မာလာရှမ်းကောကို အသားတွေများများ အသားလုံးများများထည့်ပြီး နှစ်ယောက်စာ ၁,၀၀၀၀ ပြည့်အောင်တောင် မပေးခဲ့ရတဲ့ဆိုင်လေး။ နှစ်ယောက်လောက်ကို ဗိုက်ပြည့်တာထက်ကို ပိုအောင်စားလို့ရတဲ့ဆိုင်လေးကို ခုပြောပြမှာပေါ့။ အခုပြောပြမယ့် မာလာရှမ်းကော ဆိုင်လေးရဲ့နာမည်က Mr.Bowl Mala Xiang Guo and Hot Pot တဲ့။ ဒီဆိုင်လေးက ရန်ကင်းစင်တာ ဒုတိယထပ်မှာဖွင့်ထားတဲ့ ဆိုင်လေး။

ဒီဆိုင်မှာ ကိုယ်သဘောကျတဲ့အချက်က အသားလုံးတွေ အစုံရှိတယ်။ ပုစွန်ဥထုပ်၊ ကြက်သားအာလူးအစာသွတ်၊ ပုစွန်လုံး၊ ဂဏန်းလုံး အပြင်တခြား အသားလုံးတွေလည်း စုံနေအောင်ထားပေးထားတယ်။ ကိုယ်တို့စားပွဲပေါ်စထိုင်ထိုင်ခြင်းမှာ ဝန်ထမ်းလေးတစ်ယောက်ကလာမေးတယ်။ မာလာရှမ်းကောကို Set နဲ့စားချင်လားဆိုပြီး လာမေးတယ်။ မာလာရှမ်းကော Set က ၅,၉၀၀ ကျပ်ပဲရှိပြီး ထမင်းတစ်လုံးပါ ပါတယ်တဲ့။ Set ထဲမှာ အသားလုံးလေးတွေကို လေးလုံးလောက်ထည့်ပေးထားတော့ ကိုယ်တို့သူငယ်ချင်းတွေလုနေရမှာစိုးလို့ Set မစားပဲ ရွေးဖို့ အသားလုံးတွေ စီတန်းထားတဲ့နေရာကို သွားကြတယ်။

 

အသားလုံးတွေထားတဲ့အတန်းမှာ မှိုတွေကိုလည်းထားပေးထားတာ အမျိုးကိုစုံလို့။ အပ်မှို၊ မှိုဘုရင်၊ မှိုဖြူ၊ ကြွက်နားရွက်မှို စတဲ့ မှိုတွေကိုစုံလို့။ ကိုယ်တွေ အသားလုံးတွေရော မှိုတွေပါစိတ်ကြိုက်ယူခဲ့တယ်။ အရွက်တော့ သိပ်မထည့်ပဲ အသားတွေလည်း တော်တော်များများထည့်ပြီး Counter မှာသွားချိန်တဲ့အချိန် အနည်းဆုံးတော့ ၁၅,၀၀၀ လောက်ကျမယ်ပေါ့။ အမှန်တကယ် ကျသင့်ခဲ့တဲ့ ပိုက်ဆံက ၉,၀၀၀ သာသာပဲရှိတော့ အဆင်ပြေချက်ပဲ။

 

ဒီဆိုင်လေးမှာ juice ကို Free Flow ပေးထားတာလေး သဘောကျမိတယ်။ ဇီးဖျော်ရည်၊ လိမ္မော်ရည် နှစ်မျိုးလုံးအ၀သောက်လို့ရတော့ ရေတောင်မှာသောက်စရာကိုမလိုအောင် ၀န်ဆောင်မှုပေးထားတယ်။

အရသာပိုင်းပြောရရင်တော့ ပေးရတဲ့ဈေးထက်ကို ကောင်းလွန်းတယ်။ မာလာရှမ်းကောဆိုရင် တော်ရုံအရသာဆိုမကြိုက်တတ်တဲ့ ကိုယ်တောင် တော်တော်စားကောင်းနေတယ်။ ကိုယ်တွေက အထုံသိပ်မစားနိုင်ကြတော့ အစပ်ပုံမှန် အထုံလျှော့ဆိုပြီးမှာ စားကြတာ။ အသားလုံးတွေကလည်း နှစ်ယောက်စားတာကိုမှ တစ်ယောက်ကို ၄လုံးလောက်အနည်းဆုံးစားရတယ်။

ဝန်ဆောင်မှုအနေနဲ့ကတော့ ၀န်ထမ်းလေးတွေက နည်းနည်းအူကြောင်ကြောင် ဖြစ်နေကြတယ်။ ကိုယ်မှာချင်တာကိုသဘောမပေါက်လို့ နှစ်ခါလောက်ပြန်ပြန်ပြောနေရ တာလေးတစ်ခုပဲ။ ဆိုင်လေးကကျဉ်းတော့ စားသုံးသူပြုံကျတဲ့ချိန်မျိုးမှာ တစ်ခုံနဲတစ်ခုံ တိုးတိုက်နေရတာ aတာ့ သိပ်အဆင်မပြေဘူး။ နောက်တစ်ခုက ကိုယ်တို့စားတဲ့ မာလာရှမ်းကောမှာ Baby Corn လေးတွေမကျက်တာကလွဲလို့ ကျန်တာ စားကောင်းပါတယ်။

ကိုယ်သွားခဲ့တုန်းက လူလည်းရှင်းတော့ အေးအေးဆေးဆေးနဲ့စားခဲ့တာ တော်တော်အဆင်ပြေခဲ့ပါတယ်။ ဒါကြောင့် Mr.Bowl ဆိုင်လေးမှာစားဖူးတဲ့သူတွေက အတွေ့အကြုံလေးတွေ ပြောပြပေးပြီးတော့ မစားဖူးတဲ့သူတွေကလည်း သွားမြည်းစမ်းကြည့်ဖို့ အကြံပြုပါတယ်နော်။ ဒီဆိုင်လေးရဲ့လိပ်စာကတော့ ရန်ကင်းစင်တာ၊ ပထမထပ်မှာဖြစ်ပါတယ်။ ဘိုကင် ကြိုတင်ချင်တယ်ဆိုရင်တော့  09 950 397998 ကိုဆက်သွယ်လို့လည်း ရပါတယ်ဗျ။

King Pin ( Akhayar )

www.akhayar.com