ကျွန်မက အရမ်းကြီးအောင်မြင်ချင်၊ နာမည်ကြီးချင်တဲ့လူမဟုတ်ပါဘူး။ ကိုယ့်မိသားစုလေးနဲ့ သိုက်သိုက်ဝန်းဝန်း အေးအေးဆေးဆေး၊ သားသမီးကို ပညာတတ်အောင် သင်ပေးမယ်။ သူရယ်ကိုယ်ရယ် တတ်ထားတဲ့ ပညာနဲ့ ကိုက်ညီတဲ့ အလုပ်တစ်ခုခုဝင်လုပ်မယ်။ စနေတနင်္ဂနွေဆို မိသားစုနဲ့ ဟင်းချက်စားမယ်။ ဒါမှမဟုတ် လျှောက်လည်မယ်။ ရုပ်ရှင်ကြည့်မယ်။ အားတဲ့ချိန် သားသမီးနဲ့ အချိန်ကုန်မယ်၊ မိဘတွေဆီသွား စကားပြောမယ်။ အားတဲ့ချိန်လေး ပရဟိတလုပ်မယ်….ဘာညာသာရကာပေါ့လေ။

တကယ်တမ်း အိမ်ထောင်ရှင်မ ကလေးအမေလည်းဖြစ်ရော တက်တက်စင် လွဲပါရော… သားဦးမို့ တုန်တက်ပြီး ချီရမလို ချရမလိုဖြစ်တာ၊ ငါ့သားလေး တစ်ခုခုဖြစ်မှာစိုးလို့ Nurse ရှိတာတောင် နေ့ရော ညရော ကိုယ်တိုင်စောင့်တာပါ။ ကလေးချိုးချိုးချွတ်ချွတ်ဆိုတာနဲ့ ကိုယ်က အရင်နိုးတာ၊ နည်းနည်းကြီးတော့ ကလေးစားဖို့ ကိုယ်တိုင်လုပ်ချင်တာ။ ရေချိုး အ၀တ်လဲ သန့်ရှင်းရေးက အစ ကိုယ်တိုင်လုပ်ချင်တာမို့ အိမ်ပြင်လည်း မထွက်နိုင်၊ ဘယ်သူနဲ့မှလည်း စကားမပြောချင်၊ ကလေးပြုစုစောင့်ရှောက်ရေးကလွဲရင် ကျန်တဲ့ စာအုပ်ချောင်ထိုးထားတော့တာ။ Online တက်ရင်လည်း ကလေးပစ္စည်းကလွဲရင် ဘာမှ စိတ်မ၀င်စား၊ Chatting လုပ်ရင်လည်း ကလေးအမေတွေနဲ့ချည်း… သူ့ကလေးကဘယ်လို ငါ့ကလေးကဘယ်သို့ ပေါ့လေ..

အဲဒီမှာ တစ်နှစ်လောက်ကြာသွားတော့ အလုပ်ပြန်လုပ်ချင်တာနဲ့ အလုပ်တွေ ပြန်လျှောက်ပါတယ်။ မာစတာ ၂ ခုရထားပြီး နိုင်ငံခြား Regional အလုပ်အတွေ့အကြုံ ၃နှစ်နဲ့ Proven Track Record တွေရှိတဲ့၊ First Impression ဆိုတာအလကား ခေါင်းထဲက အသိပညာကပဲအရေးပါတယ်လို့ ယူဆတဲ့၊ ခေါင်းမာမာနဲ့ မာနကြီးတဲ့ကျွန်မ ခံရပါတော့တယ်။ လျှောက်တဲ့ အလုပ်တိုင်း အင်တာဗျူးဖြေရပါတယ်။ အင်တာဗျူးသွားဖြေတိုင်း အလုပ်ရပါတယ်။ ဒါပေမယ့် ကိုယ်လိုချင်တဲ့၊ ကိုယ်နဲ့ထိုက်တန်တယ်လို့ ထင်တဲ့လစာနဲ့ နေရာ ဘယ်တော့မှ Offer မရပါဘူး။

