တိုက်စစ်မှူးတစ်ယောက်ရဲ့ အဓိက တာဝန်က ဂိုးတွေတဒိုင်းဒိုင်း သွင်းဖို့ပဲမဟုတ်လား။ အသင်းတစ်သင်းမှာ ဂိုးသွင်းစွမ်းရည်ကောင်းတဲ့ ကစားသမားတစ်ဦး ပိုင်ဆိုင်ထားရင် အောင်မြင်မှုတွေ ရယူဖို့ မျှော်လင့်ချက်ရှိနေပြီး တကယ်လို့ သူနဲ့ အကောင်းဆုံးတွဲဖက်ကစားမယ့်သူ နောက်ထပ်တစ်ဦးသာ ရှိနေရင်တော့ အတိုင်းထက်အလွန်၊ တံခွန်နဲ့ကုက္ကားလို့ပဲ ပြောရမယ်။ တိုက်စစ်မှာ နားလည်မှုရှိရှိ တွဲဖက်ကစားနိုင်ဖို့ဆိုတာကလည်း သိပ်တော့ မလွယ်ဘူး။ တစ်ယောက်ရဲ့ အထာကို တစ်ယောက်က ကောင်းကောင်းနားလည်မှ ဖြစ်နိုင်မှာပါ။ ဘောလုံးသမိုင်းတစ်လျှောက်မှာ တိုက်စစ်အတွဲတွေ အများကြီးရှိပေမယ့် အတွဲအဖက်မိမိ ကစားနိုင်သလို အောင်မြင်မှု ရယူနိုင်ခဲ့တဲ့ တိုက်စစ်အတွဲတွေက သိပ်အများကြီး မရှိပါဘူး။ ဒါကြောင့် အတွဲအဖက်အညီဆုံး တိုက်စစ်အတွဲများအကြောင်းကို ပရိသတ်တွေ သိရှိနိုင်အောင် အပိုင်း(၁)အနေနဲ့ ဖော်ပြလိုက်ပါတယ် . .

၁၀ . ရိုမာရီယို Romario နဲ့ စတွိုက်ကော့ဗ် Stoichkov (ဘာစီလိုနာ)

Romario-and-Hristo-Stoichkov

Romario-and-Hristo-Stoichkov

ဘာစီလိုနာအသင်းမှာ ဇာဗီ Xavi- မက်ဆီ Messi- အင်နီယေစတာ Iniesta ၊ မက်ဆီ Messi- ဆွာရက်ဇ် Suarez-နေမာ Neymar စတဲ့ တိုက်စစ်အတွဲအဖက်ကောင်းတွေ ပိုင်ဆိုင်ခဲ့တယ်။ ဒါပေမဲ့ တစ်ချိန်တုန်းက ပြိုင်ဘက်တွေအတွက် နတ်ဆိုး(၂)ပါးဖြစ်ခဲ့တဲ့ ရိုမာရီယိုနဲ့ စတွိုက်ကော့ဗ်တို့ကိုလည်း မေ့မထားသင့်ဘူး။ သူတို့နှစ်ဦးဟာ ဘာစီလိုနာအသင်းမှာ ၁၉၉၃ ကနေ ၁၉၉၅ ခုနှစ်အထိ (၂)နှစ်သာ ကစားခဲ့ရပေမယ့် သူတို့ရဲ့ ခြေစွမ်းနဲ့ စွမ်းဆောင်ရည်အရ အသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးတိုက်စစ်အတွဲစာရင်းထဲမှာ မပါမဖြစ်ထည့်သွင်းရမှာပါပဲ။ ၁၉၉၃-၉၄ ရာသီမှာ စတွိုက်ကော့ဗ်က (၂၄)ဂိုး၊ ရိုမာရီယိုက (၃၂)ဂိုး သွင်းယူခဲ့ပြီး ဘာစီလိုနာအသင်းကို စပိန်စူပါဖလား၊ လာလီဂါချန်ပီယံဆုတွေ ရယူပေးခဲ့တယ်။

၉ . မန်စီနီ Mancini နဲ့ ဗီယာလီ Vialli (ဆမ်ဒိုးရီးယား)

