ကလပ်အသင်းတစ်သင်းအတွက် ကစားသမားတစ်ဦး ခေါ်ယူရတာက အလောင်းအစားဆန်ပါတယ်။ တခြားအသင်းမှာ ခြေစွမ်းပြနေလို့ အထင်တကြီးနဲ့ ငွေတွေသုံး ခေါ်ယူပြီးကာမှ ကိုယ့်အသင်းမှာ သုံးစားမရတဲ့အဖြစ်မျိုးတွေလည်း အများကြီးပါ။ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်မှာလည်း နာမည်ကျော်ကစားသမားတွေကို ငွေတွေသုံး ခေါ်ယူခဲ့ပေမယ့် မျှော်လင့်သလောက် ဖြစ်မလာတဲ့ကစားသမားတွေ ရှိခဲ့ပါတယ်။ အဲဒီကစားသမားတွေက ဘယ်သူများလဲဆိုတာ ပရိတ်တွေသိရှိနိုင်အောင် အပိုင်း(၂)အဖြစ် ဖော်ပြလိုက်ပါတယ် . . .

Stephan Lichtsteiner – Arsenal (Free)

အသက်က (၃၅)၊ အကောင်းဆုံးအချိန်တွေ ကုန်ဆုံးသွားပြီဖြစ်တဲ့ လစ်ခ်ျစတိုင်နာ Stephan Lichtsteiner ကို ဘယ်လိုရည်ရွယ်ချက်နဲ့ အာဆင်နယ်ခေါ်ခဲ့လဲဆိုတာတော့ မပြောတတ်ဘူး။ အလွတ်နဲ့ ရလိုက်လို့များလား၊ ဒါမှမဟုတ် ဘယ်လာရင် Héctor Bellerín အတွက် အရန်အဖြစ် အသုံးပြုဖို့များ ရည်ရွယ်ထားတာလား။ ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ပဲဖြစ်ဖြစ် လစ်ခ်ျစတိုင်နာကို ခေါ်ယူခဲ့တာက မှန်ကန်တဲ့လုပ်ရပ်လို့ ပြောရလို့ မရတာအသေအချာပါပဲ။ အခု ဘယ်လာရင်ကလည်း ဒဏ်ရာကနေ ပြန်သက်သာလာပြီဆိုတော့ ဒီ ဆွစ်ဇာလန်ဝါရင့်နောက်ခံလူကို လန်ဒန်မှာ ဆက်မြင်ရဖို့ မလွယ်တော့ပါဘူး။

Fred – Manchester United (£52million)

မန်ယူအသင်း သမိုင်းတစ်လျှောက် စိတ်ပျက်စရာအကောင်းဆုံး ကစားသမားခေါ်ယူမှုတွေထဲမှာ ဖရက်ဒ် Fred က ထိပ်ဆုံးမှာ ပါနေပါလိမ့်မယ်။ ဘုရားစူး ဘရာဇီးလ်သားဟာ မန်ယူအသင်းကစားကွက်နဲ့ ဘယ်လိုမှ အံ့ဝင်ခွင့်ကျ မဖြစ်သေးသလို၊ ဖြစ်လာဖို့လည်း မရှိပါဘူး။ အမှန်တော့ ဒီအပြောင်းအရွှေ့ဇာတ်လမ်းမှာ ဖရက်ဒ်ရော၊ မန်ယူအသင်းပါ မှားယွင်းခဲ့တာပါ။ ဖရက်ဒ်ကို ခေါ်ဖို့ ကြိုးစားခဲ့တာက မန်စီးတီးဖြစ်ပြီး ဖာနန်ဒင်ဟို Fernandinho နေရာမှာ အစားထိုးဖို့အတွက်ဖြစ်ပါတယ်။ ဖရက်ဒ်ရဲ့ ကစားပုံအရလည်း မန်ယူထက် မန်စီးတီးကစားကွက်နဲ့ ပိုကွက်ပါတယ်။ ဒါပေမဲ့ မန်ယူက ငွေပိုပေး ကြားဖြတ်ခေါ်ယူခဲ့တာကြောင့် ဖရက်ဒ်တစ်ယောက်လည်း မန်ယူအသင်းဆီ ယောင်လည်လည်နဲ့ ရောက်ခဲ့ပြီး အခုတော့ နှစ်ဖက်စလုံးအတွက် အကျိုးမရှိတဲ့ အပြောင်းအရွှေ့ဖြစ်လာခဲ့ပါပြီ။

Mohamed Elyounoussi – Southampton (£16million)

