Google ကထုတ်ပြန်လိုက်တဲ့ ၂၀၁၆ ခုနှစ်အတွင်း ပေါ်ပြူလာဖြစ်ခဲ့သော အယ်ပလီကေးရှင်းနှင့် ဂိမ်းများ (၁)

အခုဆိုရင်တော့ ၂၀၁၆ခုနှစ်ဟာ ကုန်ဆုံးဖို့နည်းကပ်လာပါပြီ။ ၂၀၁၆ခုနှစ်အတွင်းမှာဘဲ တစ်ချို့အယ်ပလီကေးရှင်းနဲ့ဂိမ်းတွေဟာဆိုရင် ကမ္ဘာမှာသာမဟုတ်ဘဲ မြန်မာနိုင်ငံထဲမှာပါ တော်တော်ကြီးကို ပေါ်ပြူလာဖြစ်ခဲ့ပါတယ်။ ဥပမာပေးရမယ်ဆိုရင်ဆော့ Prisma လိုမျိုး App နဲ့ Pokemon Go တို့လို  ဂိမ်းတွေပါ။ အခုဆိုရင်တော့ Google က ၂၀၁၆ခုနှစ်အတွင်းမှာ ပေါ်ပြူလာအဖြစ်ဆုံး အယ်ပလီကေးရှင်းနဲ့ဂိမ်းတွေကို ထုတ်ပြန်ပေးလိုက်ပါပြီ။

တစ်နှစ်လုံးအတွက်အကောင်းဆုံးအယ်ပလီကေးရှင်းဆု

၂၀၁၆ခုနှစ်အတွက် အကောင်းဆုံးအယ်ပလီကေးရှင်းဆုကိုတော့ Prisma ကို Google ကပေးအပ်လိုက်ပါတယ်။ Prisma က AI နဲ့ Neural Network တွေကိုသုံးပြီးတော့ ပုံမှန်ဓါတ်ပုံတွေကို အနုပညာဆန်ဆန်ပုံလေးတွေဖြစ်အောင်လို့ပြောင်းပေးတဲ့ အယ်ပလီကေးရှင်းပါ။ လူတော်တော်များများဟာ လွန်ခဲ့တဲ့လတွေတုန်းက Facebook နဲ့ Instagram ပေါ်ကသူတို့ရဲ့ Profile ပုံတွေကို Prisma ပုံတွေနဲ့အစားထိုးခဲ့ကြဖူးပါတယ်။ Prisma ကိုဖန်တီးခဲ့တဲ့သူတွေကတော့ Prisma App သာသင့်ဆီမှာရှိမယ်ဆိုရင် အနုပညာတွေဖန်တီးဖို့အတွက် ပန်းချီဆရာကြီး Pablo Picasso ကိုမလိုအပ်ပါဘူးတဲ့ဗျာ။

 

၂၀၁၆ ခုနှစ်အတွက် ပေါ်ပြူလာအဖြစ်ဆုံး Android App များ

 Face Changer 2

Face Changer 2 ကတော့ Google ကထုတ်ပြန်လိုက်တဲ့စာရင်းထဲမှာ ပေါ်ပြူလာအဖြစ်ဆုံး ဖြစ်ပါတယ်။ အဲ့ဒီApp မှာဆိုရင် ဒေါ်နယ်ထရမ့်ကို ဂြိလ်သားနဲ့တူအောင်လုပ်လို့ရသလို ကိုယ့်ကိုကိုယ်လည်းကြောင်ပုံပြောင်းလို့ရပါတယ်။ Face Changer 2 ကတော့ အရင်က Face Changer App ကိုပိုပြီးတော့အဆင့်မြှင့်ထားတာဖြစ်ပါတယ်။ Google Play ကနေ ဒေါင်းလုတ်ဆွဲတဲ့အရေအတွက်ကတော့ ၁၀သန်းကျော်ပါတယ်။

Lumyer – Photo & Selfie Editor

၂၀၁၆ခုနှစ်မှာ ပေါ်ပြူလာဖြစ်တဲ့ App တွေက ဓါတ်ပုံတည်းဖြတ်တဲ့ App တွေနည်းနည်းပိုများပါတယ်။ ဒီအယ်ပလီကေးရှင်းကတော့ သူ့ရဲ့နာမည်အတိုင်းပါပဲ။ Selfie လုပ်တဲ့အခါမှာ effect နဲ့ filter တွေအများကြီးပါသလို အန်နီမေးရှင်း effect တွေလည်းထည့်သွင်းလို့ရပါတယ်။ Google Play ကနေ သူ့ကိုဒေါင်းလုတ်ဆွဲတဲ့အကြိမ်ပေါင်းကတော့ ငါးသန်းကျော်ပါတယ်။

Castbox – Podcast Radio Music

ဓါတ်ပုံဝါသနာရှင်တွေရှိသလိုမျိုးပါပဲ Google Play မှာ ဂီတကိုမြတ်နိုးတဲ့သူတွေ အများအပြားရှိပါတယ်။ Podcast App တစ်ခုဖြစ်တဲ့ Castbox ကတော့ သူတို့ရဲ့အသည်းစွဲပါ။ Podcast ဆိုတာက ဒီဂျစ်တယ်နည်းပညာနဲ့ အသံလွှင့်တာပါ။ ဒီအယ်ပလီကေးရှင်းမှာဆိုရင် အသံလွှင့်ဌာနအများအပြားကိုစုစည်းပေးထားပြီးတော့ Audiobooks တွေကိုလည်းရရှိနိုင်ပါတယ်။

Emoji Keyboard Pro

Emoji Keyboard Pro ကတော့ Emoji လေးတွေကို အသားပေးထားတဲ့ ကီးဘုတ် App တစ်ခုပါ။ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကီးဘုတ် Theme လေးတွေအများအပြားပါဝင်တဲ့အပြင် အခြားရွေးချယ်ခွင့်အများအပြား လည်းရှိပါတယ်။ Swiftkey အယ်ပလီကေးရှင်းလိုမျိုးပဲ ပြင်ပလုပ်ဆောင်ချက်တွေလည်း လုပ်ဆောင်နိုင်ပါသေးတယ်။

MSQRD

၂၀၁၆ မှာပေါ်ပြူဖြစ်တဲ့ App တွေထဲကမှ  နောက်ထပ် Selfie ကိုအသားပေးတဲ့ App တစ်ခုပါ။ အခု MSQRD ဆိုတဲ့ App ကတော့ Facebook ကထုတ်တာဖြစ်ပါတယ်။ သူ့မှာကတော့ selfie ဗွီဒီယိုရိုက်တဲ့အချိန်မှာ ချင်ပန်ဇီပုံစံပြောင်းလို့ရတဲ့ featureကတော့ တော်တော်နာမည်ကြီးပါတယ်။ ကဲ . . အပိုင်း (၂)မှာ ပြန်တွေ့ကြတာပေါ့ဗျာ။

မင်းသုခ (အခရာ)

www.akhayar.com