ကျွန်တော်တို့ အားလုံးကြုံဖူးတဲ့အရာက email တစ်ခုဖတ်ရင်း ရုတ်တရက် “ဟာ.. ဟိုဘက်က လူက ရန်လိုလှချည်လား” လို့ တွေးမိတဲ့ အခိုက်အတန့်မျိုးပါ။

Group email တစ်ခုထဲမှာ ဖြစ်ဖြစ်၊ အရေးကြီးတဲ့ email တစ်စောင်ကို ပြန်ပြန် ဒီလိုမျိုး ရန်လိုတဲ့ အရေးအသားတွေဟာ ဘယ်သူ့အတွက်မှ မကောင်းဘဲ Office Drama လို့ ခေါ်တဲ့ ရုံးတွင်း မလိုလားအပ်တဲ့ အထင်အမြင်လွဲမှားမှုတွေ ဖြစ်စေတာပဲ အဖတ်တင်ပါတယ်။

တစ်ခါတလေလည်း ကိုယ်ကိုယ်တိုင်က စိတ်ရှုပ်နေတာကို မသိဘဲ ကိုယ့်ပို့တဲ့ Email မှာ ကိုယ်သတိမထားမိတဲ့ ရန်လိုတဲ့ အရေးအသားမျိုး ပါသွားတာ ဖြစ်တတ်ပါတယ်။ အောက်က အချက်လေးတွေကတော့ ဘယ်လိုမျိုး ရေးသားရင် Email ဖတ်ရတဲ့ တခြားလူက ကိုယ့်ကို ရန်ထောင်နေတယ်၊ ရန်လိုနေတယ် ထင်သွားနိုင်တာလေးတွေ မျှဝေပေးလိုက်ပါတယ်။

 

၁။ Reply to all နဲ့ပဲ Email တောက်လျှောက်ပြန်နေခြင်း

Email ရဲ့ CC နေရာမှာ လူဆယ်ယောက်လောက်ခံထားပြီဆိုရင် Reply to all နဲ့ပဲ Email တောက်လျှောက်ပြန်ခြင်းဟာ စိတ်အနှောက်အယှက်ဖြစ်စေရုံသာမက ခင်ဗျား ရန်လိုနေတယ်၊ တစ်ခုခုပြောချင်နေတယ်လို့ပါ ထင်သွားစရာရှိပါတယ်။ လိုအပ်လို့ CC ခံတာကို မပြောဘူးနော်။ အဲ.. မလိုအပ်တဲ့ သူတွေ၊ ဥပမာ တခြား Team က လူတွေကို CC ထည့်ထားတဲ့ အခါဆိုရင် ကိုယ့် Team က အောင်မြင်မှုအကြောင်း ကိုယ်က ရိုးရိုးပြောနေပေမယ့် သူတို့ စိတ်ထဲ သူတို့ကို ကြွားနေသလို ခံစားရတာမျိုးပေါ့။

 

၂။ အနှောက်အယှက်ပေးဖို့ မရည်ရွယ်ပါဘူး၊ ဒါပေမယ့်.. နဲ့ စတဲ့ email တွေ

ဒီလိုမျိုး Email ထဲမှာ ထည့်ရေးလိုက်ပြီဆိုတာနဲ့ Email လက်ခံတဲ့ သူကို နှောက်ယှက်ဖို့ သေချာသွားပြီဆိုတာပါပဲ 😀 ။ ဒီ ရှေးရိုးစွဲ စကားကြီးဟာ တစ်ဘက်လူကို တကယ်ကို ခြောက်လှန့်စေနိုင်ပါတယ်။ တကယ်လို့ ကိုယ့်လုပ်ဖော်ကိုင်ဘက်ကိုသာ ဒါမျိုး စကားခံပြီး ပို့မယ်ဆိုရင်တော့ မပို့တာ ပိုကောင်းပါတယ်။ အရင်အတိုင်း ကိုယ်လိုချင်တဲ့ အရာ ၊ လုပ်ချင်တဲ့ ကိစ္စကိုသာ ရိုးရိုးရှင်းရှင်းရေးလိုက်တာ အကောင်းဆုံးပါပဲ။

