မီသန့်ရှင်းပြီး ကျန်းမာရေးနှင့်ကိုက်ညီတဲ့ အိမ်သာကို သုံးစွဲတဲ့လူဦးရေက ၂.၅ ဘီလီယံကျော်ပဲ ရှိတယ်တဲ့။ ကမ္ဘာ့လူဦးရေက ၇ဘီလီယံပဲ ထားပါဦး၊ ဆိုလိုတဲ့သဘောက လူဦးရေ ၄.၅ဘီလီယံ (သို့) သန်း ၄၅ဝဝလောက်က ဖြစ်သလို ကိစ္စရှင်းနေတဲ့သဘောပေါ့။

လူစည်ကားတဲ့ ရန်ကုန်လို မြို့မျိုးမှာတောင် အများသုံးသန့်စင်ခန်း (Public Toilet) တွေက တကယ်တမ်းတော့ မသန့်ရှင်းပါဘူး။ တစ်သျှူးတွေကို အိမ်သာကြမ်းပြင်ပေါ် ပန်းကျဲသလို ပစ်ထားတာမျိုး ဒါမှမဟုတ်ရင်လည်း တစ်သျှူးကုန်နေတာမျိုး နောက်ပြီးတော့လည်း အိမ်သာတက်ပြီး ရေဆွဲမချတာတွေ (ရေမလာတာကြောင့်လည်း ဖြစ်တတ်ပါတယ်) တွေ ဖြစ်နေပါတယ်။ ပြီးတော့ အိမ်သာနံရံတွေမှာလည်း အထူးသဖြင့် အမျိုးသားအိမ်သာတွေမှာဆိုရင် ဖုန်းနံပါတ်ကြီးနဲ့ “စိတ်ဝင်စားရင် ဆက်သွယ်ပါ” ဆိုတဲ့စာကြောင်းတွေကလည်း သုံးစွဲသူတွေ စိတ်ကသိကသောက်ဖြစ်ရပါတယ်။  Public Toilet တွေမှာ တွေ့ရတဲ့ပြဿနာတွေကို ကြောက်လွန်းလို့ ဝမ်းသွားချင်ပေမယ့်လည်း အောင့်ထားတဲ့အခိုက်အတန့်ဆိုတာ အသန့်အရှင်းကြိုက်တဲ့လူမျိုးတွေမှာ ရှိတတ်ပါတယ်။

Public Toilet ဆိုတာလည်း လူစည်ကားတဲ့နေရာတွေသာ ရှိတာပါ။ ရန်ကုန်မြို့ အနှံ့အပြားမှာ မရှိပြန်ပါဘူး။ သွားရင်းလာရင်း ဗိုက်နာလာပြီဆို အိမ်သာရှာမတွေ့လို့ ဘီယာဆိုင်ထဲပဲ ပြေးဝင်ရမလား၊ Shopping Center ထဲပဲပြေးရမလား ဝေခွဲမရဖြစ်နေပါတယ်။ သူများနိုင်ငံတွေလို အိမ်သာတက်ရင်း ပေါင်မုန့်စားလို့ရတဲ့ သန့်ရှင်းမှုမျိုး မရရင်နေပါစေ၊ အတော်အတန်သန့်ရှင်းတဲ့ အများသုံးသန့်စင်ခန်းလေးတွေ နေရာအနှံ့အပြားပေါ်လာရင်ပဲ ကျေနပ်မိပါတယ်။

လူအရမ်းများတဲ့ တချို့Shopping Mall တွေ Center တွေမှာလည်း အိမ်သာတွေက အနံ့အသက်ဆိုးရွားရုံ သာမကဘဲ ညစ်ပတ်လွန်းပါတယ်။ အိမ်သာတက်ချင်တဲ့လူက ရေဆွဲချပေမယ့် ရေက ကျမလာတာတွေ၊ ကြမ်းပြင်မှာ ပေပွနေတာတွေကလည်း စိတ်ပျတ်စရာပါ။ ဘယ်လိုပဲ တိုက်တာအဆောက်အဦးတွေ တိုးတက်နေပါစေ၊ လူနေမှုအဆင့်အတန်းတွေ မြင့်မားနေပါစေ၊ အိမ်သာတွေ သန့်ရှင်းသပ်ရပ်မှုမရှိသေးရင်တော့ ခေတ်မီလှပတဲ့ မြို့ပြစနစ်လို့ မခေါ်နိုင်သေးပါဘူး။ ကဲ . . အခရာသူ၊ အခရာသားတွေအတွက် ဘယ်နေရာ Public Toilet က အကောင်းဆုံးဆိုတာ Comment မှာ ရေးပေးပါဦး။

ကျော်စိုးအောင် (အခရာ)

www.akhayar.com