မြေနီကုန်းက ခုံ ၃ခုံပဲ ရှိတဲ့ ချစ်စရာ Cake ဆိုင်လေး

ကိတ်ဆိုင်တော့ ကိတ်ဆိုင်ပဲ။ ဒါပေမယ့် ဘုရားစူး စားပွဲခုံလေး ၃ ခုံပဲ ရှိတဲ့ ချစ်စရာ Cake ဆိုင်သေးသေးလေးကို အခရာတို့ရောက်ခဲ့တာပဲဖြစ်ပါတယ်။

ဒီဆိုင်ကိုလာတဲ့သူတိုင်းက စုံတွဲဖြစ်ရင်ဖြစ်၊ မဖြစ်ရင် သူငယ်ချင်း ၂ယောက်မှ ရမယ်။ ၃ယောက်နဲ့အထက်ဆို နောက်တစ်ဝိုင်းပြောင်းထိုင်ရလောက်တဲ့ထိကို ဆိုင်လေးက ကျဉ်းတယ်။ စားပွဲတစ်ခုံမှာလည်း ၂ယောက်ပဲ ထိုင်လို့ရတယ်။

ဒါပေမယ့် ဒီဆိုင်လေးမှာ ဆွဲဆောင်စရာတွေပြည့်နေတာပဲ။ စားချင်စရာလေးတွေ၊ ချစ်စရာ ကိတ်သေးသေးလေးတွေ နဲ့ သူ့ဆိုင်ရဲ့ နာမည်ကြီး Drinks လေးတွေက အကုန်ရွေးချင်အောင်ကို စိတ်ဝင်စားစရာလေး။

ဆိုင်ကလေးရဲ့ နာမည်က “My Cakery” တဲ့။ ရနိုင်တဲ့ Cake ကလေးတွေကတော့ နည်းတယ်။ Chocolate Cake ၊ Cheese Cake ၊ Carrot Cake ၊ Oreo Cake အဲ့လို ကိတ်လေးတွေရယ်၊ Rolls လေးတွေနဲ့ အအေးလေးတွေ ဒီလောက်ပါပဲ။

ဒီဆိုင်ကလေးရဲ့ နာမည်အကြီးဆုံးက ချောကလက် ၂ဆအုပ်ထားတဲ့ Double Chocolate Cake ရယ်၊ Secret Recipe နဲ့လုပ်ထားတယ်ဆိုတဲ့ ပူတင်းရယ်၊ နောက် ချိစ်ကိတ်လေးတွေ ကောင်းတယ် ဆိုတော့ ဆိုင်ကလေးကြည့်ပြီး ဟုတ်မှဟုတ်ရဲ့လားဆိုပြီး မှာစားကြည့်တယ်။

အမှန်တော့ ဆိုင်ကလေးသေးနေတာနဲ့ အရသာကို အများကြီး မခန့်မှန်းထားခဲ့သမျှ ချောကလက်၂ဆနဲ့ကိတ်လေးမှာတင် အရည်ပျော်ကျသွားခဲ့တာ ဝန်ခံရမှာပဲ။

အပေါ်က ချောကလက်အနှစ်တွေ ပျစ်ပျစ်နှစ်နှစ်နဲ့ အထဲက ချောကလက်မြုပ်လေးလို နူးညံ့အိနေတဲ့ ချိုခါးခါး ကိတ်သားလေး။ တစ်ခွက်ကို ၁၅၀၀ တည်းနဲ့ အရသာလေးက ခါးသက်သက်လေးနဲ့တော်တော်ကောင်းတယ်။ ဒီကိတ်ဆိုင်လေးမှာ မစားမဖြစ်စားရမယ့် အရသာအရှိဆုံးဆို ချောကလက်ကြိုက်သူတွေ လုံးဝကြိုက်မယ့် ဒီကိတ်လေးကို ညွှန်းချင်ပါတယ်။ ခွက်ကလေးတွေကတော့ သေးသေးလေးတွေပါပဲနော်။

New York Cheese Cake လေးကို စတော်ဘယ်ရီယိုလေးအုပ်ထားတဲ့ ကိတ်လေးကတော့ အရသာ အီအီဆိမ့်ဆိမ့်လေးနဲ့ပေမယ့် Lemon နည်းသလိုလိုမို့ ချိစ်နံ့မွှေးပြီးမတက်လာဘူး။ အရသာကတော့ တော်တော်ဆိမ့်ပါတယ်။ သူလည်း တစ်ခွက် ၁၅၀၀ ပါပဲ။

Chocolate Brownie ကတော့ စားကောင်းတယ်။ ချောကလက်နံ့သင်းသင်းလေးနဲ့ သီဟိုရ်စေ့လေးတွေပါပါတော့ ဆိမ့်ပြီး ခပ်သင်းသင်းလေးမွှေးတယ်။ သူက တစ်တုံး ၁၀၀၀ ပါ။

နောက် Hazelnut Milk Drinks လေးကတော့ နွေရာသီနဲ့အလိုက်ဆုံးပဲ။ ဒီဆိုင်ကို ထပ်ထပ်လာချင်မိအောင်ကို နို့ဖျော်ရည်ဆိမ့်ဆိမ့်လေးမှာ Hazelnut စေ့ အနံ့မွှေးမွှေးလေးနဲ့ ရင်ထဲကိုအေးသွားစေတဲ့ထိ ကောင်းပါတယ်။

အချိုတည်းဖို့ ကိတ်ဆိုင်ကောင်းကောင်းလေးတွေ့ပြီဆိုတာပြောချင်ပေမယ့်လည်း ခုံက ၃ခုံပဲရှိတော့ ကြာကြာထိုင်ဖို့လည်း မပြေဘူး။ Take Away Only ပဲ အဆင်ပြေပါတယ်။

လမ်းကြုံလို့များ နေ့လည်စာစားပြီးချိန် မြေနီကုန်း မဟာမြိုင်ဘက်နားရောက်ခဲ့ရင် အချိုပွဲကောင်းကောင်းလေး စားချင်တဲ့သူတွေအတွက် ဒီ “My Cakery” ဆိုတဲ့ Cake ဆိုင်လေးကိုတော့ တစ်ခေါက်လောက် ရောက်အောင်သွားပြီး ချောကလက်ကိတ်ကောင်းကောင်းလေးကို ခံစားကြည့်ကြည့်လိုက်နော်။

အမှတ် ၁၆ ၊ A ဇောတိကလမ်း၊ မြေနီကုန်း မှာ နေ့တိုင်းဖွင့်ပါတယ်တဲ့။

ချစ်လှစွာသော
FoodieEi (Akhayar)