ရုပ်သံအကူဒိုင်စနစ် (VAR)ကို ပြီးခဲ့တဲ့နှစ်တွေအတွင်း နိုင်ငံတကာပြိုင်ပွဲတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပြီး အခုနောက်ပိုင်းနှစ်တွေမှာတော့ ထိပ်သီးလိဂ်ပြိုင်ပွဲတွေမှာပါ အသုံးပြုနေကြပါပြီ။ VAR ကို အသုံးပြုရတဲ့ရည်ရွယ်ချက်ကတော့ အငြင်းပွားစရာ ဂိုးတွေ၊ ပယ်နယ်တီတွေ၊ အ၀ါ၊ အနီကတ်တွေ မှားယွင်းမပြဖို့အတွက်ဖြစ်ပြီး ရည်ရွယ်ချက်ကကောင်းပေမယ့် တကယ်တမ်းမှာတော့ အငြင်းပွားစရာတွေ ရှိနေဆဲပါပဲ။ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် VAR ကို အသုံးပြုခဲ့ပြီး ပယ်နယ်တီပေးမှုက စံချိန်တင်ခဲ့သလို၊ တခြားအငြင်းပွားစရာတွေလည်း ရှိခဲ့တယ်။

ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ဒီရာသီမှ VAR ကို စတင်အသုံးပြုခဲ့ပြီး ရာသီအစ(၃)ပွဲသာ ရှိသေးပေမယ့် ဝေဖန်သံတွေကတော့ ထွက်နေပါပြီ။ လောလောလတ်လတ်အဖြစ် ပွဲစဉ်(၃)တုန်းက ဘုန်းမောက်-မန်စီးတီးပွဲမှာ ဒေးဗစ်ဆေးလ်ဗား David Silva ကို ပြိုင်ဘက်ကစားသမားက ပယ်နယ်တီဧရိယာထဲ ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် VAR ကြည့်ပြီးမှ ပယ်ဖျက်ခဲ့တာ၊ စပါး-နယူးကာဆယ်ပွဲမှာလည်း ဟယ်ရီကိန်း Harry Kane ကို နယူးကာဆယ်နောက်ခံလူ လက်ဆဲလက်စ် Lascelles သိသိသာသာကို ပြေးလမ်းကြောင်းပိတ်ခဲ့တာတောင် VAR က ပယ်နယ်တီ မပေးခဲ့တာတွေက စိတ်ပျက်စရာပါ။ ဒီစနစ်ကို နာမည်ကျော်နည်းပြတချို့က ဝေဖန်မှုတွေ ထွက်နေပေမယ့် ချယ်လ်ဆီး၊ မန်ယူနည်းပြဟောင်း မော်ရင်ဟို Jose Mourinho ကတော့ VAR နဲ့ပတ်သက်ပြီး မှတ်သားစရာကောင်းတဲ့ မှတ်ချက်ပေးလိုက်ပါပြီ။ အဲဒါကတော့ “ကျွန်တော့်ရဲ့ သဘောထားက ရှင်းပါတယ်။ လုံခြုံရေးကင်မရာတွေ တပ်ဆင်ထားတာကို မဟုတ်တာလုပ်ထားတဲ့ သူခိုးတွေကပဲ မကျေမနပ်နဲ့ Complain တက်ကြမှာပါ”တဲ့။ ဆိုလိုရင်းတာကတော့ VAR စနစ်ကို စောဒကတက်တဲ့သူတွေက ရိုးသားမှု မရှိဘူးလို့ ဆိုလိုချင်တာပါပဲ။ မော်ရင်ဟိုကတော့ သိတဲ့အတိုင်း သူများအဖြူဆို၊ သူက မဲလိုက်ရမှ ကျေနပ်တဲ့လူစားပါ။ တကယ်လို့ သူသာ ပရီးမီးယားလိဂ်မှာ ဆက်ရှိနေရင် ဒီ VAR စနစ်ကို လက်ခံမလား၊ သူများထက် ဦးဆုံး ဝေဖန်မလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ် . .

REF:Dream Team
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com