ဘောလုံးလောကမှာ ပရိသတ်တွေ စိတ်ဝင်တစားစောင့်ကြည့်လေ့ရှိတာက အပြောင်းအရွှေ့ဈေးကွက်ပါပဲ။ ဒီနွေရာသီကာလမှာ မထင်မှတ်တဲ့ ကစားသမားအပြောင်းအရွှေ့ တချို့ဖြစ်ခဲ့ပြီး ဥပမာ- မန်ယူဂန္ထ၀င်တိုက်စစ်မှူး ရွန်နီ Wayne Rooney မေဂျာလိဂ်ကလပ် DC ယူနိုက်တက်ကနေ လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီအသင်းကို ကစားသမား/နည်းပြအဖြစ် ပြောင်းရွှေ့ခဲ့တာ၊ ပရီးမီးယားလိဂ်ဝါရင့် ဂိုးသမားကြီး ကာဆင် Scott Carson ကို မန်စီးတီး ခေါ်ယူခဲ့တာတွေက ထင်မှတ်မထားတဲ့ ကစားသမားအပြောင်းအရွှေ့တွေ ဖြစ်ပါတယ်။ ဘောလုံးသမိုင်းတစ်လျှောက်မှာလည်း ဒီလို မထင်မှတ်ထားတဲ့ အပြောင်းအရွှေ့တွေ ရှိခဲ့ပြီး အဲဒါတွေကတော့ . . .

Roberto Mancini

ရီးယဲလ်ကွင်းလယ်ဟောင်း ကမ်ဘီယာဆို Esteban Cambiasso ကို မခေါ်ခင် နှစ်ပေါင်း(၃၀)လောက်တုန်းက လက်စတာအသင်းဟာ မန်စီနီ Roberto Mancini ကို ခေါ်ပြီး Shock Transfer ဖြစ်အောင် ဖန်တီးခဲ့ပါတယ်။ ၁၉၈၀ ကျော်ကနေ ၂၀၀၀ ၀န်းကျင်ကာလတွေမှာ မန်စီနီဟာ ဆမ်ဒိုးရီးယား၊ လာဇီယိုအသင်းတို့နဲ့အတူ စီးရီးအေ၊ European Cup Winners’ Cup ၊ ကိုပါအီတာလီယာဖလား၊ ဥရောပစူပါဖလားတွေ ရယူခဲ့ပြီး စီးရီးအေမှာ နာမည်ကျော်နေတဲ့အချိန် လက်စတာအသင်းက ၂၀၀၁ ခုနှစ်၊ ဇန်န၀ါရီလမှာ အငှားနဲ့ ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ မန်စီနီရဲ့ လက်စတာကစားသမားဘ၀က မလှပခဲ့ဘဲ ပြိုင်ပွဲစုံမှာ စုစုပေါင်း (၅)ပွဲသာ ကစားခဲ့ရပါတယ်။

Kevin Keegan

၁၉၇၇ မှာ လီဗာပူးလ်အသင်းကနေ ဟမ်းဘတ်ကို ပြောင်းရွှေ့ခဲ့တဲ့ အင်္ဂလန်နာမည်ကျော် တိုက်စစ်မှူး ကီးဂန်း Kevin Keegan ဟာ ဟမ်းဘတ်ကစားသမားဘ၀ (၃)ရာသီအတွင်း Ballon d’Or ဆု (၂)ကြိမ်ရခဲ့သလို ၁၉၈၀ ဥရောပဖလား(ချန်ပီယံလိဂ်)ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက်ခဲ့ပါတယ်။ ဟမ်းဘတ်အသင်းနဲ့ လမ်းခွဲခဲ့ချိန်မှာ သူ့ကို ဘာစီလိုနာ၊ ဂျူဗင်တပ်စ်စတဲ့ ထိပ်သီးအသင်းတွေက လိုချင်ခဲ့ကြပေမယ့် ၁၉၇၈ ခုနှစ်မှ ပထမတန်းကို တက်လာတဲ့ ဆောက်သမ်တန်အသင်းကို အံ့အားသင့်စရာကောင်းအောင် ပြောင်းရွှေ့ခဲ့ပါတယ်။ Ballon d’Or ဆုပိုင်ရှင် ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ခဲ့တာက ဆောက်သမ်တန်အသင်းအတွက် ဂုဏ်ယူစရာလို့ ပြောရမှာဖြစ်ပေမယ့် ကီးဂန်းကတော့ အသင်းနဲ့အတူ အောင်မြင်မှု မရခဲ့ပါဘူး။