Mancini-and-Gianluca-Vialli

Mancini-and-Gianluca-Vialli

ပရီးမီးယားလိဂ်မှာ ကစားသမားအဖြစ်ရော၊ နည်းပြဘ၀နဲ့ပါ ကျင်လည်ခဲ့ဖူးသူတွေ ဖြစ်ပါတယ်။ မန်စီနီနဲ့ ဗီယာလီဟာ ဆမ်ဒိုးရီးယားအသင်းမှာ ၁၉၈၄ ကနေ ၁၉၉၂ ကနေ တွဲဖက်ကစားခဲ့ပြီး အဲဒီအချိန်တုန်းက ဆမ်ဒိုးရီးယားအသင်း ရရှိခဲ့တဲ့ အောင်မြင်မှုတွေမှာ မန်စီနီ-ဗီယာလီအတွဲရဲ့ စွမ်းဆောင်မှုက အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တယ်။ မန်စီနီနဲ့ ဗီယာလီတို့ဟာ ဆမ်ဒိုးရီးယာအသင်းအတွက် နှစ်ဦးပေါင်း (၅၅၄)ပွဲကစား၊ (၂၃၁)ဂိုးသွင်းခဲ့ပြီး စီးရီးအေ(၁ကြိမ်)၊ ကိုပါအီတာလီယာ (၃ကြိမ်)၊ အီတလီစူပါဖလား (၁ကြိမ်)၊ UEFA Cup Winners’ Cup (၁ကြိမ်) ရယူနိုင်ခဲ့ကြတယ်။

၈ . ဘူထရာဂွယ်နို Butragueno နဲ့ ဟူဂိုဆန်းချက်ဇ် Hugo Sanchez (ရီးယဲလ်)

Butragueno-and-Hugo-Sanchez

Butragueno-and-Hugo-Sanchez

ဒီနှစ်ယောက်က နည်းနည်းတော့ ထူးဆန်းပါတယ်။ ကွင်းပြင်ပမှာ သိပ်အစေး မကပ်ပေမယ့် ဘောလုံးကွင်းထဲရောက်ပြီဆိုရင် ညီအစ်ကိုတွေအလား ထင်မှတ်ရလောက်အောင် နားလည်မှုရှိရှိ ကစားနိုင်သူတွေပါပဲ။ ဘူထရာဂွယ်နိုနဲ့ ဟူဂိုဆန်းချက်ဇ်တို့ဟာ ရီးယဲလ်အသင်းမှာ ၁၉၈၅ ကနေ ၁၉၉၂ ခုနှစ်အထိ တွဲဖက်ကစားခဲ့ပြီး နှစ်ဦးပေါင်း (၃၃၁)ဂိုးအထိ သွင်းယူခဲ့တယ်။ သူတို့နှစ်ဦးက ရီးယဲလ်အသင်းအတွက် လာလီဂါချန်ပီယံ (၅)ကြိမ်ဆက် ရယူပေးခဲ့ပေမယ့် ဥရောပမှာတော့ အောင်မြင်မှု သိပ်မရခဲ့ဘဲ ဥရောပစူပါဖလား (၂)ကြိမ်သာ ရယူနိုင်ခဲ့ပါတယ်။

၇. ဒယ်လ်ပီယာရို Del Piero နဲ့ ထရက်ဇီဂေး Trezeguet

Del-Piero-and-David-Trezeguet

Del-Piero-and-David-Trezeguet

Old Lady တို့ရဲ့ သမိုင်းမှာ ဘယ်တော့မှ ဖျောက်ဖျက်လို့ မရတဲ့ ဂန္ထ၀င်တိုက်စစ်အတွဲပါ။ ဒယ်လ်ပီယာရိုက ဂိုးသွင်းစွမ်းရည်သာမက Creativity Skill ပါ ကောင်းမွန်တဲ့သူ၊ ထရက်ဇီဂေးက Finishing ကောင်းတဲ့ တိုက်စစ်မှူးဆိုတော့ သူတို့နှစ်ဦးကို တွဲဖက်ထားတဲ့ ဂျူဗင်တပ်စ်တိုက်စစ်ဟာ အဲဒီအချိန်တုန်းက ဘယ်ပြိုင်ဘက်မျိုးကိုမဆို ဖြိုခွင်းဖို့ အသင့်ရှိနေခဲ့တယ်။ သူတို့နှစ်ဦးဟာ ဂျူဗင်တပ်စ်အသင်းမှာ ၂၀၀၀ ကနေ ၂၀၁၀ ခုနှစ်အထိကစားခဲ့ပြီး နှစ်ဦးပေါင်း (၃၁၈)ပွဲကစား၊ (၁၇၁)ဂိုးအထိ သွင်းယူခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာ လုပ်ပွဲအရှုပ်အထွေးကြောင့် ဂျူဗင်တပ်စ်အသင်း တန်းဆင်းခဲ့ရတာတောင် ဒီကစားသမားနှစ်ဦးက အသင်းကို မစွန့်ခွဲဘဲ သစ္စာရှိရှိ ဆက်ကစားခဲ့သူတွေပါပဲ။