 

၃။ Boss ကို မလိုအပ်ဘဲ CC ခံခြင်း

မလိုအပ်တဲ့ Email တွေမှာ Boss ကို CC နေရာမှာ ထည့်ထားခြင်း ခြောက်တန်းကလေးတစ်ယောက်က ဆရာမကို လိုက်တိုင်နေပုံမျိုးနဲ့ တူပါတယ်။ အပြန်အလှယ် email ရေးနေတုန်းမှာ boss ပါနေတဲ့အတွက် ပွင့်လင်းမြင်သာမှုရှိခြင်းဆိုပေမယ့်လည်း တစ်ဖက်လူအမြင်မှာတော့ ဝိတ်နဲ့ ဖိတယ်လို့ ထင်တတ်ကြပါတယ်။

 

You May Also Like : “Email ပို့တဲ့အခါ အဖြစ်အများဆုံး အမှား ၅ ခု ကို ပြင်ကြစို့

 

၎။ တကယ် Urgent  မဟုတ်ဘဲ Email တွေမှာ “Urgent” လို့ ခေါင်းစဉ်တပ်ခြင်း

တကယ် အပူတပြင်း အရေးတကြီး မဟုတ်ဘဲနဲ့ Urgent လို့ ခေါင်းစဉ်တပ်တာဟာ ရုပ်ရှင်ရုံထဲမှာ ရုပ်ရှင်ကြည့်နေတုန်း မီးဗျို့ မီးလို့ စနောက်ပြီး အော်လိုက်သလိုမျိုးပါပဲ။ တကယ် အရေးတကြီး မဟုတ်တဲ့ ကိစ္စမျိုးကို Subject မှာ Urgent လို့ ထည့်ရေးပြီး Email ပို့တာဟာ လူတစ်ဖက်သားကို စိတ်ဖိစီးမှုပိုစေသလို နောက်တစ်ခါ တကယ် Urgent ဖြစ်လို့ Mail ပို့ရင်တောင် မယုံတော့ဘဲ ဒီလူက အမြဲ ဒီလို ပို့နေကြပါကွာ၊ အာပလာကြီးပါလို့ ထင်သွားစေနိုင်ပါတယ်။

 

၅။ စကားလုံးအားလုံးကို Capital Letter နဲ့ရေးခြင်း

မျက်စိထဲ မြင်ယောင်ကြည့်ပါဗျာ။ အားလုံးကို Capital Letter နဲ့ ရေးလိုက်ရင် အဲဒီစာကို လက်ခံတဲ့ သူက သူ့ကို လာအော်နေတယ်လို့ ခံစားရပါလိမ့်မယ်။ ဒါဟာ Email ပို့ရင် လိုက်နာရမယ့် စည်းကမ်းတစ်ခုပါပဲ၊ စာကြောင်းရဲ့ ပထမဆုံးစကားစုရဲ့ ပထမဆုံးစကားလုံးကိုသာ Capital Letter သုံးဖို့ လိုပါတယ်။ နောက်ထပ် ထပ်သတိထားရမှာကတော့ Exclamation Point တွေနဲ့ Emoji တွေကို လုပ်ငန်းသဘောအရ ရေးတဲ့ စာတွေမှာ မသုံးမိစေဖို့ပါပဲ၊ ဒီလိုသုံးတာဟာ ပရော်ဖက်ရှင်နယ်မပီသရာကျပါတယ်ခင်ဗျာ။

 

ရုံးမှာ ကိုယ်မသိလိုက်မသိဘာသာပို့မိတဲ့ email အမှားတွေက တစ်ဆင့် သူများတွေက ကိုယ့်ကို ရန်လိုနေတယ်၊ စွာနေတယ် မထင်ရလေအောင် ဒါလေးတွေ ဖတ်ပြီး ပြင်ကြည့်လို့ ရတာပေါ့။

 

ရိုးလူ (အခရာ)

www.akhayar.com