Edgar Davids

အေဂျက်စ်နဲ့အတူ ချန်ပီယံလိဂ်၊ ဂျူဗင်တပ်စ်၊ အင်တာမီလန်အသင်းတို့မှာ ဆုဖလားအောင်မြင်မှုတွေ ရခဲ့တဲ့ ဒတ်ခ်ျဂန္ထ၀င်ကစားသမား ဒေးဗစ် Edgar Davids ဟာ League Two ကလပ် ဘားနက်အသင်းမှာ ကစားသမားဘ၀ ဖြတ်သန်းလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ၂၀၁၀ ခုနှစ်မှာ ကစားသမားဘ၀ကနေ အနားယူပြီး (၂)နှစ်လောက်အကြာမှာ League Two ကလပ် ဘားနက်အသင်းရဲ့ ကစားသမား/နည်းပြအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဘားနက်အသင်း နည်းပြအဖြစ် တာဝန်ယူခဲ့ပြီး ၂၀၁၄ ခုနှစ်မှာတော့ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

Thomas Gravesen

ရီးယဲလ်အသင်းရဲ့ မထင်မှတ်တဲ့ ကစားသမားခေါ်ယူမှုတွေထဲမှာ အဲဗာတန်ကွင်းလယ်လူ ဂရာဗီဆင် Thomas Gravesen ကို ခေါ်ခဲ့တာကလည်း တစ်ခုအပါအ၀င်ပါပဲ။ အဲဗာတန်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ဂရာဗီဆင်ကို မက်ခီလီလီ Claude Makelele ရဲ့နေရာမှာ အစားထိုးဖို့အတွက် ၂၀၀၅ ခုနှစ်မှာ ခေါ်ယူခဲ့တာဖြစ်ပြီး ဂရာဗီဆင်ဟာ ရီးယဲလ်အဆင့် ကစားသမား မဟုတ်တာကြောင့် တစ်ရာသီအကြာမှာပဲ အသင်းနဲ့ လမ်းခွဲခဲ့ရပါတယ်။

Julien Faubert

ရီးယဲလ်အသင်းရဲ့ နောက်ထပ် အံ့အားသင့်ဖို့ကောင်းတဲ့ ကစားသမားခေါ်ယူမှုက ၀က်စ်ဟမ်းကစားသမား ဖော်ဘတ် Julien Faubert ကို အငှားနဲ့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ ၀က်စ်ဟမ်းကို စရောက်ခဲ့ပြီး ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန်ကစားခွင့် မရတဲ့ ဖော်ဘတ်ကို ရီးယဲလ်အသင်းက ဘယ်လိုကြောင့် ခေါ်ခဲ့လဲဆိုတာ စဉ်းစားလို့ မရပါဘူး။ ၂၀၀၈-၀၉ ဇန်န၀ါရီမှာ ရီးယဲလ်ကို ရောက်ရှိခဲ့တဲ့ ဖော်ဘတ်ဟာ စုစုပေါင်း(၂)ပွဲသာ ကစားခဲ့ပြီး ၀က်စ်ဟမ်းအသင်းကို ပြန်ခဲ့ရပါတယ်။

ဘောလုံးသမိုင်းတစ်လျှောက် မထင်မှတ်ထားတဲ့ ကစားသမားအပြောင်းအရွှေ့များ အပိုင်း(၁) ဖတ်ရန်လင့်ခ်

REF:talksport
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com