ဘာကြောင့်လဲ စဉ်းစားတဲ့အခါ မျက်နှာပေးကြောင့်လား၊ သူများက ကိုယ့်ကို မျက်နှာမာမာနဲ့ ကြည့်ရင်တော့ ချက်ချင်းကို မလုပ်တော့ဘူး ဆုံးဖြတ်တတ်တာကြောင့်လား၊ စကားကြာကြာပြောရရင် စိတ်မရှည်တဲ့ အကျင့်ကြောင့်လား၊ လူသစ်နဲ့ တွေ့ဖို့ မပြောနဲ့ လူဟောင်းသူငယ်ချင်းတွေ ချိန်းရင်တောင် မသွားချင်တဲ့ စိတ်ကြောင့်လား…. အဲဒီမှာ အမျိုးသားက ကိုယ် မပြင်မဆင်၊ မလှမပ၊ ၀တုတ်မဖြစ်နေတာကို  ဘယ်လောက်တောင် စိတ်ပျက်လဲ မသိ။ အရှေ့တောင် အာရှမှာ ခုမှ ခေတ်စားကာစ၊ ကိုယ်ကြားတောင်မကြားဖူးတဲ့ Image & Personal Branding Diploma ကို သွားတက်ဆိုပြီး လွှတ်လိုက်လို့ သွားတက်ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ Image ဆိုရင် မိတ်ကပ်လိမ်းတာ၊ အ၀တ်အစားကောင်းကောင်းဝတ်တာလို့ ထင်တဲ့ ကျွန်မ၊ Personal Branding နဲ့ Personal Grooming နဲ့ သိပ်မကွာဘူးလို့ ထင်တဲ့ကျွန်မ တက်တက်စင်အောင် လွဲပြန်ပါတယ်။

Personal Branding ဆိုတာ ကိုယ့်ရဲ့ Personal ၊ Professional ၊ Social Goal နဲ့ ကိုက်ညီတဲ့ Brand တစ်ခုတည်ဆောက်တာပါ။ Personal Goal နဲ့ Social Goal နဲ့လည်း မတူပြန်ပါဘူး။ လူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဘ၀ကို ကိုယ်တိုင်ဖန်တီး ပုံသွင်းတည်ဆောက်ခွင့်ရှိပါတယ်။ ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးတွေ၊ အထူးသဖြင့် မေမေတွေ ဖြစ်လာပြီဆိုရင် ပတ်ဝန်းကျင်ရဲ့ Demand ရော၊ ကိုယ်ကိုယ်တိုင်ရဲ့ Demand ရော တော်တော်လေးခံရပါတယ်။ ကိုယ်ကြိုက်တာ၊ လုပ်ချင်တာလုပ်လို့ရတဲ့လူ ဆိုရင် တော်တော်ကံကောင်းတဲ့သူပါ။ များသောအားဖြင့်တော့ ကလေးမွေးမယ်၊ ပြီးရင် ကိုယ့်အတွက် ဘ၀ဆိုတာ မရှိတော့အောင်ပါပဲ။

ငွေကြေးမပူပင်ရဘူးဆိုရင် ပိုဆိုးပါတယ် (တကယ်ပါ)။ ငွေကြေးပူပန်ရတဲ့လူက ပိုပြီး ကြိုးစားရလို့ သူ့ဘ၀တိုးတက်နိုင်ပါသေးတယ်။ မပူပင်ရတဲ့မေမေတွေက များသောအားဖြင့် အရာရာကလေးအတွက် ဘ၀တစ်ခုလုံးမြှုပ်နှံလိုက်ပြီး ဘာမှလည်း ဆက်မတိုးတက်တော့ (ပတ်ဝန်းကျင်ကလည်း… ကလေးအမေတောင်ဖြစ်နေပြီ… ….ဘာညာ ဘာညာ..တော်တော်လေး ခရီးရောက်တဲ့ စကားပါ )