ဘေဆယ်အသင်းမှာ ခြေစွမ်းပြနေတဲ့ မော်ရိုကိုကြယ်ပွင့် တိုက်စစ်ကစားသမား အယ်လ်ယူနွတ်ဆီ Mohamed Elyounoussi ကို ပေါင်(၁၆)သန်းနဲ့ ခေါ်ယူခဲ့အပြီးမှာ ဆောက်သမ်တန်အသင်းဟာ တစ်ချိန်မှာ ကမ္ဘာ့အဆင့်မီ ကစားသမားဖြစ်လာမယ့်သူကို ရရှိခဲ့ပြီလို့ ထင်ခဲ့ကြတယ်။ ဘောလုံးစွမ်းရည်၊ အလိမ်အခေါက်ကျွမ်းကျင်မှု၊ ဂိုးသွင်းကောင်းတဲ့ အယ်လ်ယူနွတ်ဆီကို ဆာလာ Mohamed Salah နဲ့ ကစားပုံတူတယ်လို့တောင် မီဒီယာတွေက ချီးကျူးခဲ့ကြတာပါ။ ဒါပေမဲ့ အယ်လ်ယူနွတ်ဆီရဲ့ လားရာက ဆာလာနဲ့ ဆန့်ကျင်ဘက်ပါပဲ။ ပရီးမီးယားလိဂ်မှာ (၁၅)ပွဲကစား သွင်းဂိုး (၀)ဆိုတဲ့ မှတ်တမ်းဆိုးနဲ့အတူ အယ်လ်ယူနွတ်ဆီရဲ့ ပရီးမီးယားလိဂ်ကစားသမားဘ၀ အစက မလှပခဲ့ပါဘူး။

Joe Hart – Burnley (£3.5million)

တစ်ချိန်က အင်္ဂလန်အသင်းနဲ့ မန်စီးတီးအသင်း နံပါတ်(၁)ဂိုးသမား ဂျိုးဟတ် Joe Hart ရဲ့ အနိမ့်အမြင့်အတက်အကျက ကြမ်းတမ်းလွန်းပါတယ်။ မန်စီးတီးအသင်းကို ဂွါဒီယိုလာ Pep Guardiola ရောက်လာတာက ဂျိုးဟတ်ရဲ့ အနာဂတ်ကို အဆုံးအဖြတ်ပေးလိုက်သလိုပါပဲ။ တိုရီနို၊ ၀က်စ်ဟမ်းတို့မှာ အငှား၊ ပြီးခဲ့တဲ့ရာသီအစမှာ ဘန်လေအသင်းဆီ အပြီးသတ်ပြောင်းရွှေ့ခဲ့တဲ့ ဂျိုးဟတ်ဟာ အခုအချိန်မှာလည်း ပုံမှန်ကစားခွင့် မရသေးပါဘူး။ မန်စီးတီးအသင်းက ထွက်တာက မှန်ကန်ခဲ့ပေမယ့် ကိုယ်နဲ့ အဆင့်တူအသင်းတွေဆီ မသွားဘဲ အောက်အသင်းတွေမှာ ရှင်သန်ဖို့ ရွေးချယ်ခဲ့တာက ဂျိုးဟတ်ရဲ့ အမှားပါပဲ။

Max Meyer – Crystal Palace (Free)

မက်စ်မိုင်ယာ Max Meyer ဆိုတဲ့အမည်ကို အင်တာနက်မှာ ရိုက်ထည့်လိုက်ရင် သူ့ရဲ့ Skill ၊ သွင်းဂိုး၊ ဘောလုံးနည်းစနစ်ကောင်းမွန်တဲ့ ရုပ်သံတွေကို ပရိသတ်တွေ မြင်တွေ့ရပါလိမ့်မယ်။ အသက်(၂၃)နှစ်သာ ရှိသေးတဲ့ ရှော်လ်ကေးလူငယ်ကြယ်ပွင့် မက်စ်မိုင်ယာဟာ ဂျာမန်ဘောလုံးလောကရဲ့ မျိုးဆက်သစ်အဖြစ် သတ်မှတ်ခံထားရပြီး စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ဖို့ ပဲလေ့စ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မြေကို ချီတက်လာခဲ့ပါတယ်။ ပဲလေ့စ်ပရိသတ်တွေကလည်း မက်စ်မိုင်ယာရဲ့ အစွမ်းအစကို သိနေတော့ ပျော်တပြုံးပြုံးနဲ့ပေါ့။ ဒါပေမဲ့ မက်စ်မိုင်ယာရဲ့ ပရီးမီးယားလိဂ် လမ်းခရီးက မလှပခဲ့ပါဘူး။ ထုံးစံအတိုင်း ပရီးမီးယားလိဂ်ကစားဟန်နဲ့ အသားမကျတာက အဓိကပြဿနာဖြစ်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ (၂၈)ပွဲကစား (၁)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

၂၀၁၈-၁၉ ရာသီရဲ့ အဆိုးရွားဆုံး ကစားသမားခေါ်ယူမှုမှာ နာမည်ကျော် ကစားသမားတွေ ပါဝင်လာတာက သိပ်တော့ အံ့အားသင့်စရာ မရှိပါဘူး။ ပြိုင်ပွဲတစ်ခုမှာ ကစားသမားသစ်တစ်ဦး အခြေကျဖို့ဆိုက အချိန်တစ်ခုလိုအပ်ပြီး လာမယ့်ရာသီကျရင် ဒီကစားသမားတွေ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်လိမ့်မယ်လို့ မျှော်လ့င်ရမှာပါ . .

REF:talksport
Photo:Eurosport Australia,Getty Images,eurosport
Naing Linn(Akhayar)
www.akhayar.com