၂၀၀၉-၁၀ ရာသီက စပြီး ပြိုင်ပွဲစုံမှာ အကောင်းဆုံးကစားသမားဆု (Man of the Match)ရရှိမှု အများဆုံးကစားသမားအဖြစ် ဘာစီလိုနာအသင်းရဲ့ နာမည်ကျော်တိုက်စစ်မှူး မက်ဆီ Lionel Messi က ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် အခုအချိန်အထိ ဘာစီလိုနာတိုက်စစ်တစ်ခုလုံးရဲ့ ၀န်ရိုးအဖြစ် ရပ်တည်နေဆဲဖြစ်သူ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီက အသင်းအတွက် ပြိုင်ပွဲစုံမှာ (၅၁)ဂိုးအထိ သွင်းယူခဲ့ပြီး (၁၀)ရာသီဆက်တိုက် ဂိုး(၄၀)နဲ့အထက် သွင်းယူခဲ့တဲ့ မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်။ အခုလည်း ပြီးခဲ့တဲ့(၁၀)ရာသီအတွင်း ပြိုင်ပွဲစုံ Man of the Match အများဆုံးရရှိခဲ့တဲ့ ကစားသမားစာရင်းမှာ မက်ဆီက (၂၃၉)ကြိမ်နဲ့ ပြတ်ပြတ်သားသားကို ဦးဆောင်နေတာဖြစ်ပါတယ်။ သူ့ရဲ့ အဓိက ပြိုင်ဘက် စီရော်နယ်လ်ဒို Cristiano Ronaldo ရရှိခဲ့တဲ့ Man of the Match ဆုအရေအတွက်က မက်ဆီနဲ့ အနီးစပ်ဆုံးတောင် မရှိခဲ့ဘဲ (၁၄၀)သာရှိတာကြောင့် ဒီကစားသမားနှစ်ဦးရဲ့ ကွာခြားချက်က (၉၉)ကြိမ်အထိ ရှိပါတယ်။

အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုဟာလည်း ခြေစွမ်းကောင်းတွေကို ဆက်ထိန်းထားနိုင်ဆဲဖြစ်ပြီး ဂျူဗင်တပ်စ်အသင်းနဲ့ ပထမဆုံးရာသီမှာ စီးရီးအေ၊ အီတလီစူပါဖလားတွေ ရယူနိုင်ခဲ့ပေမယ့် ကလပ်အသင်းအတွက် စွမ်းဆောင်ရည်မှာတော့ မက်ဆီကို ဘယ်လိုမှ လိုက်မမီခဲ့ပါဘူး။ ဒါပေမဲ့ နိုင်ငံအသင်းအတွက် စွမ်းဆောင်ရည်မှာတော့ စီရော်နယ်လ်ဒိုက ပေါ်တူဂီအသင်းနဲ့အတူ ဖလား(၂)ခုရရှိခဲ့ပြီး မက်ဆီက အခုအချိန်အထိ ဘာဖလားမှ မရသေးလို့ မက်ဆီ Fans တွေ မျက်နှာငယ်နေရချိန်မှာ အခု Man Of The Match သတင်းက စီရော်နယ်လ်ဒို ပရိသတ်တွေကို ပြန်ပြီး ငြင်းခုန်နိုင်ပါလိမ့်မယ်။ သူတို့နှစ်ဦးရဲ့ နောက်မှာတော့ ဒီနွေရာသီမှာ ရီးယဲလ်ကို ရောက်ခဲ့တဲ့ ဟာဇက် Eden Hazard က (၉၁)ကြိမ်နဲ့ ရှိနေပြီး တခြားနာမည်ကျော်ကစားသမားတွေဖြစ်တဲ့ အီဘရာဟီမိုဗစ် Zlatan Ibrahimovic ၊ ဆွာရက်ဇ် Luis Suarez တို့ကလည်း ထိပ်ဆုံး(၅)ဦးစာရင်းမှာ ပါဝင်ခဲ့ပါတယ်။

Most Man of the Match’s since 2009/2010:

1. Leo Messi: 239
2. Cristiano Ronaldo: 140
3. Eden Hazard: 91
4 .Zlatan Ibrahimović: 85
5. Luis Suárez: 62

REF:SPORTbible
Photo:Leo Messi Facebook,Cristiano Ronaldo Facebook,
Naing Linn(Akhayar)
www.akhayar.com