အိမ်ကခင်ပွန်းက စိတ်ချရတဲ့လူဆိုရင် ပိုဆိုးပါတယ်။ အော် သူငါ့အပေါ် ဘယ်တော့မှ မဟုတ်တာမလုပ်ဘူး၊ ကလေးရှိတော့ အော်တိုမက်တစ် ကြိုးတစ်ချောင်းပို၊ ငါ့လောက်အနွံအတာခံ၊ အိမ်မှုကိစ္စနိုင်နင်း၊ သူ့အကြောင်းသိတဲ့လူ ဘယ်မှာသွားရှာမလဲ…ဟွန်း (ကိုယ်တိုင်ပြောခဲ့တဲ့ စကားတွေပါ ) တကယ်တမ်းကျတော့ သူနဲ့ကိုယ်ဟာ အရင်းနှီးဆုံး သူစိမ်းတွေပါ။ အပြင်လောကမှာ အလုပ်လုပ်မှ မဟုတ်ပါဘူး။ အိမ်မှာပဲနေပြီး ကလေးထိန်းပေမယ့်လည်း ကိုယ့်ကိုယ်ကိုယ်တိုးတက်အောင် ကြိုးစားနေတဲ့ မေမေတွေ အများကြီးပါ။

ကိုယ်ဘာဖြစ်ချင်လဲ ဘယ်လိုနေရာမှာ ကိုယ့်ရဲ့ နာမည်ကောင်းတစ်ခု တည်ဆောက်ချင်တာလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးပြီးရင် အဲဒီ Brand နဲ့ ကိုက်ညီတဲ့ Appearance (ပြင်ပပုံပန်းသန္တာန်၊ အသွင်အပြင်)၊ Behavior (ကိုယ်ဟန်အမူအယာ)၊ Communication (ဆက်သွယ်ခြင်း) မဟာဗျူဟာတွေ ချမှတ်ရပါမယ်။ ဒီလို Brand တစ်ခုတည်ဆောက်တာဟာ သူများအတွက် မဟုတ်ပါဘူး။ မိသားစုအတွက်၊ သားသမီးအတွက် မဟုတ်ပါဘူး။ မိမိကိုယ်တိုင် နေ့စဉ် စိတ်ချမ်းသာ ပျော်ရွှင်စွာ၊ အောင်မြင်စွာ၊ လွယ်ကူစွာနဲ့ ကိုယ့်ဖြစ်ချင်တဲ့ ဘ၀ရဲ့ ပန်းတိုင်တွေ ဖြစ်လာဖို့ပါ။

Personal Branding ဟာ မိတ်ကပ်လိမ်းတာမဟုတ်ပါဘူး။

အ၀တ်အစားလှလှဝတ်၊ ကြွကြွရွရွနေတာမဟုတ်ပါဘူး။

ရှိသမျှ Networking Party တိုင်းသွားတာမဟုတ်ပါဘူး။

Personal Branding မလုပ်လို့ ဘာမှ မဖြစ်ပါဘူး။

Personal Branding ကို စိတ်ဝင်စားရင်တော့ သူများတွေထက် လွယ်ကူ မြန်ဆန်စေတဲ့ အောင်မြင်မှုရဲ့         လျှို့ဝှက်လက်နက်တစ်ခုကို ရတာပါပဲ။ နာမည်ကြီးချင်တဲ့ မေမေတွေလည်း အကောင်းဖက်က နာမည်ကြီးအောင် လုပ်နိုင်ပါတယ်။ နာမည်မကြီးချင်တဲ့ မေမေတွေလည်း ပိုပြီးပျော်ရွှင် စိတ်ချမ်းသာတဲ့ ဘ၀ကို ကိုယ်တိုင်ဖန်တီး တည်ဆောက်နိုင်ပါတယ်။

အခရာ

www.akhayar.com