၆ . တိုရှက် Toshack နဲ့ ကီဗင်ကီးဂန်း Kevin Keegan (လီဗာပူးလ်)

Toshack-and-Kevin-Keegan

Toshack-and-Kevin-Keegan

၁၉၇၀ ၀န်းကျင်ကာလတွေတုန်းက လီဗာပူးလ်အသင်းဆိုတာ ပြည်တွင်းမှာမက ဥရောပမှာပါ အောင်မြင်မှု အလံစိုက်ထူခဲ့တဲ့ အသင်းဖြစ်ပါတယ်။ အဲဒီလို အောင်မြင်ရခြင်းရဲ့ အဓိက အကြောင်းရဲ့ကတော့ တိုရှက်နဲ့ ကီဗင်ကီးဂန်းတို့ရဲ့ တိုက်စစ်အတွဲကြောင့်လို့ပဲ သတ်မှတ်ရမှာပါ။ Batman and Robin လို့ အမည်ပြောင် သတ်မှတ်ခံခဲ့ရတဲ့ ဒီတိုက်စစ်အတွဲက ပြိုင်ဘက်ခံစစ်ကစားသမားတွေအတွက် အိပ်မက်ဆိုးတွေ ဖန်တီးပေးခဲ့သူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ဦးက လီဗာပူးလ်အသင်းမှာ ၁၉၇၁ ကနေ ၁၉၇၇ ခုနှစ်အထိ ကစားခဲ့ပြီး (၅၂၂)ပွဲကစား၊ (၁၈၉)ဂိုး သွင်းယူခဲ့သလို ဥရောပဖလား (ချန်ပီယံလိဂ်) အပါအ၀င် ဆုဖလား အများကြီး ရယူခဲ့ကြတယ်။

၅ . အန်ဒီကိုးလ် Andy Cole နဲ ဒွိုက်ယော့ခ် Dwight Yorke (မန်ယူ)

Andy-Cole-and-Dwight-Yorke

Andy-Cole-and-Dwight-Yorke

မန်ယူပရိသတ်တွေရဲ့ ရင်ထဲမှာ ဒီနှစ်ဦးကို ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ မန်ယူအသင်းရဲ့ ရွှေခေတ်မှာ တိုက်စစ်ကို အကောင်းဆုံး ဦးဆောင်ခဲ့သူတွေဖြစ်ပြီး သူတို့နှစ်ဦးရဲ့ ကစားပုံတွေက အခုအချိန်အထိ မန်ယူပရိသတ်တွေ ပါးစပ်ဖျားမှာ ပြောစမှတ်ဖြစ်နေဆဲပါပဲ။ အန်ဒီကိုးလ်နဲ့ ဒွိုက်ယော့ခ်တို့ဟာ မန်ယူအသင်းအတွက် နှစ်ဦးပေါင်း (၂၈၅)ပွဲကစား၊ (၁၂၉)ဂိုး သွင်းယူခဲ့ပြီး ၁၉၉၈-၉၉ ရာသီမှာ မန်ယူသမိုင်းစတစ်လျှောက် ပထမဆုံးအကြိမ် ဖလား(၃)လုံးရရှိခဲ့တုန်းက အဓိက ကစားသမားတွေအဖြစ် ပါဝင်ခဲ့ကြတယ်။

အတွဲအဖက်အညီဆုံး တိုက်စစ်အတွဲများအကြောင်းကို အပိုင်း(၁)အနေနဲ့ အဆင့်(၁၀)ကနေ အဆင့်(၅)အထိ ဖော်ပြခဲ့တာဖြစ်ပါတယ်။ ကျန်တဲ့ တိုက်စစ်အတွဲ (၅)ဦးကို ဆက်လက်ဖော်ပြမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုကြပါဦး . .ပရိသတ်တို့ရေ . .

REF:.sportskeeda
Photo:BBC,coolasleicester,These Football Times
Naing Linn(Akhayar)
www.akhayar.com